Home
မေးမြန်းခန်း
“ကျမသားတွေလောက် အဖြစ်ဆိုးမျိုးကြီး တွေ့ရလိမ့်မယ်လို့ မတွေးထားဘူး” မီးရှို့သတ်ဖြတ်ခံရသည့် YDF ရဲဘော် ကိုသားထောင်၏ မိခင်ပြော
DVB
·
February 26, 2024

စစ်ဝတ်စုံနဲ့ လက်နက်ကိုင်တွေက အရပ်ဝတ်နဲ့ လူငယ်နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ပြီး အများပြည်သူမြင်ကွင်းမှာ အရှင်လတ်လတ် မီးရှို့သတ်လိုက်တဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က အွန်လိုင်းလူမှုကွန်ရက်မှာ ပေါ်ထွက်ခဲ့ပါတယ်။

မီးရှို့သတ်ဖြတ်ခံရတဲ့ လူငယ် နှစ်ယောက်ဟာ အသက် ၂၀ ကျော်အရွယ် ကိုဖိုးတေနဲ့ ကိုသားထောင်တို့ ဖြစ်ကြပြီး မကွေးတိုင်း ဂန့်ဂေါခရိုင် ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

ကိုသားထောင်ကတော့ မွေးချင်း သား ၆ ယောက်ထဲမှာ တတိယမြောက်သားဖြစ်ပြီး စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ၇ တန်းနဲ့ ကျောင်းထွက်ကာ မိသားစုကို အလုပ်လုပ်ကိုင် စောင့်ရှောက်နေတာလို့ မိခင်ဖြစ်သူ ဒေါ်မီးမီးက  ပြန်ပြောပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ  စစ်အာဏာရှင်တော်လှန်ရေး ဆန္ဒပြပွဲတွေမှာ ကိုသားထောင် ပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ မတရားမှုတွေကို ဆန့်ကျင်တော်လှန်ဖို့အတွက် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အဖြစ် စစ်အာဏာရှင် တော်လှန်နေခဲ့တာလို့ ဆိုပါတယ်။

၂၀၂၃ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ဂန့်ဂေါမြို့မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ကလေး-ဂန့်ဂေါလမ်းဘေးရှိ မြောက်ခင်ရန်းရွာကို မကွေးနဲ့ ချင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် အဖွဲ့ ၆ ဖွဲ့က စစ်ကြောင်း ၃ ခုခွဲကာ နေရာခွဲပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲအတွင်း တိုက်ပွဲအတွင်း ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ YDF ရဲဘော်နှစ်ဦးကတော့ မြောက်ခင်ရန်းရွာရဲ့ ဆေးရုံရှေ့က ကုက္ကိုလ်ပင်အောက်မှာ မီးရှို့ သတ်ဖြတ်ခံခဲ့ရပါတယ်။

မီးရှို့သတ်ဖြတ်ခံခဲ့ရသူတဦးဖြစ်တဲ့ ကိုသားထောင်ရဲ့  မိခင်က ဒေါ်မီးမီးက သူ့ သားဖြစ်သူရဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီကို ပြောပြထားပါတယ်။

(အပြည့်အစုံ)

“ကျမ သားသမီး ၆ ယောက်ရှိပါတယ်။ အခု ကျဆုံးသွားတာက တတိယမြောက်သား ဖြစ်ပါတယ်။ အကြီးနှစ်ယောက်က အိမ်ထောင်တွေကျသွားပြီ။ ကျန်တဲ့ အမြွှာလေးတွေ ရှိသေးတယ်။ သားလေးကတော့ အဖွဲ့ထဲ ဝင်သွားတာ။ အတန်းပညာတော့ မတက်ခဲ့ရဘူး။ မိဘလည်း အဆင်မပြေတော့ အတန်းပညာက ခြောက်တန်း၊ ၇ တန်းလောက်ပဲ နေခဲ့ရတယ်။ ၇ တန်းနဲ့ ကျောင်းထွက်ပြီး သူ အလုပ်လုပ်တယ်။ ခရီးသွား အလုပ်လုပ်လို့ရတဲ့ ပိုက်ဆံလေးတွေ သူ မိဘကို ထောက်ပံ့တယ်ရှင့်။”

“သူက ခရီးကနေ ပြန်လာတော့ တော်လှန်ရေးတွေ စတဲ့အခါ ဆန္ဒပြတွေရှိတော့ သူက လမ်းကနေ မေမေတဲ့၊ ဆန္ဒတွေပြတယ်၊ ဘာလုပ်တာလဲ မသိတဲ့၊ လမ်းတွေလည်း ပိတ်တယ်။ အေး ဆန္ဒပြတာ အာဏာသိမ်းတာလို့ဆိုတော့ သူ့စိတ်ထဲမှာ အစက ဘယ်လိုမှ မသိဘူး။ ကျမတို့က ပြောပြတယ်။ ပြည်သူတယောက်အနေနဲ့ ဒီလိုမျိုးတွေ လုပ်ပေးဖို့ ရှိတယ်။ ကျမတို့က နမူနာပြောပြတယ်။ ဆန္ဒပြတာ ကြောက်စရာကြီးပါ၊ လူတွေကလည်း အများကြီး မေမေလို့ ပြောတယ်။ ကြောက်စရာမလိုဘူး၊ လူထုထဲရောက်ရင် ဆန္ဒပြတယ်ဆိုတာ စိတ်က နိုးကြွလာပြီးသားလို့ ကျမအမျိုးသားနဲ့ ကျမက သားကို ပြောပြတယ်။ နောက်နေ့ကျတော့ သူရော ကျမတို့တအိမ်လုံး ဆန္ဒပြလိုက်တယ်။ လိုက်တော့ မျက်ရည်ယိုဗုံးထုတယ်။ နောက်တကြိမ် သူ့အရှေ့မှာ တယောက် ပစ်သတ်ခံရတယ်။ အဲဒီမှာ သူက ခံစားချက်တွေ ပြည့်ဝသွားပြီ။ အဲဒီအချိန်မှာ အဖွဲ့အစည်းတွေ စတဲ့အခါကျတော့ သူက ကျမဆီမှာ ခွင့်တောင်းတယ်။ နှစ်ကြိမ်တောင်းတယ်။ စောင့်ခိုင်းသေးတယ်။ မပြေလည်သေးဘူး သားရယ်၊ မဝင်ပါနဲ့ဦး တော်လှန်ရေးဆိုတာ တနှစ်လည်း မပြီး၊ နှစ်နှစ်လည်း မပြီးဘူး။ ကျမက မဝင်ပါနဲ့ဦးလို့ ပြောတယ်။ အဲဒီအချိန်မှာ သူ နားထောင်တယ်။”

“နောက်တကြိမ်ကျတော့ ကျမတို့က မရှိဘူး၊ အလုပ်လုပ်သွားနေတဲ့အချိန်မှာ ကျမတို့ဆီကို စာရေးပြီး လူကြုံမှာခဲ့တယ်။ မေမေ တဲ့၊ သား သွားပြီ၊ သားကို ခွင့်မလွှတ်နဲ့၊ နိုင်ငံရေးမကောင်းတဲ့အချိန်မှာ သားလုပ်ငန်းလုပ်လည်း အဆင်မပြေဘူး၊ တပ်ထဲပဲ လိုက်သွားမယ်ဆိုပြီး သူ့ အမေကြီးတွေကို စာနဲ့ ပြောထားခဲ့တယ်။ သားဆန္ဒအတိုင်း လိုက်ပါ၊ ဒါပေမဲ့ သတိ ဝီရိယနဲ့ လုပ်နော်လို့ ပြောလိုက်တယ်။ သင်တန်းတွေ ပေးတဲ့အခါမှာ မေမေတဲ့၊ သင်တန်းက အစောကြီးတွေ ထရတယ်တဲ့။ သင်တန်းမှာ ပင်ပန်းတယ်၊ လဲကျမှုတွေရှိတယ်နော် သားလေး သတိဝီရိယထား နားစွင့်လို့ ကျမတို့က ပြောပြတယ်။ သူက နည်းနည်းလေးတယ်။ သူများထက် အစားစားလည်း နောက်ကျတယ်၊ သူ မရှိ ရှိတာလေးနဲ့ ရောင့်ရဲတယ်။ အဖွဲ့က ဘယ်သူက ဘယ်လို အကြောင်းတွေကို ကျမတို့ အမြဲတမ်းရင်ဖွင့်တယ်။ ရင်ဖွင့်တဲ့အခါကျတော့ မေမေတဲ့၊ သားက နေရာကောင်းရချင်လို့ သားလုပ်တာ မဟုတ်ဘူးတဲ့။ သားလေးရယ် အဖွဲ့ထဲမှာ နေတဲ့အခါ စည်းကမ်းနဲ့ နေရတာနော်၊ စည်းကမ်းနဲ့ နေ၊ အရက်တွေလည်း မသောက်နဲ့၊ သောက်တာလည်း မေမေ မကြိုက်ဘူး၊ ကောင်းကောင်းမွန်မွန်နေ၊ ဆရာတွေ ပြောတဲ့စကားလည်း နားထောင်လို့။ မေမေတဲ့၊ သားက နေရာကောင်း ရချင်လို့ လိုက်တာမဟုတ်ဘူး၊ တော်လှန်ရေးက သားတို့ခေတ်မှာ ဒီလို လွတ်လွတ်လပ်လပ် မနေခဲ့ရလို့၊ ကျောင်းမနေခဲ့ရလို့၊ တန်းတူအခွင့်အရေး မရခဲ့လို့ သူ့ခေတ်မှာ မနေခဲ့ရရင်တောင် သူ့တူ၊ သူ့သားတွေခေတ်မှာ သားက ရှေ့ကနေ ဦးဆောင်လုပ်မှာ၊ တိုက်မှာဆိုတဲ့ စိတ်ဓာတ်တွေက သူ့မှာ တအားပြင်းပြတယ်။”

“သူ တနှစ်ကျော်၊ နှစ်နှစ်ခွဲလောက် ဝင်ခဲ့တယ်။ မေမေ တဲ့၊ သားတို့အိမ်ဝိုင်းလေးက ဘယ်လောက်တန်လဲတဲ့။ ဘာလုပ်မလို့လဲ သားရယ်ဆိုတော့ မေမေ တဲ့၊ အိမ်ဝိုင်းကို ရောင်းပြီး သားကို ဂန်းတလက်လောက် ဝယ်ပေးပါတဲ့။ မေမေတို့မှာ အဆင်မပြေဘူးလို့၊ အိမ်ပေါင်ထားတာလည်း ရှိတယ်၊ ကြွေးတွေလည်း ရှိသေးတယ်လို့ အဆင်မပြေဘူး။ အဆင်မပြေတဲ့ ခေတ်ကာလမှာ မေမေတို့က အိမ်ဝိုင်းကို ရောင်းပေးလိုက်ရင် သား လိုချင်တာ ဝယ်ပေးလိုက်ရင် မေမေတို့မှာ နေစရာမရှိဘူး။ သားက နိုင်ငံရေးကောင်းရင် ပြန်ဝယ်ပေးမယ်၊ သူလုပ်ပေးမယ်လို့ ပြောသွားတာတွေ ရှိပါတယ်။ ဘယ်ဖြစ်မလဲ၊ သားတယောက်တည်း မဟုတ်ဘူး၊ မေမေတို့မှာ မိသားစုက အများကြီးရယ်။ ဘယ်လိုလုပ်လုပ် မဖြစ်ဘူးလို့။ အဲဒါဆို သားက ခရီးထွက်မယ်၊ သား အလုပ်လုပ်မယ်၊ မေမေ လမ်းစရိတ်ပေးဆိုတော့ ကျမတို့က လမ်းစရိတ်ပေးတယ်။ သူ နယ်စပ်တွေ သွားပေမဲ့ အဆင်မပြေခဲ့ဘူး။ နိုင်ငံရေးက မကောင်းတော့။ သူ သုံးလေးဌာန သွားတယ်။ နိုင်ငံခြားတွေ ဘာတွေ သွားဖို့ကျတော့လည်း ကျမတို့က ပိုက်ဆံမတတ်နိုင်ဘူး။”

“ကျမတို့က အစကတည်းက တော်လှန်ရေးကို တိုက်တွန်းတယ်။ လာသမျှ ကလေးတွေကိုလည်း ကျမ တတ်နိုင်သလောက် ကူညီပေးတယ်။ ဂရုစိုက်ပါ၊ ရှေ့တန်းကိုသွားရရင် ဂရုစိုက်လုပ်ပါလို့ အဲဒီလိုမျိုးတွေ အမြဲပြောတယ်။ သားလေးရဲ့အဖော်တွေကိုလည်း ကျမ တိုက်တွန်းပေးတယ်။ ကိုယ့်ခေတ်မှာ ခံစားရတာတွေ သားသမီးတွေခတ်မှာ မခံစားရအောင် အဲဒီလိုမျိုးတွေ ကျမ အမြဲတိုက်တွန်းပေးတယ်။ တတ်နိုင်သလောက်လည်း ကူညီပေးတယ်။ စားစရာရှိတာ ကျမ ကျွေးလိုက်တယ်။ အများကြီး ကျမ မထောက်ပံ့နိုင်ပေမဲ့ပေါ့။ ကျမတို့မှာလည်း တနေ့လုပ် တနေ့စား ဆိုတော့။ သားလေးထက် အရင်ကျသွားတဲ့ ကလေးတွေ၊ ရဲဘော်တွေအတွက်လည်း ကျမ ဝမ်းနည်းတယ်။ ကျမသားတွေလိုပဲ ခံစားခဲ့ရတယ်။ သူ့သူငယ်ချင်းတွေ၊ သူ့ရဲဘော်တွေ သူ့ထက်အရင် ကျသွားတော့ သူလည်း တက်ကြွလာတယ်။ ကျမသား ကျဆုံးသွားလို့ ကျန်တဲ့ကလေးတွေကိုလည်း စိတ်ဓာတ်တွေ မကျဖို့၊ ကျမသား ခံရသလို သူတို့တွေကိုလည်း မခံရစေချင်ဘူး။ ဒီထက်မကလည်း တော်လှန်ရေးကို ဝင်ချင်ပါတယ်၊ ပြောချင်ပါတယ်။ ကလေးတွေကို တိုက်တွန်းချင်ပါတယ်။ အတတ်နိုင်ဆုံး ဒီတော်လှန်ရေးကို ပြီးစီးအောင်နိုင်အောင် ဂရုစိုက်ပြီး အောင်ပွဲခံကြပါလို့ ကျမက တိုက်တွန်းချင်ပါတယ်။”

“ကျမသားက ဝဋ်ရှိလို့ခံရတာလည်း မဟုတ်ဘူး။ စစ်ကြောင်းထွက်လာပြီဆိုရင် သေကွဲနဲ့ ရှင်ကွဲဟာ နှစ်ခုထဲက တခု ကျမ ရွေးထားတယ်။ ရွေးထားပေမဲ့လည်း အဲဒီလောက်အထိ ကျမသားတွေလောက် အဖြစ်ဆိုးမျိုးကြီး တွေ့ရလိမ့်မယ်လို့ ကျမတို့ မတွေးထားဘူး။ အဲဒီလောက်ထိ ရက်စက်လိမ့်မယ်လို့ ကျမ မတွေးထားတာ အမှန်ပါ။ အခုလိုကြီး လုပ်တာက ပြည်သူတွေရော နိုင်ငံတကာရော သူတို့လုပ်ရပ်တွေကို အကုန်သိရှိပြီးပါပြီ။ နိုင်ငံတကာကိုလည်း အကူအညီပေးပါလို့။ အခုလို နောက်ထပ် အဖြစ်မျိုးတွေ ထပ်မဖြစ်အောင် အရေးယူပေးပါဦးလို့ ပြောချင်ပါတယ်။”

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024