ကိုယ့်အရှုံး ကိုယ့်မျက်လုံးနဲ့ မြင်အောင်ကြည့် (သူ့အတွေး သူ့အမြင် – Op-Ed)

မေလတလလုံး မီးခိုးတွေက မဆုံးနိုင်။ စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ လောင်လိုက်တဲ့မီးတွေက တရက်မှ မပျက်။ ပြည်သူတွေခမျာ ကိုယ့်ရွာကိုယ့်အိမ် မီးလောင်နေတာသိလျက် အဝေးကနေသာ အံကြိတ်တောက်ခတ် မျက်ရည်ကျကြရ။ အခု ဇွန်လထဲရောက်လို့ လတဝက်ကျိုးလာတာတောင် အကြမ်းဖက်စစ်တပ် ရှို့လိုက်တဲ့မီးတွေက အငြိုးတကြီး လောင်လို့ကောင်းတုန်း။

အသက် ၈၀ ကျော်ပြီဖြစ်တဲ့ ကျနော့်ဘကြီးက ဒုတိယကမ္ဘာစစ်မတိုင်မီ ဂျပန်အဝင် အင်္ဂလိပ်ဆုတ်တုန်းက မြေလှန်စနစ်ကျင့်သုံးလို့ တံတားတွေ ချိုးခဲ့ပေမဲ့ ပြည်သူတွေရဲ့ နေအိမ်ကို မီးလောင်တိုက်သွင်းခဲ့ခြင်းမျိုး မရှိသလို ဂျပန်တွေ ပြေးတော့လည်း အခုလို အလုံးအရင်းနဲ့ ပြည်သူ့နေအိမ်တွေကို မီးရှို့ခဲ့တာမျိုး မကြားခဲ့မိဘူးလို့ ဆိုလေတယ်။

“ကင်ပေတိုင်စခန်းရောက်လို့ သေချင်သေမယ်။ ဖက်ဆစ်လို့ ပြောတဲ့ ဂျပန်တွေ ရွာထဲ သေနတ်ဖောက်ဝင်တာတို့၊ လက်နက်ကြီးနဲ့ ပစ်တာတို့၊ ရွာထဲမှာ လူလျှောက်သတ်တာတို့၊ ရွာကို မီးရှို့တာတို့ မကြားခဲ့ဖူးဘူး။ အခုကတော့ ကမ္ဘာမှာ ကျော်ကြားခဲ့တဲ့ ဖက်ဆစ်ထက်ဆိုးတဲ့ စစ်ခွေးတွေ”လို့ သူက ဆက်ပြောတယ်။

အခု ဖက်ဆစ်ထက်ဆိုးတဲ့ မင်းအောင်လှိုင်တပ်တွေက ဘယ်လောက်ထိအောင် မီးရှို့ ဖျက်ဆီးနေသလဲ။ စစ်တပ် မီးရှို့လို့ ပျက်စီးခဲ့တဲ့ လူနေအိမ်သီးသန့် စစ်တမ်းကောက်နေတဲ့ Data for Myanmar ရဲ့ စာရင်းအရ အခု ၂၀၂၂ မေ ၃၁ ရက်နေ့အထိ ပြည်သူတွေရဲ့နေအိမ် ခန့်မှန်းခြေ ၁၈,၈၈၆ လုံး ရှိသွားပြီလို့ သိရတယ်။ အခု ဇွန်လမှာလည်း မနားတမ်းရှို့နေလေတော့ အခုဆို မီးရှို့လို့ ပျက်စီးခဲ့တဲ့အိမ် ၂၀,၀၀၀ တော့ ရှိလောက်ပြီထင်ရဲ့။

စစ်တပ် မီးရှို့ဖျက်ဆီးတဲ့ ရာဇဝင်ကို ပြန်လှန်ကြည့်တော့ ၂၀၂၁ ခုနှစ် မေလ၊ အိမ် ၃ လုံးကို စတင်မီးရှို့ခြင်းနဲ့ အစပြုခဲ့ကြောင်း Data for Myanmar က ဖော်ပြထားတယ်။ အဲဒီလို မရဲတရဲနဲ့ မေလတလလုံး အိမ် ၃ လုံးကို မီးရှို့ခြင်းနဲ့ စခဲ့တဲ့ဇာတ်ဟာ ဒီဇင်ဘာလကိုရောက်တော့ တလလုံးမှာ အိမ် ၉၆၁ လုံးကို မီးရှို့ခဲ့တဲ့အထိ လက်ရဲဇက်ရဲ ဖြစ်ခဲ့တယ်။

၂၀၂၂ ခုနှစ်ကိုရောက်တော့ မိုက်လုံးကြီးစွာနဲ့ မီးစာကို အစွမ်းကုန် ဆွဲတင်လိုက်တဲ့သဘော။ ၂၀၂၂ ဇန်နဝါရီမှာ ပြည်သူ့နေအိမ် ၁,၀၅၉ လုံးကို မီးရှို့ဖျက်ဆီး။ ဖေဖော်ဝါရီမှာ ၂,၈၈၂ လုံး၊ မတ်လမှာ ၁,၈၅၃ လုံး၊ ဧပြီမှာ ၃,၈၃၇ လုံးနဲ့ မေလမှာ ၇,၁၄၆ လုံးအထိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း တွေ့ရတယ်။ မေလမှာ ဘယ်လောက်ထိ သရဲစီးပြီး မီးရှို့ခဲ့လေသလဲ။ ၂၀၂၁ ခုနှစ် မေလကနေ ဒီဇင်ဘာလအထိ စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ အိမ်စုစုပေါင်း ၂,၁၀၉ လုံးသာ ရှိခဲ့ရာကနေ မေလတလတည်း ၇,၁၄၆ လုံးဆိုတော့ ၂၀၂၁ တနှစ်လုံးပေါင်းရဲ့ ၃ ဆကျော်အထိ အစွမ်းကုန် ပက်စက်ယုတ်မာစွာ မီးရှို့ခဲ့ကြောင်း တွေ့ရတယ်။

ဘာကြောင့် ပြည်သူတွေရဲ့နေအိမ်တွေကို အမျက်တကြီး မီးလောင်တိုက်သွင်းနေရတာလဲ ဆိုတော့ အဲဒီရွာတွေဟာ PDF တွေရဲ့ ရိက္ခာနဲ့ အင်အားကြီးထွားရာ အရင်းအမြစ်တွေလို့ စစ်တပ်က ရှုမြင်တာကြောင့် ဖြစ်တယ်။ ပြီးတော့ PDF တွေနဲ့ပတ်သက်ရင် သေနတ်နဲ့ အပစ်မခံရရင် ကံကောင်း၊ အခုလို ကုန်းကောက်စရာမရှိအောင် ဘဝပျက်သွားစေရမယ်လို့ စစ်တပ်က လက်တွေ့ သက်သေပြ ခြိမ်းခြောက်လိုက်ခြင်းလည်း ဖြစ်တယ်။

အခုရက်ပိုင်းအတွင်း သတင်းတပုဒ်ကိုလည်း ဖတ်လိုက်ရသေးတယ်။ ရွှေဘိုက လယ်သမားကြီး တယောက် ပြောတဲ့ ရွှေဘိုခရိုင်အတွင်း နွေစပါးအခြေအနေ။ စစ်ပြေးရင်း စိုက်၊ စစ်တပ်အလစ်မှာ လာစိုက်။ အိမ်မီးရှို့ခံလိုက်ရပြီးနောက် အသက်ဆက်စရာ ဒီလယ်မြေပဲ ကျန်တော့ မျက်ရည်စက်လက်နဲ့ ဖြစ်သလိုစိုက်။ အခု ရွှေဘိုခရိုင်မှာ လာမယ့် ၁၅ ရက်ကျော်ရင် နွေစပါး ရိတ်သိမ်းရတော့မှာ ဖြစ်ပေမဲ့ ဖြစ်သလို ရိတ်သိမ်းရဦးမှာပဲတဲ့။ ဘာလို့လဲဆိုတော့ စစ်တပ် ခွင့်ပြုမှ ရိတ်သိမ်းစက်တွေ သုံးလို့ရမှာဖြစ်သလို စစ်တပ်ခွင့်ပြုတဲ့ရွာက လယ်မြေတွေမှာသာ ရိတ်သိမ်းစက်သုံးလို့ ရမှာကြောင့်လို့ ဆိုတယ်။

ဖြစ်သလို ပြေးလွှားစိုက်ရတာဆိုတော့ အထွက်နှုန်းက ထက်ဝက်လောက် လျော့ကျဖို့ရှိတယ်တဲ့။ ကိုယ်ပိုင်ဆိုင်သမျှ လယ်ဧကအကုန် ကောင်းကောင်းကန်းကန်း စိုက်နိုင်တာဆိုလို့ စစ်တပ် အားပေး သတင်းပေးနဲ့ ပျူစောထီးတွေရဲ့ လယ်တွေပဲ ရှိတယ်တဲ့။

အကြမ်းဖက်စစ်တပ်ဟာ ရွာတွေထဲဝင်ရင် တန်ဖိုးရှိတာ အကုန်လုယက်ရုံတင်မက ဆန်မြင်ရင် လုသွားပြီး စပါးမြင်ရင် မီးရှို့ဖျက်ဆီးရုံတင်မက အထက်ကဆိုသလို ရိက္ခာအထွက်နှုန်း လျော့ကျအောင်ပါ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဟာ PDF တွေကို ချေမှုန်းရေးနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

ဆိုတော့ အဲဒီလိုနည်းလမ်းတွေနဲ့ PDF နဲ့ ရပ်ရွာပြည်သူတွေ သွေးကွဲအောင်၊ ပြည်သူတွေ အကြောက်တရား ကြီးသွားအောင်လုပ်တာ အောင်မြင်ခဲ့ပါသလား။ ရာခိုင်နှုန်းတချို့တလေ အောင်မြင်မှာတော့ သေချာပါတယ်။ ဒါပေမဲ့ ဒီလောက် မီးရှို့သတ်ဖြတ်ခံနေရတာတောင် ဇွန် ၁၀ ရက်နေ့ ညနေက မြိုင်မြို့နယ် ရွာတရွာမှာ ကျင်းပတဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်အပြီး ရွှေကလစ်ချွတ်၊ ရွှေနားကပ်ချွတ်၊ အိတ်ထဲရှိသမျှငွေ ထည့်ကာ PDF ရန်ပုံငွေ ထည့်ဝင်မှုက အညာသားတို့ရဲ့ သတ်နေ၊ ရှို့နေ၊ ငတ်နေတဲ့ကြား ဖျားလောက်ဖွယ် ဆူပွက်နေတဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဖော်ပြနေပါတယ်။

ပြောရရင် အကြမ်းဖက်စစ်တပ်ရဲ့ ရွာတွေကို မီးရှို့တဲ့ ရည်ရွယ်ချက်ဟာ ရာခိုင်နှုန်းအနည်းငယ်သာ အောင်မြင်ပေမဲ့ မီးရှို့တာကို မတားဆီးနိုင်ခြင်းဟာ ကျနော်တို့ရဲ့ အရှုံးကို ဖော်ပြနေတာလို့ ရဲရဲမြင်ကြဖို့ သိပ်အရေးကြီးပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးလာရင် မိုင်းဆွဲမယ်။ မိုင်းကြောင့် ဝရုန်းသုန်းကားဖြစ်နေတဲ့ တပ်ကို တိုက်မယ်။ အင်အားအတန်အသင့်ရှိတဲ့ PDF တွေက အလစ်အငိုက် စောင့်တိုက်မယ်။ အချိန်အကြာကြီး တိုက်နိုင်တာမျိုးကတော့ နည်းပါတယ်။

ဆိုရရင် PDF တွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ ရည်မှန်းချက်ကို စိတ်အနှောင့်အယှက် ပေးနိုင်ပေမဲ့ လုံးဝဖျက်ဆီးနိုင်စွမ်း မရှိပါဘူး။ ရွာတွေ မီးရှို့ဖို့လာတဲ့ တပ်ကို မီးမရှို့ဘဲ လှည့်ပြန်ပြေးလောက်အောင် ဘာနဲ့မှ မစွမ်းနိုင်ပါဘူး။ စစ်တပ်လာပြီဟေ့ဆို လူမမိအောင် တန်ဖိုးရှိ လက်ဝတ်လက်စား ထုပ်ပိုးပြီး ထွက်ပြေးနိုင်ကြတာကလွဲ မိုင်းဆွဲ၊ အလစ်အငိုက်ပစ်ကလွဲ ဘာဆိုဘာမှ မတတ်နိုင်သေးပါဘူး။

မိုင်းဆွဲတာနဲ့ တိုက်ပွဲတိုင်းနီးပါးမှာ တော်လှန်ရေးရဲဘော်တွေ အကျအဆုံး အင်မတန်နည်းပြီး စစ်သားတွေသာ အသေအပျောက် များနေတယ်လို့ ထင်ရတာနဲ့ စစ်ဆင်ရေး ဘယ်လောက်ဝင်ဝင် PDF တွေကို သိသိသာသာ နှိမ်နင်းနိုင်တာမျိုး လုံးဝမရှိတာ စစ်တပ်အတွက် အရှုံးပေါ်နေသလို ကျနော်တို့ ကျေးလက်နေပြည်သူတွေကို PDF တွေရော NUG အစိုးရကပါ စစ်တပ်ရန်ကနေ ကင်းအောင် အကာအကွယ် မပေးနိုင်သေးတာလည်း ကျနော်တို့ ပြတ်ပြတ်သားသား ရှုံးနေကြောင်း သက်သေခံနေတာပါပဲ။ 

ဇွန် ၁၄ ရက်နေ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ‘‘အခုဆိုရင် စစ်ကိုင်းဘက်မှာ ရွာတွေကို မီးရှို့နေတာ နေ့စဉ်ရက်ဆက် ဖြစ်နေပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နည်းလမ်းရှာပြီး ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အမြန်ကြိုးစားပေးစေချင်ပါတယ်” လို့ ပြောကြားခဲ့တာဟာ အခုအချိန်ထိ ရွာတွေ မီးရှို့ခံနေရတာကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ စစ်ရေးစီမံချက် NUG ကာကွယ်ရေးဝန်ကြီးဌာနမှာ မရှိသေးဘူးလားလို့ မေးခွန်းထုတ်ရပါမယ်။

စကားစပ်လို့ ထပ်ပြောရရင် မေလ ၂၂ ရက်နေ့တုန်းက ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်းက ထုတ်ပြန်လိုက်တဲ့ ‘မြောင်နှင့် ရေစကြိုနယ်အတွက် စစ်ရေးအစီရင်ခံစာ’ပဲ ဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ဘာပြောထားသလဲဆိုတော့ သူတို့ဒေသမှာ အင်အားတောင့်တင်းတဲ့ PDF အဖွဲ့ပေါင်းစုံနဲ့ လက်လုပ်သေနတ်တွေသာ ကိုင်ဆောင်နိုင်တဲ့ LDF များစွာရှိပြီး နိုင်ငံရေးအရ ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်များစွာရှိပေမဲ့ စစ်ရေးအရ ဦးဆောင်အမိန့်ပေးနိုင်တဲ့ အတွေ့အကြုံရင့်ကျက်တဲ့ စစ်ရေးခေါင်းဆောင် လုံးဝမရှိဘူးဆိုတာကို တည့်တည့်ပြောထားပါတယ်။ ဒါ့ကြောင့် စစ်ရေးအတွေ့အကြုံရှိပြီး သူတို့ဒေသ စစ်ရေးစစ်ရာကို ဦးဆောင်အမိန့်ပေးနိုင်သူတဦး လွှတ်ပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကို အစီရင်ခံထားပါတယ်။

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တပ်ရင်းကပြောတဲ့ စစ်ရေးခေါင်းဆောင် လိုအပ်ချက်ဆိုတာ မြောင်နဲ့ ရေစကြိုဒေသအတွက်တင်မကဘဲ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တွဲဖက်တိုက်ပွဲဝင်နိုင်ခြင်းမရှိတဲ့ ဒေသအားလုံးရဲ့ လိုအပ်ချက်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါ့အပြင် စစ်ရေးခေါင်းဆောင်ရဲ့ အမိန့်ပေး ကွပ်ကဲမှုအောက်မှာ တစုတစည်းတည်း တိုက်နိုင်မယ့် PDF အင်အားစုတွေ ရှိနေဖို့လိုပါမယ်။ ပြီးတော့ အညာဒေသက PDF တော်တော်များများ တိုက်နေကြရသလို သေနတ်အရေအတွက်နဲ့ ကျည်ဆန်အခြေအနေကိုကြည့်ပြီး တိုက်ပွဲကြာချိန်ကို ဆုံးဖြတ်နေရတာမျိုး မဖြစ်အောင် ဘယ်လိုတည်ဆောက်ကြမှာလဲ။

ဒီနေ့အချိန်ထိ စစ်ကိုင်းနဲ့ မကွေးက များစွာသော PDF တို့ဟာ လက်နက်နဲ့ ကျည်ဆန်ရဖို့ ခေါင်းမီးတောက်နေအောင် ရန်ပုံငွေရှာရ၊ တိုင်းရင်းသားလက်နက်ကိုင်ဒေသ၊ နယ်စပ်နဲ့နီးတဲ့ ဒေသတွေကလွဲလို့ လက်နက်ခဲယမ်း ပုံမှန်စီးနေမယ့် လမ်းကြောင်းကို အခိုင်အမာ မဖောက်နိုင်သေးခြင်းကလည်း တကယ့်ပြဿနာကြီးပါပဲ။

အခုမိုးရာသီမှာ မိုးနည်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြို့တွေကို အကြမ်းဖက်စစ်တပ်က ဆက်လက်ထိုးစစ်ဆင်နိုင်ခြေ ရှိပါတယ်။ မိုးများတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ မိုးရာသီမို့ တိုက်ပွဲတွေရပ်ထားခဲ့မယ်ဆိုရင် မိုးနည်းတဲ့အညာကို  စစ်တပ်ထိုးစစ်တွေ ပိုပြင်းလာနိုင်ခြေရှိတာ သက်ဆိုင်ရာခေါင်းဆောင် အသီးသီးတွေ သိရှိကြမယ်လို့ ယုံကြည်ပါတယ်။

မီးရှို့ခံနေရတဲ့ ရွာတွေအရေး ကျနော်တို့ ဘယ်လိုကာကွယ်ကြမှာလဲ။ ဒေသတွင်း PDF ခေါင်းဆောင်တွေ၊ စစ်အုပ်စုကို ခံတိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က စစ်ရေးခေါင်းဆောင်တွေ၊ ပြင်ပ စစ်ရေးကျွမ်းကျင်သူတွေနဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့ အပူတပြင်း အဖြေရှာကြဖို့ အသည်းအသန် လိုအပ်နေပါပြီ။

ရွာတွေကို စစ်တပ်မီးရှို့တာ မကာကွယ်နိုင်သေးခြင်းဟာ ကျနော်တို့ရှုံးနေတာပါ။

လင်းခေတ်  ( သူ့အတွေး သူ့အမြင် - Op-Ed) 

(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)

//
More News
Up