DVB Logo
Home
မြန်မာသတင်း
တူရကီငလျင်ဘေးကြုံခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် မြန်မာကျောင်းသား ၁ ဦးနှင့် DVB မေးမြန်းချက်
DVB
·
February 13, 2023
တူရကီငလျင်ဘေးကြုံခဲ့ရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် မြန်မာကျောင်းသား ၁ ဦးနှင့် DVB မေးမြန်းချက်
Donate to DVB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် တနင်္လာနေ့က တူရကီနဲ့ ဆီးရီးယားနယ်စပ်ဒေသမှာ အားပြင်းငလျင်တွေ လှုပ်ခတ်ခဲ့ပြီး ဒီနေ့အထိ နိုင်ငံတကာသတင်းတွေမှာ သိရသလောက် လူပေါင်း သုံးသောင်းခွဲနီးပါး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ငလျင်ဗဟိုချက်အနီးက ဂါဇီယံတပ်မြို့က တက္ကသိုလ်မှာ ပညာသင်ယူနေကြတဲ့ မြန်မာကျောင်းသား တော်တော်များများရှိနေပြီး ငလျင်ဒဏ်နဲ့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေအကြောင်း မြန်မာကျောင်းသားတယောက်ဖြစ်တဲ့ ကိုရဲမင်းနိုင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ မြေငလျင်ကြီးစလှုပ်ခဲ့တဲ့နေ့က အခြေအနေကို ပြောပြပါဦး။

ဖြေ။ “ကျနော်တို့က ဂါဇီယံတပ်တက္ကသိုလ်မှာ ကျောင်းတက်နေကြတာပါ။ ကျောင်းရဲ့ အရှေ့ဘက်က တိုက် ၃ လွှာမှာနေကြတယ်။ အဲဒီညက အခန်းထဲမှာ မြန်မာ ကျောင်းသားတွေရော တခြားကျောင်းသားတွေပါရှိနေကြတယ်။ ငလျင်လှုပ်တာက ၁ မိနစ်ခွဲလောက်ကြာတယ်။ အဲဒီလိုမျိုး တခါမှ မကြုံဖူးဘူး။ အသေလှုပ်တာ။ ဗီရိုတွေဘာတွေဆို ယိမ်းနေတဲ့အထိလှုပ်တာ။ ဒါနဲ့ ကျနော်တို့လည်း တချို့အိပ်နေတဲ့သူတွေကိုပါဆွဲပြီး ဆင်းပြေးကြတယ်။ အဲဒီညက ရာသီဥတု အခြေအနေက ၆ ဒီဂရီလောက်ရှိတယ်။ နှင်းတွေလည်း ကျနေတယ်။ ရုတ်တရက် ဆင်းပြေးလာကြတော့ တချို့ဆို ဖိနပ်မပါ၊ အင်္ကျီမပါကြဘူး။”

“လှုပ်ပြီး ခဏနေတော့ အခန်းပေါ်ပြန်တက်ပြီး အင်္ကျီတွေဘာတွေ ရသလောက် ယူကြတယ်။ ငလျင်တွေက ထပ်လှုပ်လာတော့ လန့်ပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေပါ ရသလောက်ယူပြီး ပြန်ဆင်းတယ်။ ကျောင်းဝင်းထဲက ၂၄ နာရီ ဖွင့်တဲ့ ကော်ဖီဆိုင်ထဲထိုင်နေကြတယ်။ တချို့ကလည်း ကျောင်းရှေ့မြက်ခင်းထဲမှာ၊ အားကစားရုံထဲမှာ၊ ပြီးတော့ ဗလီတွေထဲမှာ ထိုင်နေကြတယ်။ အဲဒီတညလုံးပေါ့။”

“အဲဒီညက ပထမဆုံးလှုပ်တဲ့ငလျင်က ပြင်းအား ၇ ဒသမ ၈ ရှိတယ်။ ညနေပိုင်းမှာ နောက်ထပ်လှုပ်တဲ့ ငလျင်က ၇ ဒသမ ၅ ရှိတယ်။ ဒါကတော့ နောက်မှ သိလာရတာပါ။ အဲဒီဗဟိုချက်က ကျနော်တို့နဲ့ ၇ ကီလိုမီတာ (၄ မိုင်ကျော်)ကွာတယ်။”

မေး။ ငလျင်ကြောင့် အဆောက်အအုံက ဘာဖြစ်သွားလဲ။ နောက်နေ့ကျတော့ရော။

ဖြေ။ ကျနော်တို့နေတဲ့တိုက်တွေက ဘာမှမဖြစ်ဘူး။ မြို့ထဲမှာက တိုက်အသစ်တွေ များတယ်။ မပြိုဘူး။ ဒါပေမဲ့ တိုက်တိုင်းလိုလိုမှာက အက်ရာတွေရှိတယ်။ တိုက်တိုင်း လိုလိုမှာပဲ။ ဒါကြောင့် လူတွေက တိုက်ထဲမှာ မနေကြတော့ဘဲ Shelter တွေမှာ လာနေကြတာ။ ကျနော်တို့လည်း နောက်ရက်မှာ Shelter (ကယ်ဆယ်ရေးစခန်း) ကိုရောက်သွားတယ်။ မဖွင့်ရသေးတဲ့ Museum မှာ လုပ်ထားတာပေါ့။ ဒီမှာက လူ ၅၀၀၀ လောက်နေတယ်။

နေရတာကတော့ အဆင်ပြေပါတယ်။ မနက်ဘက်ကို တူရကီစွပ်ပြုတ်နဲ့ ပေါင်မုန့်နဲ့ စားရတယ်။ ညနေဆိုရင်တော့ ထောပတ်ထမင်းပေါ့။ အခက်အခဲတွေရှိပေမယ့် အဆင်ပြေအောင်နေခဲ့ရတာပေါ့။ စစချင်းတုန်းကတော့ ခက်ခဲတာပေါ့လေ။ ဒါပေမဲ့ ဒီမှာက စီစဉ်ပေးတာတွေက ဖြစ်နေတာနဲ့စာမယ်ဆိုရင် တော်တော်ကို အဆင်ပြေပါတယ်။

မေး။ မြန်မာကျောင်းသားတွေထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ ရှိသေးလား။ ဘယ်လိုလဲ။

ဖြေ။ “ကျနော်တို့ထဲက ကျောင်းသားတွေကတော့ မထိခိုက်ကြပါဘူး။ တိုက်တွေလည်း ဘာမှမဖြစ်ခဲ့လို့ပါ။ ဒါပေမဲ့ နှင်းတွေကျနေတဲ့ ရာသီဥတုထဲမှာ အနွေးမပါဘဲ တနာရီလောက်နေခဲ့ကြရတယ်၊ နောက်ထပ် ၁၂ နာရီလောက် ကဖေးထဲမှာနေခဲ့ကြရတော့ တော်တော်ကိုဖျားနာတာ၊ အသံဝင်သွားတာမျိုး ဖြစ်ကြတယ်။ အခုတော့ သက်သာလာကြပါပြီ။”

မေး။ အဲဒီမှာ မြန်မာကျောင်းသားဘယ်လောက်ရှိလဲ။

ဖြေ။ “မြန်မာကျောင်းသားက ဒီနှစ်တော်တော်များတယ်။ အယောက် ၅၀၊ ၆၀ လောက် ရှိမယ်။ ဂါဇီယံတပ် တက္ကသိုလ်မှာက ကျောင်းသားပေါင်း ၁ သိန်းလောက်ရှိမယ်။  ကျနော်တို့တွေထဲက တချို့က အဆောင်တွေမှာ နေကြတယ်။ တချို့ကတော့ အခန်းငှားပြီး စုပေါင်းနေကြပါတယ်။”

မေး။ ငလျင်အခြေအနေကိုလည်း သိသလောက် ပြောပြပါဦး။

ဖြေ။ “ငလျင်လှုပ်ပြီးနောက်ပိုင်း ကျနော်တို့လည်း App တွေကနေ ကြည့်ကြတယ်။ လှုပ်ပြီးနောက်နေ့မှာဆို ပြင်းအား ၃ ကနေ ၅ အထိရှိတဲ့ ငလျင်တွေက ၁၅ မိနစ် တခါလောက်လှုပ်နေတာ။ တခါတခါ ၅ ကျော်တဲ့ ငလျင်တွေလည်းလှုပ်တယ်။ ဒါက နိုင်ငံတဝန်းမှာပေါ့။ တူရကီအစိုးရရဲ့ ဝက်ဘ်ဆိုက်တွေမှာလည်း ဝင်ကြည့်လို့ရတယ်။ အခုတော့ ၁ နာရီ၊ ၂ နာရီလောက်မှာ တကြိမ်လောက်လှုပ်နေသေးတယ်။ 

“ကျနော်တို့နေတဲ့ ဂါဇီယံတပ်မှာက တိုက်အသစ်တွေပဲ ရှိတော့ သိပ်မပျက်စီးဘူး။ ဒါပေမဲ့ တချို့ ၁၂ ထပ်တိုက်ကြီးတွေ အလယ်ကနေ ထက်ခြမ်းကွဲသွားတာမျိုးတွေ့ရတယ်။ Old city ကျနော်တို့ခေါ်တဲ့ ဂါဇီယံတပ်မြို့ဟောင်းပေါ့၊ အဲဒီမှာက တိုက်အဟောင်းတွေရှိတယ်။ အဲဒီမှာတော့ ပြိုကျတာတွေရှိတယ်။ အထိခိုက်ဆုံးကတော့ ခါရာမန်မရတ်ရှ်မြို့ပေါ့။ အဲဒီမှာက မြို့တဝက်လောက် ပျောက်သွားတယ်။ သတင်းတွေထဲမှာက အဲဒီမြို့အကြောင်းပဲ တွေ့နေရတယ်။ ကျနော်တို့မြို့က သိပ်ထိခိုက်တာမရှိတော့လေ။ အခုထိတော့ လူ ၁၅၀၀၀ လောက် သေတယ်လို့ သိရတယ်။” (နောက်ဆုံးသတင်းတွေအရတော့ လူ ၂ သောင်းလောက် သေဆုံးတယ်လို့ သိရပါတယ်)

မေး။ အခု ငလျင်ကြီးလှုပ်ခတ်အပြီးမှာ  ဘာဆက်လုပ်မလဲ။

ဖြေ။ “နိုင်ငံမှာ အရေးပေါ်အခြေအနေ ၃ လ ကြေညာထားတယ်။ ကျောင်းကတော့ ဘယ်လိုနေမလဲမသိဘူး။ သူလည်း ပိတ်မှာပါပဲ။ ကျနော်တို့ကတော့ အန်ကာရာမြို့ကို သွားဖို့ပြင်နေတယ်။ ဒီမှာက အခုလမ်းကြောင်းတွေပြန်ဖွင့်နေပြီ။ အစိုးရက လေကြောင်းလိုင်းတွေ အခမဲ့ဆွဲပေးတယ်။ တခြားပုဂ္ဂလိကလိုင်းတွေကလည်း ဆွဲပေးတယ်။ ဒါကတော့ သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာ ထိခိုက်သူတွေကို ဦးစားပေးတာပေါ့လေ။ နောက်ပြီး ဘတ်စ်ကားတွေလည်း ပြေးပေးနေပြီ။ သူက ဆက်သွယ်ရေး လမ်းကြောင်းစုံတော့  အဲဒီကနေတဆင့် အစ္စတန်ဘူလ်ကိုသွားမယ်။ အစိုးရ စီစဉ်ပေးတဲ့ အခမဲ့လေယာဉ်နဲ့ သွားရမှာပါ။ ဘတ်စ်ကားလမ်းကြောင်းကတော့ အန္တရာယ်များတယ်။ လမ်းမှာ အက်ကွဲတာတွေ ရှိနေတယ်။ ဒါပေမဲ့ ရှေ့က မြန်မာကျောင်းသားတဖွဲ့ရောက်သွားပြီ။ ဟိုမှာက လောလောဆယ်နေဖို့ စားဖို့ ကူညီပေးမယ့် မြန်မာ အစ်ကိုအစ်မတွေရှိနေကြတယ်။ ပြီးတော့ တခြားနိုင်ငံက အစ်ကိုအမတွေကလည်း လှမ်းကူညီကြတယ်။ အဆင်ပြေမှာပါ။”

မေး။ တခြား အခက်အခဲတွေကရော ဘာတွေရှိလဲ။ ဘာများဖြည့်စွက်ပြောချင်လဲ။

ဖြေ။ “ငလျင်နဲ့ မဆိုင်ပေမယ့် အမြဲတမ်းကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြချင်ပါတယ်။ ကျနော်တို့ မြန်မာကျောင်းသားတွေ ကြုံရတာပေါ့။ ဒီမှာက ပညာရေးကောင်းလို့ လာတက်ကြတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က အဆင်မပြေတာတွေကြုံရတယ်။ သူတို့ဘက်ကလိုတဲ့ စာရွက်စာတမ်း အထောက်အထားတွေ Denklik (Equivalent Certificate) တောင်းတဲ့အခါ မပေးနိုင် တာမျိုးပေါ့။ အဲဒါကလည်း ကျနော်တို့(မြန်မာ)ဘက်မှာ ပုံစံတောင်မရှိတာမျိုး။ အဲဒီလိုဆိုတော့ မပေးနိုင်တော့ အဆင်မပြေဘူး။ ဒါမျိုးတွေ အများကြီးပဲ။ ကျောင်းသားတွေ ရာနဲ့ချီလာပြီး ရာနဲ့ချီပြန်သွားကြရတယ်။ ဒီမှာက ကျောင်းသားတွေက တခြားကိစ္စတွေမှာ အဆင်ပြေပေမယ့် စိတ်ဓာတ် တော်တော်ကျကြရတယ်။ အဓိက Mental support (စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု) လိုပါတယ်။”

မေး။ အခုလို အချိန်ပေးပြီး ဖြေတာကို ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013