Home
မြန်မာသတင်း
မြန်မာကျောင်းသား ၁၀၀၀ ကျော်အတွက် အမေရိကန်က ပညာသင်ဆုပေးမည် 
DVB
·
March 1, 2024

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ကနေ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်အားလုံးပါဝင်နိုင်မယ့် ပညာသင်ဆု အစီအစဉ်မိတ်ဆက်ခြင်းအခမ်းအနားကို  ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖေဖော်ဝါရီလ ၂၉ ရက်က ကျင်းပ ပါတယ်။

ငါးနှစ်တာကြာမြင့်မှာဖြစ်တဲ့ ပညာသင်ဆုအစီအစဥ်ကနေ ထိုင်းနိုင်ငံနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အဆင့်မြင့် တက္ကသိုလ်တွေကပေးအပ်တဲ့ ပညာရေးဘွဲ့တွေအပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က သင်ကြားပို့ချတဲ့ အွန်လိုင်းဘာသာရပ်‌တွေကိုလည်း မြန်မာကျောင်းသူကျောင်းသား ၁၀၀၀ ကျော် ပညာသင်ကြားခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ပညာသင်ယူဖို့ အခွင့်ရေးဆုံးရှုံးမှု အများဆုံး ရင်ဆိုင်နေရတဲ့ လူငယ်တွေကို ဦးစားပေးကူညီ ထောက်ပံ့ပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှာ ကိုယ်စားပြုမှုနည်းပါးပြီး ဘေးဖယ်ထားတဲ့ လူဦးရေအတွက် အဆိုပါ ပညာသင်ဆုအစီအစဉ်မှာ ပါဝင်နိုင်ဖို့ ပြုလုပ်ထားတာလို့  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောပါတယ်။

“နိုင်ငံ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းဟာ အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်တွေဖြစ်ပြီး၊ မြန်မာနိုင်ငံဟာ ဒီလူငယ်တွေ မျိုးဆက်ပျောက်ဆုံးမယ့် (အနာဂတ်မဲ့) အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ဒီလိုစိုးရိမ်ဖွယ်အခြေအနေမျိုးကို မြန်မာနိုင်ငံက ရင်ဆိုင်နေရတာကြောင့် အခု ပညာသင်ဆုအစီအစဉ်ဟာ  ဒီအခြေအနေကို ကာကွယ်နိုင်အောင် အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်တွေထဲက တခုဖြစ်ပါတယ်" လို့ ပြောပါတယ်။

ပညာသင်ဆုအခွင့်လမ်းတွေအပြင် မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ အဆင်မြင့်ပညာရေးကဏ္ဍတွေ အားကောင်းလာစေဖို့ မိတ်ဖက်အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်ပြီး အဆင့်မြင့်ပညာ အခွင့်အလမ်းတွေ ပံ့ပိုးလုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ USAID က ဆိုပါတယ်။

USAID အာရှရေးရာ လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ်ရှစ်ဖာက "ဒီပညာသင်ဆုအစီအစဉ်ဟာ ဒေသတွင်းမှာရှိတဲ့ အဆင့်မြင့် ပညာရေးအဖွဲ့အစည်းတွေအတွက် မဟာဗျူဟာမြောက် ပညာရေးရင်းနှီးမြှုပ်နှံမှု ဖြစ်သလို မြန်မာနဲ့ ကမ္ဘာတဝန်းမှာ ပိုမို အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့အတွက် ကျနော်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင် ချက်ဖြစ်ပါတယ်” လို့  ပြောပါတယ်။

အဆိုပါ ပညာသင်ဆုအစီအစဉ်ကနေ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စတဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ အမေရိကန်စတဲ့ နိုင်ငံတွေရဲ့ အဆင်မြင့် ပညာရေးကို သင်ယူနိုင်မှာဖြစ်ပြီး  degree program အတွက် ပညာသင်ဆု ၃၅၀ ကျော် non-Degree program အတွက် ပညာသင်ဆု ၄၅၀ ကျော်ပေးအပ်သွားမယ်လို့  သိရပါတယ်။

Photo -DVB

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024