Home
မြန်မာသတင်း
ခါမ်းပါတ်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီး နေအိမ်များ မီးရှို့၊ ခင်ဦး ဒေသခံ ထောင်ချီ ထွက်ပြေးနေရ
DVB
·
July 26, 2023

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ခွဲ ခါမ်းပတ်မြို့တွင်း တိုက်ပွဲကို စစ်ကောင်စီက လေကြောင်းပစ်ကူတွေ ပြုလုပ်နေပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့ ရှေ့တန်းရောက် ရဲဘော်တွေက ပြောပါတယ်။

ဇူလိုင် ၂၅ ရက် မနေ့က ညနေ ၅ နာရီကျော်မှာ စစ်ကောင်စီဘက်က Mi35 တိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ပြီး မြေပြင်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက နေအိမ်တွေကို မီးရှို့နေတာလို့ ဆိုပါတယ်။

ရဲဘော် ကိုခန့်လင်းက “နှစ်ဖက်ထိခိုက်မှု‌တွေတော့ ရှိနေတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့ အနေအထားပဲဗျ။ သူတို့ဘက် အကျအဆုံး များနေတယ်။ မနေ့က ညနေပိုင်းမှာ လေကြောင်းပစ်ကူတယ်။ မြို့ပေါ်က နေအိမ်တွေကို မီးရှို့နေတယ်။ လက်နက်ကြီးပစ်လို့ နေအိမ်ပျက်စီးတာလည်း ရှိသလို ဒေသခံ သေဆုံးတာလည်း ရှိနေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

လက်ရှိမှာ ခါမ်းပတ်စစ်စခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ကာနန်ရွာနဲ့ ခါမ်းပါတ်ဘက်ကနေ ပိတ်ဆို့ထားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပြီး စစ်ကောင်စီက ခါမ်းပါတ်မြို့ကနေ အိမ်ဘယ်လောက်ဝန်းကျင် မီးရှို့နေလဲဆိုတာကို အတိအကျ မသိရသေးပါဘူး။

ဇူလိုင် ၂၂ ရက် ညအစောပိုင်းက ခါမ်းပါတ်စစ်စခန်းနဲ့ ရဲစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ခိုက်ခဲ့ပြီး တိုက်ပွဲတွင်းက လက်နက်ကြီးကြောင့် ခါမ်းပါတ်မြို့ခံ အမျိုးသားတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။

အဲဒီတိုက်ပွဲကြောင့် ချင်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ခါမ်းပတ်မြို့ အပါအဝင် မြို့ရဲ့မြောက်ဘက် ကာနန်ရွာက ပြည်သူ တသောင်းခွဲကျော်ဟာလည်း ဘေးလွတ်ရာဒေသတွေ တိမ်းရှောင်နေကြရပြီး နေထိုင်စားသောက်ရေး အကူအညီတွေ လိုအပ်နေပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ကိုးပင်တပ်နဲ့ ဖိုလ်ကုန်း ပျူရွာကနေ ဇူလိုင် ၂၆ ရက် မနက်ပိုင်းက ထွက်ခွာလာတဲ့ အင်အား ၁၀၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ သံဘိုရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် သံဘို၊ ရေအေးကုန်း၊ ကျီးကန် စတဲ့ကျေးရွာတွေက ပြည်သူ ၃,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အလားတူ ခင်ဦးမြောက်ဘက်ခြမ်းရှိ မဒေါင်းလှပျူရွာမှ အင်အား ၂၅ ယောက်ပါ စစ်ကြောင်းဟာ ပေါက်တောကျေးရွာကို မနက်မိုးလင်းလင်းချင်း ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ပေါက်တော၊ အင်ကြင်းပင်၊ စောကြီး စတဲ့ကျေးရွာတွေက ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးနေရပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပေါက်တောကျေးရွာသားတဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်း မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်သောင်းချီ ထွက်ပြေးနေရသလို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ၁၀ ရက်အတွင်း ၆ နှစ်အရွယ် ကလေးငယ် အပါအဝင် ဒေသခံ ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024