Home
မေးမြန်းခန်း
ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပေါ်  ထိုင်းနိုင်ငံရေးလေ့လာသူ စတီဗင်စန်းယုနှင့် မေးမြန်းချက်
DVB
·
February 28, 2024

မြန်မာ့နွေဦးတော်လှန်ရေး စတင်လာခဲ့တာ သုံးနှစ်ကြာမြင့်လာခဲ့ပါပြီ။ သုံးနှစ်ဆိုတဲ့ ကာလအတွင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်အပေါ်မှာထားတဲ့ နိုင်ငံတကာရဲ့ အမြင်တွေလည်း ပြောင်းလဲလာတာ ရှိပါတယ်။ ဒီတော်လှန်ရေးမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာရဲ့ အကူအညီ လုံလုံလောက်လောက် မရရှိထားဘူး ဆိုပေမဲ့ တော်လှန်ရေး အောင်မြင်ဖို့အတွက် သူတို့ရဲ့ သဘောထားတွေကလည်း အရေးပါနေဆဲပါ။ ဒီနိုင်ငံတွေက နွေဦးတော်လှန်ရေးအစပိုင်းမှာ စစ်တပ်ကပဲ နိုင်မယ်ဆိုတဲ့ အယူအဆနဲ့ မြန်မာ့နိုင်ငံရေးကို ချဉ်းကပ်ခဲ့ပေမဲ့ အခုလို သုံးနှစ်တာကာလ ရောက်တဲ့အခါမှာတော့ စစ်တပ် ရှုံးနိုင်ခြေရှိနေပြီး စစ်ကောင်စီ ကျဆုံးတော့မယ်ဆိုတဲ့ အမြင်တွေကို လက်ခံလာကြပါတယ်။

ဒီလို သုံးသပ်နေတဲ့ နိုင်ငံတွေထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံလည်း ပါဝင်နေပါတယ်။ မကြာသေးခင်က ထွက်ပေါ်လာတဲ့ ထိုင်းစစ်ဗိုလ်ချုပ်ကြီးတယောက်ရဲ့ သုံးသပ်ချက်တွေထဲမှာ ဆိုရင်လည်း စစ်ကောင်စီက ဘယ်အချိန်မှာ အဆုံးသတ်နိုင်တယ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လိုအနေအထားမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရနိုင်တယ် ဆိုတာမျိုးတွေအထိ ဆွေးနွေးပြောဆိုထားတာ တွေ့ရပါတယ်။ ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ အပြောင်းအလဲ ဖြစ်လာနိုင်ပါသလား။ ထိုင်းနိုင်ငံရေး အခြေအနေတွေကို တစိုက်မတ်မတ် လေ့လာစောင့်ကြည့်နေတဲ့ စတီဗင်စန်းယုကို ဒီဗွီဘီသတင်းဌာနမှ မယမင်းမြတ်အေးက  ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ပထမဦးဆုံး မေးချင်တာက အိမ်နီးချင်းနိုင်ငံတွေရဲ့ မူဝါဒပိုင်းဆိုင်ရာအပြောင်းအလဲတွေလို့ ပြောရရင် အခု စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍက ပိုပြီးအရေးပါလာတယ်လို့ ပြောလို့ရမလား၊ ဆရာ ဆွေးနွေးပေးပါဦး။

ဖြေ - “ဟုတ်ကဲ့ခင်ဗျ၊ အဲဒီလိုပြောလို့ရပါတယ်။ အနီးစပ်ဆုံးနိုင်ငံလည်း ဖြစ်တယ်။ နယ်စပ်တလျှောက် ရှည်လျားတဲ့ ဘော်ဒါလိုင်းလည်း ရှိတယ်။ သွားရေးလာရေးလည်း အဆင်ပြေတယ်။ နောက်တချက်က ယခင်ရှိပြီးသား သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေလည်း အဒါလည်းရှိတယ်။ ခရီးလမ်းပမ်းဆက်သွယ်ရေး၊ သူတို့ရဲ့ ဘာသာ၊ ယဉ်ကျေးမှု၊ အစားအသောက် အစစအရာရာ တခြားအိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် ပိုပြီး နီးစပ်မှုရှိတယ်။ နောက်တချက်က ကြားခံနိုင်ငံသဘောမျိုးထားပြီး တချို့ အနည်းစုပေါ့၊ တတိယနိုင်ငံလိုမျိုး ထွက်မယ့်ကိစ္စတွေမှာ တခြားအိမ်နီးချင်းနိုင်ငံတွေထက် ပိုပြီး အဆင်ပြေတယ်။ ဒါကြောင့် ထိုင်းနိုင်ငံက သာမန် မြန်မာနိုင်ငံသားတွေအတွက်ရော၊ တော်လှန်ရေးအင်အားစုတွေ အတွက်ရော တော်တော်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတယ်လို့ ပြောလို့ရတယ်။”

မေး - အခု စစ်မှုထမ်းဥပေဒကို အသက်သွင်းလိုက်တဲ့အတွက်ကြောင့် ထိုင်းဘက်ကို ထွက်ပြေးလာမယ့် မြန်မာလူငယ်တွေလည်း အများအပြား ရှိနေတယ်။ လူကြီးတွေလည်း ပါမယ်ပေါ့။ ဒါကြောင့် ထိုင်းရဲ့အနေအထားဘယ်လိုရှိလဲ။ ဒီလူတွေနဲ့ပတ်သက်ပြီး သူတို့ဘက်က သက်သက်ညှာညှာ ကိုင်တွယ်တာမျိုး မျှော်လင့်လို့ရနိုင်မလား။ ဘာကြောင့်လဲဆိုတော့ မကြာသေးခင်က ထိုင်းဝန်ကြီးချုပ်က တရားမဝင် လာမယ်ဆိုရင် ဖမ်းမယ်လို့ ပြောထားတာ ရှိတယ်။ ဆရာ နည်းနည်းသုံးသပ်ပေးပါဦး။

ဖြေ - “ဒီအပိုင်းက ကျနော်တို့ နည်းနည်းခွဲမြင်ဖို့လိုတယ်လို့ မပြောချင်ပေမဲ့ သူတို့ရဲ့နောက်ခံ အနေအထား ဝန်ကြီးချုပ်ဆေထာ အနေနဲ့ တရားမဝင် လာတဲ့သူတွေကို ဖမ်းမယ်လို့ပြောတာ သိပ်စိုးရိမ်စရာ မလိုဘူးလို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းရဲတွေရဲ့ အခြေအနေကလည်း မြန်မာပြည်သားအကုန်လုံး သိပြီးသားဖြစ်တယ်။ သိပ်ထွေထွေထူးထူးကြီး ပြဿနာရှိမယ် တော့မထင်ဘူး။ ဒါပေမဲ့ နည်းနည်းစိုးရိမ်တဲ့ အနေအထားပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီလို စစ်မှုထမ်းဥပဒေ ထုတ်လိုက်တော့ မြန်မာတပြည်လုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတဲ့ အခြေအနေမှာ တခြားနိုင်ငံအစိုးရတွေကပါ နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကပါ တော်တော်စိုးရိမ်နေကြတယ်။ အဲဒါကြောင့် ထွက်လာဖို့ နည်းလမ်းအများကြီးရှာတယ်။”

“နောက်ပြီးရင် အနီးစပ်ဆုံးကြည့်ရမယ်ဆိုရင် ထိုင်းသံရုံးက ဗီဇာလျှောက်တဲ့ကိစ္စတွေမှာ လူထောင်ချီ တန်းစီတယ် ဗီဇာရဖို့အတွက်ပေါ့။ ဒါကြောင့် လူဦးရေ ကန့်သတ်ရတယ်။ နောက်ပိုင်းကျတော့ အဲဒီလိုမျိုး တန်းစီတာ မဟုတ်ဘဲ အွန်လိုင်းကနေ ဘွတ်ကင်ယူရမယ် ဆိုတဲ့ အနေအထားအထိ Statement ထုတ်တာတွေရှိတယ်။ အဲဒါမျိုးတွေ သူတို့ စိုးရိမ်တယ်။ ဒါကြောင့် သူတို့က တရားဝင် လာရမယ်၊ တရားမဝင်လာရင် ဥပဒေအရ အရေးယူမယ်၊ ဖမ်းဆီးမယ် ဆိုတဲ့ပုံစံမျိုး။ အဟန့်သဘောပဲ ကျနော် မြင်တယ်။”

“ဘာကြောင့်လဲဆိုရင် မူဝါဒတွေက အပြောင်းအလဲ ရှိနိုင်တယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေရာ၊ စစ်တပ်အရာရှိကြီးတွေရော၊ သတင်းမီဒီယာတွေရော၊ နောက်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရော၊ ပညာရှင်တွေရော၊ တက္ကသိုလ်ပါမောက္ခတွေ၊ အာရှရေးရာ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ၊ နိုင်ငံတကာရေးရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ သတင်းစာဆရာတွေ သူတို့ကအစ အကုန်ထောက်ပြကြတယ်။ ပြောပြတယ်။ မြန်မာ့အရေးက တော်တော်အရေးကြီးတဲ့ အနေအထားရှိတယ်။ သေသေချာချာ ကိုင်တွယ်ဖို့ လိုတယ်။ အစိုးရအနေနဲ့လည်း လမ်းကြောင်းမှန်မှန်နဲ့ ချဉ်းကပ်နိုင်ဖို့လိုတယ်ပေါ့လေ။ စစ်အုပ်စုကိုပဲ တိုက်ရိုက်ချဉ်းကပ်တဲ့ ပုံစံမျိုးနဲ့ မသွားသင့်တော့ဘူး၊ မဖြစ်သေးဘူး။ ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့ ဆွေးနွေးပွဲတွေ မလုပ်ခင်၊ ဒါမှမဟုတ် လုပ်မယ်ဆိုရင်လည်း ကြိုတင်ပြီးရင် ဘာကိစ္စ၊ ဘယ်သူနဲ့၊ ဘယ်မှာ တွေ့ဆုံဆွေးနွေးမယ် ဆိုတဲ့ဟာမျိုး တရားဝင် ထုတ်ပြောဖို့၊ လျှို့ဝှက်တဲ့ပုံစံမျိုး မလုပ်ဖို့ပေါ့။ ပွင့်ပွင့်လင်းလင်း ဆက်ဆံခြင်းအားဖြင့် သာမန်ပြည်သူတွေရဲ့ အမြင်လည်း ထိုင်းအပေါ်မှာ ပိုပြီးရှင်းလာနိုင်တယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ အမြင်လည်း ပိုပြီး ရှင်းလာနိုင်တယ်။”

“သမိုင်းကြောင်းတလျှောက်မှာ လျှို့ဝှက်ဆက်ဆံတာတွေက များတယ်။ အဓိက အဲဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကလည်း သူတို့ စစ်တပ်အရာရှိချင်း၊ နောက်ပြီးရင် အစိုးရပိုင်း အရာရှိတွေရဲ့ ပုဂ္ဂလိက ကိုယ်ကျိုးစီးပွားတွေအပေါ်မှာ အဓိကအခြေခံအခါကျတော့ အဲလိုမျိုးဆက်ဆံတဲ့ အနေအထားမျိုး ဖြစ်တယ်။ အခုက နိုင်ငံရေးအခြေအနေကလည်း အပြောင်းအလဲ အများကြီးရှိတယ်။ ပြည်တွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေက ကမ္ဘာကျော်အောင် ကျယ်ပြန့်မှုရှိတယ်။ ဒါကြောင့် အရင်ဆက်ဆံတဲ့ နည်းလမ်းက သဘာဝမကျတော့ဘူး။ မဖြစ်သင့်တော့ဘူး။ အဲဒါကြောင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့လိုတယ်။ နောက်ပြီးရင် ပြည်တွင်းက ထွက်လာပြီး အခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေ၊ တော်လှန်ရေးကြောင့်၊ နိုင်ငံရေးကြောင့် ရှောင်လာတဲ့ လူတွေရော၊ သာမန် ရောက်ပြီးသား ရွှေ့ပြောင်းလုပ်သားတွေကိုရော အတွက်ပါ အကူအညီပေးဖို့ လိုအပ်တယ်ဆိုတာ သူတို့က ကျယ်ကျယ်လောင်လောင် ထုတ်ပြောလာတဲ့ အနေအထားရှိတယ်။ သူတို့လည်း မြန်မာတွေလိုပဲ ပြောလို့ရပါတယ်။ သူတို့ အစက တိုးတိုးတိတ်တိတ် ဆွေးနွေး၊ အကြံပေးတာတွေ လုပ်တယ်။ ဒါပေမဲ့ ပြန်မပြော နားမထောင်ပေါ့၊ ပြောတယ်၊ ငြိမ်ပြီးနေတယ်။ ပြီးရင် လုပ်ချင်တာ လုပ်တယ်။ တချို့ဟာတွေ မလုပ်တာလည်း ရှိတယ်။ အဲဒါကို နိုင်ငံရေး လွှတ်တော်ကိုယ်စားလှယ်တွေရော၊ တာဝန်ရှိတဲ့သူတွေရော ကျနော့်ကိုတွေ့တော့ သူတို့ကိုယ်တိုင်က အဲဒီလို ပြောပြတာရှိတယ်။ အဲဒီလိုအနေအထားမှာ တိုးတိုးတိတ်တိတ် ပြောလို့မရတော့ မီဒီယာမှာ ဆွေးနွေး၊ ထောက်ပြ၊ ထုတ်ပြောတာတွေအထိ ဖြစ်လာတာပေါ့။ အဲဒီတော့ ကျနော် သုံးသပ်ရသလောက် အပြောင်းအလဲက အနှေးနဲ့အမြန် ရှိလာမယ်။ အဲဒီလိုရှိရမယ့် အကြောင်းရင်းက ပြည်တွင်းရေးရယ်၊ နိုင်ငံရေးလှုပ်ရှားမှု ပြည်သူတွေရယ်၊ တော်လှန်ရေးအပေါ်မှာထားတဲ့ စိတ်ပေါ့လေ နှစ်နှစ်ကာကာစိတ်ရယ်၊ စစ်အုပ်စုကို မရ ရတဲ့နည်းနဲ့ ဖြုတ်ချရမယ်ဆိုတဲ့ အနေအထား။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပံ့ပိုးကူညီနေတဲ့ အနေအထား။ အဲဒီအပေါ်မှာ အခြေခံပြီး သူတို့က ပြန်ပြီးတော့ သုံးသပ်လာတာတွေ ရှိတယ်။”

“အဲဒါကြောင့် ဘယ်နည်းနဲ့မဆို တိုက်ရိုက် ဆက်သွယ်ဖို့၊ ဆက်ဆံဖို့ လိုတယ်။ NUG အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေကိုလည်း ဆက်ဆံဖို့ သူတို့ကို ကျနော် အကြံပေးတယ်။ သူတို့ကတော့ လမ်းကြောင်း ဘယ်လိုလုပ်ရမလဲ အကြံဉာဏ်မေးတာတွေ ရှိပါတယ်။ သူတို့ကတော့ ပြောတယ်။ ရင်ဖွင့်တာလည်းပါတာပေါ့ သူတို့ကတော့ပြောတယ်၊ တာဝန်ရှိတဲ့ အဓိက နိုင်ငံခြားရေးဝန်ကြီးဌာနက အဓိက ပေါ်လစီပိုင်းကိုင်တဲ့ လူတွေကို ပြောတဲ့အခါကျတော့ အင်းမလုပ် အဲမလုပ် ပြောတယ်ပေါ့လေ။ အဲဒါကြောင့် သူတို့လည်း အားမရဘူးပေါ့။ နောက်ဆုံး အားမရတာ ဘယ်လောက်ထိ ဖြစ်လာလဲဆိုတော့ သူတို့ရဲ့ အစိုးရဦးဆောင်ပါတီလို့ပြောလို့ရတဲ့ သက်ဆင်တို့ ဖွေ့ထိုင်းပါတီ အဖွဲ့ဝင် နော့ပ်ပဒွန် အရင် နိုင်ငံခြားရေးတာဝန် ထမ်းဆောင်ခဲ့တဲ့လူ၊ လွှတ်တော်မှာလည်း နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့လူ၊ အဲဒီလိုလူတွေက အစ မနေနိုင်ဘဲ ထွက်ပြောလာတဲ့ အနေအထားမျိုး ဖြစ်တယ်။ လုံးဝ ပြောင်းပစ်ရမယ်၊ ဆက်ဆံရေး။ စစ်တပ်က ပြည်သူတွေကို တကယ် ဖိနှိပ်နေတဲ့ အနေအထား ရှိတယ်။ ဒါကြောင့် စစ်တပ်ကို ဦးထိပ်ထားပြီး ဆက်ဆံတဲ့ပုံစံမျိုး မဟုတ်ဘဲ တော်လှန်ရေးအင်အားစုတွေ၊ NUG အပါအဝင် တိုင်းရင်းသားအင်အားစုတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ လိုတယ်။ အဲဒီလို ချိတ်ဆက်အကူအညီပေးတဲ့ နေရာမှာလည်း စစ်တပ်ဘက်က တိုက်ရိုက်သွားတာ မဟုတ်ဘဲ နိုင်ငံတကာ၊ ထိုင်းနိုင်ငံ ကြက်ခြေနီအဖွဲ့လိုမျိုး ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ပူးတွဲလုပ်လို့ရတယ် ဆိုတာကို သူတို့က ထုတ်ပြော၊ ဖိအားပေးလာတဲ့ အနေအထား ရှိတယ်။ ဒါကြောင့် ဒီဟာကြီးက အပြောင်းအလဲဖြစ်မယ်”

“ဘာကြောင့်လဲဆိုတော့ အခု သက်ဆင်ကလည်း အကျယ်ချုပ်အနေနဲ့ ပြောလို့ရတယ်လေ။ ထောင်က လွတ်သွားပြီပေါ့လေနော်၊ သူ့အိမ်မှာမိသားစုနဲ့နေတယ်။ အခုသူတို့စောင့်ကြည့်နေတဲ့ အနေအထားရှိတယ်။ သူ့ကျန်းမာရေးနာလန်ထူလအောင်ပေါ့ အခြေအနေ စောင့်ကြည့်နေတဲ့ အနေအထား၊ ဒါကတော့ သူတို့ ပြည်တွင်းနိုင်ငံရေး၊ မြန်မာနိုင်ငံရေးနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ သူတို့က လက်ရှိ ရှိနေတဲ့ ဝန်ကြီးချုပ်ကိုရော၊ နိုင်ငံခြားရေးဝန်ကြီးကိုရော အစိုးရတဖွဲ့လုံးကို ဩဇာညောင်းတာ သက်ဆင်ဆိုတာ အကုန်လုံးက လက်ခံပြီးသား။ အတိုက်အခံရော၊ ပြည်သူတွေရောပေါ့။ အဲဒါကြောင့် အခုအစီအစဉ်က ဘာလဲဆိုတော့ သက်ဆင်ကို သူတို့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ချဉ်းကပ်မယ့် နည်းလမ်းတွေကို တိုက်ရိုက်ဆွေးနွေးမယ့် အစီအစဉ်ရှိတယ်။ သက်ဆင်ကနေပြီး ဒီလူတွေကို ပြန်ပြီးတော့ညွှန်ကြားမယ့် အနေအထား ရှိတယ်ပေါ့။ ဒါဆိုရင် အမြန်ဆုံးနည်းနဲ့ ဖြစ်လာလိမ့်မယ်။ အခုပြောတဲ့ ဗိုလ်ချုပ်ကြီးက တယောက်တည်းမဟုတ်ဘူး နောက်ဆုံးသုံးသပ်တဲ့ ဗိုလ်ချုပ်ကြီးလို့ ပြောလို့ရတယ်။ အဲဒီဗိုလ်ချုပ်ကြီးတွေကလည်း တစိုက်မတ်မတ် ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံဖို့၊ အားပေးဖို့ ပြောလာတာ နှစ်ပေါင်းမနည်းတော့ဘူး။ သူ အပါအဝင် နောက်ထပ် ဗိုလ်ချုပ်ကြီးနှစ်ယောက် ရှိသေးတယ်။ ဗိုလ်ချုပ်ကြီးအနည်းဆုံး သုံးယောက်မှာ နှစ်ယောက်က ပရာယွတ် လက်ထက်မှာကတည်းက ထိုင်းနိုင်ငံ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးမှာ အတွင်းရေးမှူး ရာထူးတွေ ယူထားခဲ့တဲ့လူတွေ။ ဆိုတော့အဲဒီရာထူးတွေရဲ့ လုပ်ပိုင်ခွင့်က ဘာရှိလဲ။ ဘာတွေလုပ်ရလဲဆိုတာ procedure တွေ သူတို့ ကောင်းကောင်းသိတယ်။ ဒါကြောင့် သူတို့ကိုယ်တိုင်က ထုတ်ပြောလာတဲ့အနေအထား။ အဲဒီဗိုလ်ချုပ်တွေကလည်း လက်ရှိ လွှတ်တော်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အကြံပေးအဖြစ် ပြန်ပြီး တာဝန်ယူနေတဲ့လူတွေ။ မြန်မာပြည်မှာလို စစ်ဘက်ရာထူးလောက်နဲ့ မဟုတ်ဘဲ တကယ့်ပညာရှင် ပညာတတ်တွေလို့ ပြောလို့ရတယ်။ ဒေါက်တာဘွဲ့တွေ ရထားတဲ့ ပညာရှင်တွေ။ အဲဒီလူတွေက အတိုက်အခံဘက်က မဟုတ်ဘူး။ ဒီလူတွေက ဖွေ့ထိုင်း၊ သက်ဆင်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့လူတွေ။ အဲဒါကြောင့် ကျနော်ထင်တာ အပြောင်းအလဲက အနှေးနဲ့ အမြန်ပဲ။ ကျနော်တို့ဘက်က လိုတာက နည်းနည်းလေး တွန်းအားပေးဖို့၊ ချဉ်းကပ်ဆက်ဆံဖို့ လိုတယ်။ အမြန်ဆုံးနည်းနဲ့ ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။”

မေး - ထိုင်းစစ်ဗိုလ်ချုပ်ကြီးရဲ့ ဆွေးနွေးသုံးသပ်ချက် အချို့ထဲက သူပြောထားတဲ့ အကြောင်းအရာတွေထဲက အရေးကြီးဆုံး အချက်အလက်တွေကို ထောက်ပြပေးပါလား။

ဖြေ - “ဟုတ်ကဲ့ခင်ဗျ၊ သူက နောက်ဆုံး ပြောတာမဟုတ်ဘူး။ အရင်ကလည်းပြောတယ်။  တခြားဗိုလ်ချုပ်ကြီးလည်း ပြောတယ်။ သူတယောက်တည်းကို ဦးမတည်ချင်ဘူး။ သူတို့ရဲ့ ဆွေးနွေးချက်တွေ၊ အကြံပြုချက်တွေ၊ ဝေဖန်ချက်တွေက တော်တော်လေး ဆင်တူတယ်လို့ပြောလို့ရတယ်။ ဒါကြောင့် သူတယောက်တည်းမဟုတ်ဘဲ အဲဒီ ဗိုလ်ချုပ်ကြီးတွေရဲ့ သဘောထားလို့ ပြောရင် ပြောလို့ရတယ်။ သူတို့က ၁၀၂၇ စစ်ဆင်ရေး မဖြစ်ခင်ကတည်းက တလျှောက်လုံး ပြောလာတယ်။ ဒီစစ်တပ်ရဲ့ အခြေအနေ၊ မင်းအောင်လှိုင်ရဲ့ အခြေအနေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေပေါ့၊ အသာစီးရမှုတွေ၊ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ၊ စစ်အုပ်စုရဲ့ ခေါင်းဆောင်မှု ညံ့ဖျင်းတာတွေ၊ သူ့ရဲ့ ရဲဘော်တွေကို ကိုယ်တိုင် ထောက်ပို့မလုပ်နိုင်တဲ့ အနေအထားတွေ ပြောလာတယ်။ အခု မြောက်ပိုင်းညီနောင်သုံးဖွဲ့ စစ်ဆင်ရေး စပြီးတဲ့နောက်မှာ မီးလောင်ရာလေပင့် ပိုပြီး အားရှိလာတယ်။ သူတို့အတွက် ရပ်တည်ချက် ပြောင်းဖို့အတွက် ပိုပြီး အထောက်အပံ့ ဖြစ်လာတာ။ ဒီဇင်ဘာလလောက်ကတည်းက ကျနော် ထိုင်းကိုသွားတုန်းက သူတို့ပြောပြထားပြီးပြီ။ တရုတ်နဲ့ပတ်သက်တဲ့ ကိစ္စတွေ။ တရုတ်က မြောက်ပိုင်းအဖွဲ့တွေမှာ ဩဇာလွှမ်းမိုးမှုရှိတယ်။ လိုအပ်တဲ့ အထောက်အပံ့တွေလည်း သူတို့ပေးတယ်ဆိုတာ ပြောတယ်။ ထိုနည်းတူပဲ စစ်တပ်ကိုလည်း ပေးတယ်။ မအလစစ်အုပ်စုကို၊ သူတို့နဲ့လည်း မူမပျက် ဆက်ဆံနေတယ်။ ဘာကြောင့်လဲဆိုတော့ စာချုပ်အများစုက စစ်အုပ်စုနဲ့ ချုပ်ဆိုထားတာ ဖြစ်တယ်။ သူတို့အကျိုးစီးပွားနဲ့ တိုက်ရိုက်ဆိုင်တယ်။ အဲဒီတော့ မင်းအောင်လှိုင်တို့ စစ်အုပ်စုကို သူတို့က ပစ်ပယ်လို့လည်း မရဘူး။ လက်ရှိ ပြုတ်ကျသွားမှာလည်း တရုတ်က ကြောက်တဲ့အနေအထား ရှိတယ်။ သူတို့အကျိုးစီးပွားတွေအကုန်လုံးက တိုက်ရိုက် ဆက်စပ်နေတာကိုး။ ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း သူတို့ ဩဇာသက်ရောက်မှု ရှိတယ်။ ”

“အဓိက တရုတ်က သိပ်ကျေနပ်မှု မရှိတာက ရုရှားကိုသွားပြီး တိုက်ရိုက်ချိတ်ဆက်တဲ့ ကိစ္စတွေမှာ တရုတ်က တော်တော်တင်းတယ်လို့ ကျနော်ကြားရတယ်။ ကျနော့်ကို လူကိုယ်တိုင်တွေ့တဲ့အခါ သူတို့ ပြောတာတွေရှိတယ်။ တရုတ်က ၁၀၂၇ စစ်ဆင်ရေး ဖြစ်ဖို့အတွက် ကလေးကို ကြိမ်တို့သလိုပေါ့၊ ပညာပေးတဲ့သဘောမျိုး လုပ်လိုက်တာ။  အဲဒီအခါကျတော့ မင်းအောင်လှိုင် တော်တော်လန့်သွားတယ်။ တိုင်းရင်းသားတွေအတွက် အကျိုးအမြတ်ရှိတယ်၊ ဒီမိုကရေစီ အင်အားစုတွေအတွက် အကျိုးအမြတ်ရှိတယ်။ အဲဒီတော့ ချုပ်ပြောရင် နှစ်ဖက်လုံးကို ဩဇာလွှမ်းမိုးမှုရှိတယ်။ အခု အပစ်အခတ်ရပ်၊ ဆွေးနွေးပွဲတွေလုပ် ဆိုလို့ တရုတ်က ပြောပြီဆိုတာနဲ့ တိုင်းရင်းသားတွေက တိုက်ချင်တာ မတိုက်ဘဲ ရပ်လိုက်ရတဲ့ အနေအထားမျိုး ရှိတယ်။ မင်းအောင်လှိုင်က အကူအညီတောင်းလို့ တရုတ်က ဖိအားပေးတယ်လို့ ကျနော်တို့ သိထားရတယ်။ ဘာပဲပြောပြော အခုလိုမျိုးဖြစ်တဲ့အခါကျတော့ လုံးဝမြင်သွားပြီ၊ ဒီ မင်းအောင်လှိုင် အနေနဲ့ စစ်ရေးစွမ်းရည်လည်း မရှိဘူး။ အဓိက သူ့ရဲဘော်တွေကို စိတ်ဓာတ်အရ Supporting မလုပ်နိုင်တော့ဘူး။ စိတ်ဓာတ်မပြင်းပြတဲ့အတွက် စိတ်ဓာတ် ခိုင်မာမှု မရှိတဲ့အတွက် တိုက်ပွဲတွေကို အောင်မြင်အောင်တိုက်ဖို့  လုံးဝမဖြစ်နိုင်ဘူး။ အဲဒါတွေ သူတို့ သုံးသပ်လာတယ်။ ပြီးရင် အခု ရာထောင် ချီပြီး လက်နက်ချတဲ့ကိစ္စတွေ။ ဒါက မြန်မာ့သမိုင်းမှာ မရှိခဲ့ဘူး။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း အဲဒါမျိုး မရှိဘူး။ အဲဒါက မြန်မာ့တပ်မတော်နဲ့ပတ်သက်ပြီး တော်တော်အရှက်ရစေတဲ့၊ ရုပ်ဆိုးတဲ့ အနေအထားပေ့ါ။ အခု စခန်းတွေ စွန့်ခွာတယ်၊ နောက်ဆုံးအဆင့် လက်နက်တွေထားခဲ့ပြီး ထွက်ပြေးသွားကြတယ်။ အဲဒီလိုအနေအထားတွေ တနိုင်ငံလုံး ခြုံကြည့်လိုက်တော့ ဘယ်နည်းနဲ့မှ မင်းအောင်လှိုင်က နိုင်ငံကို ရေရှည်ထိန်းဖို့၊ အုပ်ချုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အနှေးနဲ့ အမြန်ပဲ။ သူက ဆုတ်ခွာရမယ် အရှုံးနဲ့ ရင်ဆိုင်ရမယ်ဆိုတာ အားလုံးက သုံးသပ်ပြီးသား။ ဗိုလ်ချုပ်တွေအပြင် ပညာရှင်တွေရော သတင်းဌာနတွေရာ အကုန်လုံးက သုံးသပ်တယ်။ အဲဒါကြောင့် ထိုင်းရဲ့ ဆက်ဆံပုံလည်း လုံးဝ ပြောင်းသင့်ပြီ။ ထိုင်းအစိုးရအနေနဲ့ ချဉ်းကပ်တာ လုံးဝပြောင်းရတော့မယ်။” 

ခုနက မြန်မာပြည်တွင်းမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း များတယ်၊ နယ်မြေတွေကလည်း များတယ်။ အထူးသဖြင့် တရုတ်နယ်စပ်ဘက်က စိတ်ပူစရာ မလိုတော့ဘူး။ တရုတ်ရဲ့ ချုပ်ကိုင်မှုအောက်မှာ အပြည့်အဝရှိပြီးသား။ ထိုင်းအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ထိုင်းနယ်စပ်တကြောက တရုတ်ထက် နယ်မြေရှည်လျားပေမဲ့ ထိုင်းအစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ထဲထဲဝင်ဝင် ဆက်ဆံတာတွေ မရှိဘူး။ အပေါ်ယံပဲ ဆက်ဆံတာရှိတယ်။ သူတို့ ထဲထဲဝင်ဝင် ဆက်ဆံတာက မင်းအောင်လှိုင် စစ်အုပ်စုနဲ့ပဲ ထိုင်းစစ်တပ်အရာရှိတွေ တိုက်ရိုက်ဆက်ဆံတာ။ ထိုင်းအစိုးရအဖွဲ့က တိုက်ရိုက်ဆက်ဆံတာမျိုးပဲ ရှိတယ်။ ဒါကြောင့် သူတို့ အဲဒီပေါ်လစီကို ပြောင်းသင့်ပြီ။ နောက်တချက်က တိုက်ပွဲတွေ ဖြစ်လာတယ်၊ ဒီလို မတည်ငြိမ်မှုတွေ ဖြစ်လာတော့ မြန်မာပြည်က လုံးဝ ပြိုကွဲသွားနိုင်တယ်။ ပြိုကွဲတယ်ဆိုတာ သူ့ပြည်နယ် ကိုယ့်ပြည်နယ်၊ ကိုယ့်လက်နက်ကိုင်အဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိမယ်၊ သူ့ဘာသာ အစိုးရဖွဲ့မယ်၊ နိုင်ငံခြားကို တိုက်ရိုက် ထိုးဖောက်မယ်၊ ဆက်ဆံမယ် ဆိုတာမျိုးတွေ မြင်လာတယ်။ ဒါကို ကြိုပြီးရင် အဲဒီလိုမျိုးသာ ဖြစ်ခဲ့မယ်ဆိုရင် အခုချိန်ကတည်းက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို မချဉ်းကပ်ထားနိုင်ရင်၊ မစည်းရုံးထားနိုင်ရင် သူတို့ နောက်ကောက်ကျမယ်။ ဘယ်လို မျက်နှာပြမလဲပေါ့ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် ”

“ဒီလိုမျိုး အခက်အခဲတွေ ဖြစ်နေတဲ့အချိန်မှာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ သတ်ဖြတ်မှုတွေကြောင့် နယ်စပ်ကို ထွက်ပြေးလာတယ်၊ တိုင်းရင်းသားနယ်မြေတွေကို ထွက်ပြေးလာတယ်၊ တိုင်းရင်းသားနယ်မြေတွေမှာ ဒုက္ခသည် ပြည်သူတွေ အများစု ခိုလှုံနေရတယ်။ ဒီလူတွေကို တိုက်ရိုက်အကူအညီမပေးဘဲ စစ်အုပ်စုနဲ့ ကျော်ပြီး ဆက်ဆံနေတာ လုံးဝ သဘာဝမကျဘူး။ အရှက်ရစရာလည်း ဖြစ်တယ်။ နိုင်ငံတကာမှာရော ထိုင်းပြည်သူတွေကိုရော မင်းအောင်လှိုင် ပြေးသွားရပြီ၊ ရှုံးသွားရပြီ ဆိုရင် ဒီလူတွေကို တချိန်ကျ ဘယ်လိုမျက်နှာပြမလဲ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ မြန်မာပြည်သူတွေကို ဘယ်လိုဆက်ဆံမလဲ။ အဲဒါကြောင့် ထိုင်းအစိုးရ လုပ်ရပ်ကို သူတို့က မချင့်မရဲ ဖြစ်တာပေါ့။ ဦးတည်ချက်ပြောင်းပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တိုက်ရိုက်ဆက်ဆံပါ၊ တော်လှန်ရေးအင်အားစုတွေကို တိုက်ရိုက်ဆက်ဆံပါ၊ လူသားချင်း အကူအညီပေးမယ့် ဟာတွေကိုလည်း ဒီကနေ တိုက်ရိုက်သွားပါဆိုတဲ့ ပုံစံမျိုး ဦးတည်ချက်လုပ်လာတဲ့၊ ဆွေးနွေးလာတဲ့ အနေအထား ရှိတယ်။ ဒါကြောင့် ချုပ်ပြောမယ်ဆိုရင် သာမန် ဆန့်ကျင်ဘက်ပါတီ၊ အတိုက်အခံပါတီဘက်က ပြောရင် သူတို့ လက်မခံချင်လည်း ရတယ်။ လက်ခံချင်မှလည်း လက်ခံမယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့နဲ့ အတိုက်အခံဘက်ကဆိုတဲ့ သဘောထားရှိမယ်။ အခုကျတော့ အဲလိုမဟုတ်ဘဲနဲ့ ပါတီတွင်း အစိုးရအဖွဲ့မှာကို အဲဒီလိုမျိုး ဖြစ်လာပြီ။ ဒါပေမဲ့ ခက်တာက သူတို့က မလွန်ဆန်နိုင်တာက  မြန်မာပြည်နဲ့လည်း ခပ်ဆင်ဆင်၊ ဗျူရိုကရေစီယန္တရားကလည်း ရှိတယ်။ ပြီးရင် အရာရှိကြီးတွေ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူတွေရဲ့လက်ထဲမှာ အာဏာရှိထားတဲ့အခါကျ သူတို့သိပ်ပြီး ချက်ချင်း အပြောင်းအလဲလုပ်လို့မရတဲ့ အနေအထား ရှိတယ်။ ဒါပေမဲ့ ဖြစ်လာမယ်လို့ လုံဝသုံးသပ်တယ်၊ ဆက်ပြီး ဖိအားပေးနေမယ်။”

မေး - သူတို့ရဲ့ မူဝါဒကို အပြောင်းအလဲ လုပ်ရမယ်ဆိုတာတော့ သူတို့ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်သွားပြီ။ ဒါပေမဲ့ ထိုင်းနိုင်ငံရေးမှာလည်း စစ်တပ်နဲ့ ကာလုံတို့ရဲ့ ဩဇာလွှမ်းမိုးကလည်း ရှိနေတယ်။ နောက် ဗျူရိုကရေစီယန္တရားလည်း ရှိနေတော့ ဒါတွေကို တဖြည်းဖြည်းချင်း ဖယ်ရှားပြီး အတိုက်အခံ အင်အားစုတွေ၊ လက်နက်ကိုင် အင်အားစုတွေနဲ့ ပေါင်းမယ်။ မင်းအောင်လှိုင်က မသေချာတော့ဘူး ဆိုတဲ့ဘက်ကို သွားနေတယ်လို့ ဆရာ ပြောသွားတဲ့အထဲမှာ သုံးသပ်မိပါတယ်။ စစ်ဗိုလ်ချုပ်ကြီး ပြောသွားတဲ့အထဲမှာ ဖြစ်လာနိုင်တဲ့ အနေအထားတခုကို ပြောပါဆိုရင် တကယ်လို့ ထိုင်းနယ်စပ်မှာရှိနေတဲ့ တော်လှန်ရေး အင်အားစုတွေကသာ မြောက်ပိုင်းကအဖွဲ့တွေလို ညီညီညွတ်ညွတ်နဲ့တိုက်ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စကစက ကျဆုံးမှာ သေချာတယ်ဆိုတဲ့ သဘောမျိုး ပြောထားတာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာ့အမြင်လေး ပြောပြပေးပါဦး။

ဖြေ - “အဲဒါလည်းပြောတယ်၊ သူတို့က မြောက်ပိုင်းစစ်ဆင်ရေး မစခင်က ကာလုံမှာ အတွင်းရေးမှူး လုပ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်နှစ်ယောက်လုံး ဆွေးနွေးဖူးတယ်။ မျက်နှာချင်းဆိုင်တော့မဟုတ်ဘူးပေါ့။  မင်းအောင်လှိုင်တပ်ရဲ့ စစ်ရေးစွမ်းရည်၊ ထောက်ပို့လုပ်နိုင်တဲ့ စွမ်းအားတွေ လုံလုံလောက်လောက် မရှိဘူး၊ မပေးနိုင်ဘူးပေါ့လေ။ ဘာကိုသက်သေပြလို့ရလဲဆိုတော့ စစ်ကူတောင်တာ မပေးနိုင်ဘူး ဒါကြောင့် လေယာဉ်နဲ့လာပြီး ရမ်းသန်း ပြည်သူတွေကို ဗုံးကြဲတာ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ရပ်ရွာပြည်သူတွေ ထိတာပေါ့ အဲလိုမျိုးဟာတွေကို သူတို့သုံးသပ်တာပေါ့။  သာမန်လူသုံးသပ်တယ်ဆိုရင် ပေါ့ပေါ့တန်တန်ထားလို့ရတယ်။ သူတို့ကိုယ်တိုင်က စစ်ရေးမှာ အတွေ့အကြုံရှိတဲ့ သူတို့ စစ်ဗိုလ်ချုပ်ကြီးတွေ သုံးသပ်တာက သူတို့ကိုယ်တိုင်ထုတ်ပြောတယ်၊ မင်းအောင်လှိုင်ရဲ့ အင်အားက အရင်က သိန်းဂဏန်းရှိတယ် ပြောတယ်၊ ဒါ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ သူတို့တလျှောက်လုံးပြောလာတာပေါ့။ အရင်တချိန်က ထိုင်းစစ်တပ်အနေနဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို အထင်ကြီးခဲ့တယ်။ စိုးရိမ်ခဲ့တာလည်း ပါတာပေါ့။ မြန်မာဘက်က စစ်အင်အားကြီးတယ်၊ အာရှမှာ ဘယ်အဆင့်ရှိတယ်ဆိုပြီးတော့ သိန်းချီပြီးရှိတယ်ဆိုတော့ သူတို့လည်း တော်တော်လန့်တယ်။ အခုအချိန်လည်းဖြုံနေတုန်းပဲ ပြောရမယ်ဆိုရင်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ သူတို့က သေသေချာချာ တွက်ပြလာတယ်။ အရင်က သိန်းဂဏန်းရှိတယ်။ အခု လက်နက်ချတဲ့အင်အားက ဘယ်လောက်ရှိတယ်၊ ထွက်ပြေးတဲ့အင်အားက ဘယ်လောက်ရှိတယ်ပေါ့။ CDM လုပ် ပူးပေါင်းလာတဲ့ အနေအထားမှာ ဘယ်လောက်ရှိတယ်ပေါ့။ သူတို့က ဒီအရေအတွက်ကို တွက်ချပြီး သူတို့က ပြောတာ။ အလွန်ဆုံးရှိမှ မင်းအောင်လှိုင်တပ်က ခုနှစ်သောင်းလောက်ပဲ ရှိမယ်လို့တွက်တယ်။ အဲဒီ ခုနှစ်သောင်းတောင်မှ အရန်အင်အား ပြောလို့ရတယ်ပေါ့။ တကယ့် တိုက်ခိုက်ရေးအင်အားက မဟုတ်ဘူးပေါ့။ မိသားစုဝင်တွေ၊ ဝန်ထမ်းတွေ၊ ရုံးစာရေးလိုမျိုး၊ သူနာပြု၊ ဆေးရုံ ဆရာဝန်တွေလို အဲဒီလိုတွေပေါင်းမှ ခုနှစ်သောင်းလောက်ရှိမယ်လို့ သူတို့တွက်တယ်။ ဒါစစ်မှုထမ်းဥပဒေ မပြဋ္ဌာန်းခင်ကတည်းက သူတို့ပြောတဲ့စကားတွေ သုံးသပ်ချက်တွေနော်။ အခု ဥပဒေ ထုတ်ပြန်လိုက်တဲ့ အခါကျတော့ ပိုပြီးတော့ strong ဖြစ်သွားတာပေါ့၊ မင်းအောင်လှိုင်ရဲ့ အားနည်းချက်တွေ သူတို့ရဲ့သုံးသပ်ချက်တွေက ပိုပြီးမှန်ကန်တယ်ဆိုတဲ့အကြောင်း၊  ဘာကြောင့်လဲဆိုတော့ လုံးဝအလေအလွင့် ဖြစ်နေပြီ၊ အင်အား တကယ်လိုအပ်နေတယ်၊ ဒါကြောင့် ဒီဥပဒေကို အတင်းအကျပ်ထုတ်ပြီး စစ်သားစုဆောင်းရတဲ့ အနေအထား ဖြစ်သွားတယ်ဆိုတော့ သူတို့ရဲ့ သုံးသပ်ချက်က ပိုအားပေးတာပေါ့။”

“အဲတော့ သူတို့ကပြောတာက ဒီလို မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ တိုက်တာ အချိန်တိုအတွင်းမှာ ဒီလောက် နယ်မြေတွေကို သိမ်းပိုက်နိုင်တယ်၊ ထိန်းချုပ်နိုင်တယ်ဆိုရင် တကယ်လို့ ဒီတောင်ပိုင်းဘက်က ထိုင်းနယ်စပ်မှာရှိတဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေ စုပေါင်းပြီး သဘောတူညီချက် ကြေညာချက်ထုတ်ရုံ မဟုတ်ဘဲ လက်တွေ့ကျတဲ့ စစ်ရေးလှုပ်ရှားမှု တိုက်စစ်ကိုသာ တကယ်ဆင်ရင် မင်းအောင်လှိုင် လုံးဝ ပြုတ်ကျတယ်ဆိုတာ သူတို့က အကြံပေး သုံးသပ် ဆွေးနွေးတယ်။ ဘာလို့လဲဆိုရင် မြောက်ပိုင်းသုံးဖွဲ့တိုက်တာ မင်းအောင်လှိုင် လုံးဝမနိုင်လို့ တရုတ်ခြေသလုံး ပြေးဖက်ပြီး စေ့စပ်ဆွေးနွေးရေး လုပ်ပါဆိုတာ မျက်နှာငယ်ငယ်နဲ့ တောင်းပန်ရတဲ့ အနေအထား ဖြစ်သွားတာ။ ဟိုဘက်က တရုတ် ဩဇာလွှမ်းမိုးမှု ရှိလို့သာ လိုက်နာတာ။ ထိုင်းနယ်စပ်က အဖွဲ့အစည်းတွေက Independent တွေလို့ ပြောလို့ရတယ်။ ထိုင်းဩဇာလွှမ်းမိုးမှုက မရှိဘူး။ ထိုင်းကလည်း Control လုပ်လို့မရဘူး။ ရှင်းရှင်းပြောမယ်ဆိုရင် မင်းအောင်လှိုင် စစ်အုပ်စုကိုလည်း လွှမ်းမိုးမှုမရှိဘူး။ သူတို့ ပုဂ္ဂလိက အကျိုးစီးပွားအရသာ ဆက်ဆံနေတာ။ ကျနော်တို့ဘက်က အားသာချက်တွေချည်းပဲလို့ ပြောလို့ရတယ်။ အဲလိုဘာကြောင့်ပြောလဲဆိုရင် မင်းအောင်လှိုင် ရနေတဲ့ လက်နက်ခဲယမ်းတွေက ရုရှားကရတာ။ ရုရှားက လက်နက်တွေကို တရုတ်နယ်စပ်ကနေ သွင်းတာလို့ သိရတယ်။ ဟုတ်မဟုတ်တော့မသိဘူး ဖြစ်နိုင်ခြေလည်း များတယ်။ သူတို့က စစ်တပ်ချင်း ဆက်စပ်နေတာဆိုတော့ သူတို့ရတဲ့သတင်းတွေကို ပြောတာ။ တရုတ်နယ်စပ်မှာ မြောက်ပိုင်းအဖွဲ့တွေက ထိန်းချုပ်နိုင်ပြီ။ အပြည့်အဝ ထိန်းချုပ်လိုက်တော့ ဒီလမ်းကြောင်းက လုံးဝပိတ်သွားပြီ။ ဆိုတော့ ရုရှားက လက်နက်ထောက်ပို့ဝင်ဖို့က မလွယ်တော့ဘူး။ ဝင်လို့လည်း မရတော့ဘူး။ နောက်တချက် သူတို့တွက်တာက ရေလမ်းကဆိုရင်ရော။ ရေလမ်းက မဖြစ်ဘူး။ ရေလမ်းက မာလက္ကာရေလက်ကြားကို ဖြတ်ရမယ်။ ဟိုတခါကလိုမျိုး အမေရိကန် ရေတပ်သင်္ဘောက ဝင်ပြီး စစ်ဆေးတာမျိုး ရှိတယ်။ နှစ်ဖက်လုံး ဆုံးရှုံးမှာလေ။ အဲတော့ အရင်ကလိုမျိုးလည်း မရဲဘူး။ ရေလမ်းကြောင်းကလည်း မလွယ်ဘူးပေါ့လေ။ ရေလမ်းဘက်က ဝင်နိုင်တာ အပေါ်က နှစ်ပေါက်ပဲရှိတယ်။  ရခိုင်ဘက်က ဝင်မှာနဲ့ ရန်ကုန်က ဝင်မှာ။ ရခိုင်ကလည်း လုံးဝ ဝင်လို့မရဘူး။ အေအေက အပြတ်ထိန်းချုပ်နိုင်တဲ့ အနေအထား ဖြစ်သွားပြီ။ လေယာဉ်နဲ့ပို့မယ် ဆိုရင်လည်း အရမ်းကုန်ကျစရိတ် ကြီးမယ်။ ရုရှားမှာလည်း ငွေကြေးအခက်အခဲ၊ နိုင်ငံတကာ ဖိအားတွေရှိတယ်။ မင်းအောင်လှိုင်မှာလည်း ဖိအားတွေ ရှိနေပြီ။ သူတို့မှာ လုံးဝ ရိက္ခာ၊ ခဲယမ်းတွေ ပြတ်နေပြီ။ သူတို့မှာ ကိုယ်ပိုင်စက်ရုံတွေရှိတယ်။ လက်နက်ငယ်တွေ ထုတ်လုပ်နိုင်တယ်။ အလတ်စား လက်နက်အဆင့်အထိ ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ လက်နက်ငယ် ထုတ်ဖို့အတွက် supporing material တွေ ထောက်ပို့ပစ္စည်းတွေ သူတို့မှာ ကုန်ခန်းသလောက် ရှိနေပြီ။ အဲလိုသုံးသပ်တယ်။  ဒါကြောင့် အနှေးနဲ့အမြန် မင်းအောင်လှိုင် စစ်တပ် ရေရှည်ရပ်တည်ဖို့ မလွယ်ဘူး။ သူကတော့ မထူးဇာတ်ခင်းမှာပေါ့လေ။”

“ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကသာ မင်းအောင်လှိုင်ကို အနားပေးတဲ့ပုံစံမျိုး မဟုတ်ဘဲ ထိုးစစ်ကို ဆက်တိုက်ဆင်နိုင်ရင် လုံးဝအခြေအနေ မလွယ်ဘူးဆိုတာ သူတို့က သုံးသပ်တယ်။ နောက်တချက်က ဘာလဲဆိုတော့ မင်းအောင်လှိုင်ကို လျှော့တွက်လို့တော့ မရဘူး။ ထိုင်းစစ်တပ်အရာရှိတွေကို နိုင်ငံခြားရေးဝန်ကြီးလိုမျိုး သူတွေကို ကျိတ်ပြီးအကူအညီတောင်း ဆွေးနွေးနေတာတွေ ရှိတယ်။ တိုက်ရိုက်မဟုတ်ဘဲ တဖက်လှည့်နဲ့ပေါ့။ ဆွေးနွေးပွဲ ရောက်လာအောင်၊ သူတို့ အသာစီးရအောင် ပုံစံမျိုးပေါ့။ အဲဒါတွေကိုလည်း ရှိကောင်းရှိနိုင်တယ်။ ဘာလို့လဲဆိုတော့ သူက အခြေအနေမဟန်တော့ဘူး။ ထွက်ပေါက်ရှာလာလိမ့်မယ်။ တကယ်လို့သာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေဘက်က ဆွေးနွေးပွဲ လက်မခံဘဲ တောင့်ခံနိုင်မယ်ဆိုရင်၊ လက်မခံဘူး ဆိုတာက သတ်ဖြတ်နေတာကို လက်မခံဘူး၊ မဆွေးနွေးဘူး ဆိုတာက သဘာဝမကျဘူးပေါ့။ ဒါပေမဲ့ အဲဒီလို ငြင်းနိုင်အောင် ကျနော်တို့ဘက်က တိုက်စစ်ဆင်နိုင်မယ်ဆိုရင် နိုင်ငံရေးအရ၊ စစ်ရေးအရ၊ သံတမန်ရေးအရ လှုပ်ရှားနိုင်မယ်ဆိုရင် ဒီဆွေးနွေးပွဲကလည်း မဖြစ်လာနိုင်ဘူး။ အဓိကကတော့ မင်းအောင်လှိုင် လူမဆန်တဲ့ လုပ်ရပ်မျိုး၊ စစ်မှုထမ်းဥပဒေမျိုး ထုတ်တာတွေ ရှိလာတာမျိုးပေါ့။ အဲဒါဆိုရင် ဆွေးနွေးပွဲလမ်းကြောင်း ပျက်သွားနိုင်တယ်။ ပျက်သွားပြီးရင် အပြတ်ဖြုတ်ရေးပေါ့ အဲဒီလိုအနေအထားမျိုး ရောက်လာရင် မင်းအောင်လှိုင်က ထွက်ပြေးနိုင်တယ်။ မထွက်ပြေးဘူးတောင့်ခံနေတယ် ဆိုတောင်မှ ရေရှည်မှာ သူ တနိုင်ငံလုံး ထိန်းချုပ်ဖို့ မလွယ်တော့ဘူး။ နယ်မြေတွေ ကျဉ်းလာပြီ။ နေပြည်တော်၊ မန္တလေး၊ ရန်ကုန်လောက်ပဲ ကောင်းကောင်း ထိန်းချုပ်နိုင်တော့မယ်။ ဒါပေမဲ့ စစ်ရေးအရ ဖြစ်ဖြစ်မြောက်မြောက် လုပ်မယ်ဆိုရင် သူ ထွက်ပြေးနိုင်တဲ့ အနေအထား ရှိတယ်။ ထွက်ပြေးရင်လည်း သူတို့က တရုတ်လောက် မထွက်ပြေးဘူး။ ရှင်းရှင်းပြောရရင် တရုတ်ကို မင်းအောင်လှိုင်က အပြည့်မယုံဘူး။ တရုတ်ကလည်း ယုံစရာမရှိဘူး။ သူ့အကျိုးစီးပွားနဲ့ ပတ်သက်လာရင် အချိန်မရွေး ထိုးကျွေးမှာပဲ။ အဲလိုအနေအထားတွေရှိတဲ့အခါကျတော့ တရုတ်က လုံခြုံမှုမရှိဘူးလို့ သူက ခံစားရတယ် မင်းအောင်လှိုင်အနေနဲ့က။ ဒါ စစ်တပ်ဘက်က ရထားတဲ့သတင်းပေါ့။ အဲဒီတော့ သူတို့ ရုရှားကိုတော့ ခြေလှမ်း လှမ်းထားတာ ရှိတယ်။ အဓိကက မင်းအောင်လှိုင် အသိုင်းအဝိုင်းပေါ့။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရုတ်ကို ခိုလှုံမယ့်သတင်း ဟိုတလောက ဖတ်လိုက်ရတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနေအထားက  တရုတ်ဘက် ဖြစ်နိုင်တယ်။ မင်းအောင်လှိုင် အနေအထားကတော့ ရုရှားဘက် လှမ်းဖို့ရှိတယ်။”

“ဒါကြောင့် ကျနော်တို့ဘက်က နှစ်မျိုးပေါ့။  ဒီအတိုင်း အိပဲ့အိပဲ့နဲ့ ဒီအတိုင်းပုံစံမျိုးနဲ့ သွားမယ်ဆိုရင် မြောက်ပိုင်းက ထိုးစစ်ကလည်းရပ်လိုက်ပြီ၊ အောက်ပိုင်းကလည်း ထိုးစစ်မဆင်နိုင်ဘူးဆိုရင်  အိပဲ့အိပဲ့ ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ အဲတော့ သူတို့ သုံးသပ်တာက မင်းအောင်လှိုင် စစ်တပ်ကလည်း တိုင်းရင်းသားအင်အားစုတွေကို မဖြိုနိုင်ဘူး။ ပြန်မဖြိုနိုင်တဲ့အပြင် အားပါကောင်းလာတယ် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ၊ PDF တွေ၊ NUG တို့အုပ်စုက၊ အားကောင်းလာပေမဲ့  လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း  မင်းအောင်လှိုင်ကို စစ်ရေးအရ  ပြန်တိုက်ပြီး ဖြုတ်ချနိုင်လားဆိုတော့ မဖြုတ်ချနိုင်ဘူး။ ဘာလို့လဲဆိုတော့  မြောက်ပိုင်းမှာ သက်သေဖြစ်နေပြီ တရုတ်ကကိုင်ထားတဲ့အနေအထား။ အဲဒီဟာမျိုးဖြစ်နေတဲ့အခါကြတော့ သူတို့က စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပဲကျန်တယ်၊ အဲဒါကို တရုတ်ဘက်ကလည်း ဖိအားပေးတဲ့ အနေအထား ရှိတယ်။ ထိုင်းနဲ့ တွဲပြီးပေါ့။”

“ထိုင်းက အခု ဘယ်လိုလုပ်လဲဆိုတော့ သူတယောက်တည်း ဆရာကြီးမလုပ်ဘဲ၊ အမုန်းမခံတော့ဘဲနဲ့ အကုန်လိုက်တွဲတော့တာ။ ထိုင်းက တရုတ်ကိုလည်း တွဲတယ်၊ အိန္ဒိယကိုလည်း တွဲတယ်၊ အခု လာအိုက အာဆီယံဥက္ကဋ္ဌ ဖြစ်သွားတော့ လာအိုကိုလည်း တွဲတယ်။ လာအို ဆိုတာ တရုတ်ရဲ့ လုံးဝဩဇာခံ။ တရုတ်ရဲ့ ညွှန်ကြားချက်အတိုင်း သူတို့ကလုပ်မှာပဲ။ နောင်တချက်က လာအိုနဲ့ တရုတ်ရဲ့ ဆက်ဆံရေး။ နောက်တခု ထိုင်းနဲ့ လာအို ဆက်ဆံရေး။ သူတို့က ညီအစ်ကိုလို့ ပြောလို့ရတယ် သူတို့က ဘာသာစကားလည်း သိပ်ကွဲတာမဟုတ်ဘူး။ ထိုင်းရဲ့ အတွေးအခေါ်တွေ၊ အိုင်ဒီယာတွေကို လာအိုက အများကြီး လိုက်မယ့်အနေအထား ရှိတယ်။ ရှင်းရှင်းပြောရင် ဒီအတိုင်း အိပဲ့အိပဲ့ သွားမယ်ဆိုရင် ကျနော်တို့ဘက်က သိပ်ပြီးအားကောင်းတဲ့ အနေအထား မရှိဘူး။ ကျနော်တို့ဘက်က တခုခုလုပ်နိုင်တယ်ဆိုရင်တော့ အားကောင်းနိုင်တယ်။”

“အဲဒါကို ဘယ်လိုလုပ်မလဲဆိုတော့ ကျနော် သိထားသလောက် ပြောမယ်ဆိုရင် စေ့စပ်ဆွေးနွေးရေးကို ဖြစ်ဖို့ ဝိုင်းပြီး ဖိအားပေးမယ်။ ယူအန်မှာလည်း ကိုယ်စားလှယ်ခန့်ဖို့ သူတို့ လူရှာနေတယ်လို့ ပြောတယ်။ လူကတော့ မတွေ့သေးဘူး။ အပြိုင်အဆိုင် သူ့နိုင်ငံသားဖြစ်ဖို့ ငါ့နိုင်ငံသားဖြစ်ဖို့အတွက် ဆွေးနွေးနေတယ်၊ တင်နေတယ်လို့ပြောတယ်။  အဲဒါတွေ မကြာခင် ဖြစ်လာမယ်။ အာဆီယံက ဒီကိစ္စတွေ ဖြစ်လာအောင် အတင်းဖိအားပေးမယ်။ မင်းအောင်လှိုင်က အနောက်က ကျိတ်ကြံတာလည်း ပါမှာပေါ့လေ။ အဲဒီတော့ ကျနော်တို့ ပြန်ပြီးစဉ်းစားရမယ်။ တော်လှန်ရေးအင်အားစုတွေ၊ NUG၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အဲဒါကို ဘယ်လိုလုပ်ပြီး ကျော်ဖြတ်မလဲ ဆိုတဲ့ဟာပေါ့။ သူတို့ကတော့ စေ့စပ်ဆွေးနွေးရေး မဖြစ် ဖြစ်အောင် အတင်းဖိအားပေးမယ့် အနေအထားရှိတယ်လို့ ကျနော် ကြားရတယ်။”

ဆွေးနွေးပေးတဲ့ ဆရာ စတီဗင်စန်းယုကို အထူးကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024