Home
မြန်မာသတင်း
စစ်ကောင်စီတပ်စခန်းအပြင်ဘက်မထွက်ရဲဘဲ ကျီးလန့်စာစား နေထိုင်နေရတယ်- မြောင် EAGLE တပ်ဖွဲ့နှင့် မေးမြန်းချက်
DVB
·
February 18, 2023

စစ်တပ်အာဏာသိမ်းပြီးနောက် ခုခံတွန်းလှန်စစ်ဆင်နွှဲဖို့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်လာပြီး စစ်အာဏာရှင်ဖြုတ်ချရေး နည်းပေါင်းစုံနဲ့ တော်လှန်ခဲ့တာဟာ အခုဆို တော်လှန်ရေးကာလ ၂ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက အခြေအနေတွေနဲ့ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Myaung Eagle People  Defence Force အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုတိုးကြီးကို ဒီဗွီဘီက မေးမြန်းထားပါတယ်။

မေး-သတင်းတွေအရ စစ်ကိုင်းတိုင်းဟာ တော်လှန်ရေးအဖွဲတော်တော်များများ စိုးမိုးနေပြီလို့ ဆိုကြတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီကလည်း မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာ ထားတယ်။ ဆိုတော့ လက်ရှိအခြေအနေမှာ  မြောင်မြို့နယ်က ရွာပေါင်း ၅၂  ရွာမှာ ရွာဘယ်လောက် စိုးမိုးနိုင်ပြီလဲ။

ဖြေ- “စစ်ကိုင်းတိုင်းမှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေနဲ့ အတော်လေးအဆက်သွယ်များများ ရှိပါတယ်။ စိုးမိုးထားနိုင်တဲ့နယ်မြေတွေလည်းများပါတယ်။ မြောင်မြို့နယ်ကတော့ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတယ်။ ကျေးရွာတွေကို ဘယ်လောက်အထိ စိုးမိုးထားနိုင်ပြီလဲ ဆိုတော့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ရော၊ NUG အနေနဲ့ရော ရွာပေါင်း ၅၂ ရွာ ရှိတဲ့ အထဲက ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ၉၀ ရာခိုင်နှုန်းအထိ လွှမ်းမိုးထားနိုင်ပါတယ်။ ကျေးရွာအနေနဲ့ပြောမယ်ဆိုရင် စကစက ကျေးရွာ ၃ ရွာကို အထိုင်ချထားတာရှိပါတယ်။ အဲဒီ ၃ ရွာကိုလည်း သူတို့က အုပ်ချုပ်ရေးအပိုင်းမှာ လုံးဝစိုးမိုးထားနိုင်တယ်လို့ ပြောလို့ မရဘူး။ သူတို့ အထိုင်ချထားတဲ့စခန်းအတွင်းကနေ စခန်းအပြင်ဘက်မထွက်ရဲဘဲ ကျီးလန့်စာ စားနေရတဲ့ အဖြစ်မျိုးနဲ့ နေထိုင်နေရတယ်။ အဲဒါကြောင့် ကျေးရွာတွေကို NUG အစိုးရက လွှမ်းမိုး အုပ်ချုပ်ထားတယ်လို့ ပြောရမှာပါပဲ။”

မေး-တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်နဲ့ ဒေသကာကွယ်ရေးတွေဘက်က ကျဆုံးထိခိုက်မှု အခြေအနေ (အရေအတွက်) နှစ်ဖက်စလုံးမှာ ဘယ်လောက်ရှိပြီလဲ။

ဖြေ- “တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ နှစ်ဖက်စလုံးမှာတော့ အကျအဆုံးရှိကြတာပါပဲ။ စာရင်းပြုစုထားတာ ဆိုတာကတော့ တချို့ တဝက်တော့ရှိပါတယ်။ အလုံးစုံတော့ စာရင်းပြုစုထားတာတော့ မရှိဘူး။ စစ်ကောင်စီဘက်က သေဆုံးစာရင်းကတော့ အတော်များများစာရင်းထဲမှာရှိပါတယ်။ သို့ပေမဲ့ စစ်ကောင်စီဘက်က သေဆုံးသွားတဲ့ တပ်သားတွေကို စစ်ကြောင်းထိုးရင်း ကျေးရွာအတွင်းက အိမ်တွေနဲ့ ပေါင်းပြီး မီးရှို့သွားတာရှိသလို သူတို့ စခန်းစီကို သယ်သွားတာတွေလည်း ရှိပါတယ်။ ကျနော်တို့ ကာကွယ်ရေးအဖွဲ့အနေနဲ့လည်း အကျဆုံးတော့ ရှိပါတယ်။ အရေအတွက် စာရင်းပြုစုထားတာရှိပေမဲ့ ဒါကိုတော့ ပြောပြလို့ မရနိုင်ပါဘူး။”

မေး - အခုဆို ဒေသထဲမှာ တိုက်ပွဲကာလ  ၂ နှစ်လောက်ရှိလာပြီးဆိုတော့ မြောင်မြို့နယ်ထဲမှာရော ဒေသခံတွေရဲ့ လူမှုစီးပွားဘဝတွေ အခြေအနေက ဘာတွေပြောင်းလဲသွားပြီလဲ။  

ဖြေ- “လူမှုဘဝပြောင်းလဲမှုကတော့ မြေပြင်အခြေအနေကို မြင်နေ၊ ကြားနေရတာပဲ။ အဓိကတော့ မြောင်နယ်အတွင်း ကျန်းမာရေးတစ်ခုခုဖြစ်တယ်ဆိုရင် အရင်လို ကောင်းမွန်တဲ့ ဆေးဝါးနဲ့ ကုသခံယူဖို့ နည်းသွားရတာပေါ့။ အဲဒီတချက်ရယ် စီးပွားရေးအနေနဲ့ကတော့  ဒီနယ်မှာ စားရရင် ပြီးတာပဲ။ စားနိုင်ရင်ပြီးတာပဲဆိုတဲ့ အနေအထား တခုနဲ့ ရပ်တည်နေကြရတယ်။ စီးပွားရေးက  ကူးသန်းမှုနဲ့ လုပ်ကြရတာဆိုတော့ စစ်ကောင်စီက ဟောဒီနယ်မြေတွေကို ဖြတ် လေးဖြတ်နဲ့ လုပ်ဆောင်နေတယ်။ အဲဒီလို လုပ်ဆောင်လို့ ဒီတော်လှန်ရေးကာလမှာ ဆုတ်ယုတ်တဲ့ ပြောင်းလဲမှု လို့ပြောလို့ရပါမယ်ဗျ။”

မေး - စစ်ကောင်စီဟာ အကြမ်းဖက်သူတွေလို့ NUG တို့ CRPH တို့နဲ့ ပြည်သူတွေက နားလည် ထားတဲ့အချိန်မှာ ဒါကို တော်လှန်ဖို့ PDF ဆိုတဲ့ အင်အားစုတွေပေါ်လာတယ်။ တချိန်တည်းမှာပဲ  သတင်းပေးဒလန်တွေကို ရှင်းလင်းတာတွေလည်းရှိခဲ့တယ်။ တချို့ ဒေသတွေမှာ ဒလန်လို့ ဆိုပြီး သတ်ဖြတ်မိတဲ့ အခါမှာ နောက်မှ မှားယွင်းကြောင်း စိတ်မကောင်းဘူးဆိုတဲ့ စာထုတ်တာမျိုးတွေ တခြား တော်လှန်ရေးအဖွဲ့တွေမှာ တွေ့ရတယ်။ အဲဒီအပေါ်ကို ဘယ်လို ပြောချင်လဲ။  

ဖြေ- “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒလန်တွေကို ရှင်းတဲ့အခါမှာ အဖွဲ့အစည်းတွေအနေနဲ့  သတင်းတည်ဆောက်မှုကို အရင်လုပ်ကြရတာပေါ့။ တခုရှိတာက မှားယွင်းခံရတဲ့သူတွေက ရှင်းရှင်းပြောရရင် အုတ်ရောရော၊ ကျောက်ရောရောပေါ့။ သာပေါင်း ညာစားနေရာတွေ ဖြစ်ဖို့ များပါမယ်။ သတင်းရယူတဲ့အဖွဲ့တွေနဲ့လည်း အဲဒါကြောင့် မှားယွင်းသွားတာလို့ ထင်ပါတယ်။

အဖွဲ့အစည်းတွေအနေနဲ့လည်း သတင်းရယူတဲ့နေရာမှာ သတင်းတိတိကျကြကြရယူဖို့ လိုမယ်လို့ ထင်ပါတယ်။ ပြည်သူတွေကလည်း အုတ်ရောရော၊ ကျောက်ရောရော မနေဖို့ ပြတ်သားစွာ ရပ်တည်ဖို့ လိုပါမယ်။ အဲဒီလို ပြတ်ပြတ်သားသားမနေလို့ ပြည်သူကာကွယ်ရေးအဖွဲ့ဘက်က မှားယွင်းသတ်ဖြတ်မိတယ်ဆိုရင် ဘာရမလဲဆိုတော့ Sorry တစ်လုံးပဲ ပြန်ရမယ်။ သူတို့ ကိုယ်တိုင်က ပြည်သူ့ကာကွယ်‌ရေးအဖွဲ့တွေ  သတင်းတည်ဆောက်ချိန်မှာ  ပြတ်ပြတ်သားသားနေ ဖို့ လိုပါမယ်။”

မေး - နောက်ပြီ စစ်ကောင်စီတပ်တွေအတွက် ရည်ရွယ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ  အရပ်သား တွေ ထိခိုက်မိတာတွေနဲ့ ပတ်သက်လို့ရော  ဘယ်လို ပြောမလဲ။ 

ဖြေ - “နယ်မြေခံအဖွဲ့တွေနဲ့ မိုင်းနဲ့ ပတ်သက်လို အရပ်သားတွေကို အသိပညာပေးတာတွေ ပြုလုပ်ပေးပြီးသား။ အစဉ်တစိုက်ပြုလုပ်ပေးနေပါတယ်။ စစ်ကြောင်းထိုးလာပြီဆိုရင် အရပ်သားတွေအနေနဲ့ ဘယ်လို ရှောင်ရ၊ တိမ်းရမယ်ဆိုတာ နယ်မြေခံအနေနဲ့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ တချို့ညပိုင်းတွေမှာ စစ်ကြောင်းထိုးလာရင်လည်း ကာကွယ်ဖို့ရာဆိုပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြိုတင်မိုင်းထောင်တာတွေ ရှိပါတယ်။ အဲဒါကို ပြည်သူတွေ မသိဘဲ မှားယွင်းစွာသွားမိလို့ မိုင်းမိတာလည်း ဖြစ်နိုင်ပါတယ်။ ကာကွယ်ရေးအဖွဲ့အနေနဲ့လည်း မိုင်းကွင်း တွေကို ရပ်ရွာတွေအနေနဲ့ အထူးသတိပြုထောင်ကြဖို့နဲ့ ထောင်ပြီးရင်လည်း အရပ်သားတွေကို အသိပေးဖို့ လိုမယ်။” 

မေး-ပြီးခဲ့တဲ့ရက်က ဗိုလ်ချုပ်မွေးနေ့ကို အစဉ်အလာအနေနဲ့ မမေ့မလျော့လုပ်တာ ရှိပါတယ်။ ညောင်ကားယားမှာ တဖက်က နေ့စဉ် လက်နက်ကြီးပစ်တဲ့ အခြေအနေရှိနေတာကိုတောင် လုပ်ခဲ့တယ်။ တကယ်လို့များ အဲဒီလက်နက်ကြီး ပွဲလုပ်တဲ့အပေါ် ကျသွားရင် ဘယ်လိုမျိုးတွေ ဖြစ်လာနိုင်မလဲလို့ စိုးရိမ် ဝေဖန်ကြတာတွေ ရှိတဲ့အပေါ် ဘယ်လို တုံ့ပြန်ချင်ပါသလဲ။ 

ဖြေ- “ပွဲပေါ်ကျရင်တော့ လူတွေသေမှာပေါ့ဗျာ။ အလုပ်တခုလုပ်ပြီဆိုရင် ဝေဖန်မှုတွေကတော့ ရှိကြမှာပဲ။ တချို့ကလည်း ဒီလို ပွဲမျိုးလုပ်တာ ကောင်းတယ်။ တချို့ကလည်း မကောင်းဘူး။ နေစဉ်နဲ့အမျှ စစ်ကောင်စီက လက်နက်ကြီးပစ်တဲ့ဒဏ်တွေ ခံစားနေရတာ ဒီလိုပွဲမျိုးလုပ်တာ သေမယ်မှန်းသိတယ်။ အဲဒီလို သေမယ်မှန်းသိသိနဲ့ အခုလိုပွဲလုပ်တဲ့ ပြည်သူတွေရဲ့ သတ္တိကိုကြည့်ပြီး တချို့ဝေဖန်နေတဲ့သူတွေ မဝေဖန်နဲ့လို့ပဲ ပြောချင်တယ်။ ဒါပေမဲ့ ပြည်သူအများရဲ့ သဘောထားအရ ဒီပွဲကိုလုပ်ပြီး အောင်မြင်စွာပြီးဆုံးသွားပြီလို့ပဲ ပြောပါရစေ။”

မေး-စစ်အာဏာရှင်ကို ပြုတ်ကျအောင် ဘက်ပေါင်းစုံက လုပ်နေပေမဲ့ နေပြည်တော်မှာ စစ်ခေါင်းဆောင်တွေက လုပ်စရာရှိတာကို ပုံမှန်အတိုင်း လုပ်နေတာ တွေ့ရတယ်။ အောက်ခြေ စစ်သားတွေသေတာ၊ ဒလန်တွေ သေတာလောက်နဲ့ စစ်အာဏာရှင်တွေ ပြုတ်ကျနိုင်မလား။ ဒါကို ဘယ်လို မြင်လဲ။

ဖြေ- “နေပြည်တော်မှာ စစ်ခေါင်းဆောင်တွေက သူတို့ ပုံမှန်ထက်ကို ပိုလုပ်ဆောင်နေရတာ။ ဘာလို့ လုပ်နေရတာလဲဆိုတော့ ပြည်သူ့ကာကွယ်‌အဖွဲ့တွေက ခံစစ်ဆင်တယ်။ နောက်ပြီး ပြောက်ကျား စနစ်တိုက်တဲ့အခါမှာ သူ‌တို့အောက်ခြေ စစ်သားတွေ သေဆုံးတယ်။ အဲဒီလို သေဆုံးလိုလည်း ပုံမှန်ထက်အလုပ်ကို လုပ်ဆောင်နေရတယ်။ အောက်ခြေ စစ်သားတွေသေတာ၊ ဒလန်တွေ သေတာလောက်နဲ့ စစ်အာဏာရှင်တွေ ပြုတ်ကျနိုင်မလားဆိုရင် ပြုတ်ကျ နိုင်ပါတယ်။ ဘုရင်ဆိုတာလည်း အခြွေအရံရှိမှ ဘုရင်ဆိုတာ ဖြစ်တာ။ ဆရာဆိုတာလည်း တပည့်ရှိလို ဆရာဖြစ်တာ။ အာဏာရှင်ဆိုတာလည်း အောက်ခြေစစ်သားနဲ့ ဒလန်တွေရှိလို အာဏာရှင် ဖြစ်နေရတာ။ သူတို့ကျနော်တို့ စိုမိုးနယ်ထဲကို သွားမယ်ဆိုရင် ဒလန်တွေ၊သတင်းပေးတွေ ရှိနေလို့ သွားရဲလာရဲနေကြတယ်။ အဲဒီမှာ အောက်ခြေစစ်သားနဲ့ ဒလန် မရှိရင် အာဏာရှင်ပြုတ်ကျမှာ အသေချာပဲ။”

မေး-စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီစစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်တာ ထိတွေ့ ပစ်ခတ်တိုက်ခိုက်တာတွေရှိပေမဲ့  တိုင်းအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါင်းပြီး နမခလိုမျိုး အဲဒီအောက်မှာရှိတဲ့ ခလရ ၊ ခမရလိုမျိုးကို ဝင်ရောက် စီးနင်းတိုက်ခိုက်တာတွေ ဝင်စီးနိုင်တဲ့ အင်အားနဲ့ အခြေအနေ ရှိနေပြီလား။ 

ဖြေ - “နမခ၊ခမရလိုမျိုးတပ်တွေကို စီးနင်းတိုက်ခိုက်တာတွေ ဝင်စီးနိုင်တဲ့ အင်အားနဲ့ အခြေအနေ ရှိပါတယ်။ သို့ပေမဲ့  မြေပြင်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ၊ တော်လှန်ရေးတပ်ပေါင်းစုတွေ အားလုံးဟာ ကျနော်တို့ အစိုးရဖြစ်တဲ့ NUG အစိုးရရဲ့ COC အစီအစဉ်တိုင်း သွားနေကြပါတယ်။ ဒီ COC Plan အောက်က သွားနေကြတော့ NUG ရဲ့ ဘာညွှန်ကြားချက်မှ မရဘူးဆိုရင် ဘာမှ လုပ်ကိုင်လို့ မရပါဘူး။ ကျနော်တို့ အနေနဲ့ ဘယ်လောက်ပဲ အင်အားရှိရှိ၊ လက်နက်ပြည့်စုံနေပါစေ NUGနဲ့ MODတို့ရဲ့ Change  Of command  မရရင် ဘာမှလုပ်လို့မရဘူးလိုပဲ ဖြေပါရစေ။”

မေး-တော်လှန်ရေးစတဲ့အချိန်နဲ့ အခု ၂ နှစ်ကြာမှာ လူထုဆီက အကူငွေ ထောက်ပံ့မှုတွေရတဲ့ အခြေအနေ  ဘယ်လို ကွာခြားသွားပြီလဲ။ 

ဖြေ- “အဲဒါကတော့ အတော်လေးကို ကွာခြားပါတယ်။ တော်လှန်ရေး မစခင်က ပြည်သူတွေ စုဆောင်းထားတဲ့ အရာတွေ ရှိတော့  အများကြီး လှူဒါန်းနိုင်ကြတယ်။ အခုတော်လှန်ရေး အချိန်ကြာမြင့်လာတာ‌ တကြောင်းရယ်၊ စစ်ကောင်စီရဲ့ ပြည်သူအိမ်တွေ မီးရှို့ ဖျက်ဆီးတာကြောင့် ပြည်သူတွေအခက်အခဲတွေ များလာလို့ လှူဒါန်းတာတွေ အခုနောက်ပိုင်းအတော်လေး နည်းလာတယ်။”

မေး - NUG နဲ့ စစ်ကောင်စီ အားသာချက် အားနည်းချက် ဘာတွေကွဲလဲ မြင်သလောက်ပြောကြည့် ပါလား။

ဖြေ- “ကွာတာပေါ့။ NUG အစိုးဆိုတာ ပြည်သူရင်က ပေါက်ဖွားလာတဲ့ အစိုးရလေ။ NUG အစိုးရဆိုပြီး စာတန်းလေးချိတ်ပြီးတက်လာတဲ့ အစိုးရ မဟုတ်ဘူး။ ပြည်သူရဲ့ထောက်ခံမှု၊ ပြည်သူရဲ့ ပံ့ပိုးထောက်ပံ့တာတွေနဲ့ ဖြစ်တည်လာတဲ့ အစိုရးပါ။ စကစကဆိုတာ လူ တစု ကောင်းစားဖို့ အများပြည်သူစတေးခံ‌နေရတယ်လို့ပဲ ပြောချင်တယ်။”

မေး- အခုမေးခွန်းက နောက်ဆုံးပါပဲ။ ကျနော်တို့ မြန်မာပြည်သူလူထုတွေ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဆန္ဒတွေ ဘယ်တော့ ပြည့်ဝမယ်ထင်ပါသလဲ။ 

ဖြေ- “ကျနော်တို့ တော်လှန်ရေး ဘယ်နေ့ ပြည်ဝမယ်လို့ ဆိုတာကတော့ NUG အစိုးရကလည်း ၂၀၂၃ ဟာ တော်လှန်ရေးရဲ့ အဆုံးဖြတ်နှစ်လို့လည်း ပြောထားတယ်ဆိုတော့ ကျနော်အနေနဲ့ ထပ်ပြီး မပြောတော့ပါဘူးလို့ ပြောချင်ပါတယ်။”

မေး- အခုလိုဖြေပေးတာ ကျေးဇူးပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024