Home
မြန်မာသတင်း
မုံရွာတွင် စစ်တပ်က ပြည်သူ ၁ ဦးနှင့် နေအိမ် ၄ လုံးကို သတ်ဖြတ်မီးရှို့
DVB
·
February 28, 2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြီးဗဒုံရွာမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၁ နာရီခွဲက ရွာသားတဦးနဲ့ နေအိမ် ၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) က ထွက်လာတဲ့ စစ်‌ကြောင်းက ကျေးရွာအတွင်းဝင်လာပြီး အခုလို မီးရှို့သတ်ဖြတ်သွားတာလို့လည်း ဆိုပါတယ်။

ကြီးဗဒုံရွာက သာမန်အရပ်သား ကိုအောင်ဇော်မိုး မီးရှို့အသတ်ခံရတာလို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ 

“အင်အားဘယ်လောက်ပါတယ် ဆိုတာကတော့ မသိဘူး။ နမခ ထွက်လာတယ်ဆိုတာ အတိအကျ ပြောလို့ရတယ်။ သူတို့လာတော့ ထုံးစံအတိုင်း ရွာသားတွေ ထွက်ပြေးရတယ်။ အခု အသတ်ခံရတဲ့သူက စစ်ကြောင်း ရွာထဲဝင်လာမှ ထွက်ပြေးလို့ စစ်ကြောင်းနဲ့ ပိတ်မိပြီး ဖမ်းခံရကာ မီးရှို့သတ်ခံရတာဗျ။ သတ်ပြီး မီးရှို့ထားခဲ့တာက နွားစာပုံ (ကောက်ရိုးပုံ) ထဲထည့်ပြီး မီးရှို့ခဲ့တာ။ နောက်ပြီး လူနေအိမ် ၄ လုံးကိုလည်း မီးရှို့ထားခဲ့ကြသေးတယ်။”

ကြီးဗဒုံရွာဟာ မုံရွာမြို့နယ်‌မြောက်ပိုင်း ဘုတလင်မြို့နယ်အစပ် စစ်ကောင်စီ အထိုင်ချ နမခ စစ်ဌာနချုပ်နဲ့ ၅ မိုင်ခန့်သာဝေး‌‌တဲ့ ကျေးရွာတရွာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ကလည်း မုံရွာမြို့နယ် တောင်ပိုင်းက ကျပိုင်ရွာမှာ အရပ်သား ၁၁ ဦးကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024