Home
ဆောင်းပါး
ရဲရဲတောက် သတင်းထောက်မလေးတွေ
DVB
·
June 27, 2023

မှတ်မှတ်ရရ ၂၀၀၈ ပတ်ချာလည် ကာလလောက်က။ နာဂစ်မုန်တိုင်းရဲ့ ကြောက်မက်ဖွယ် ပြင်းအားမှာ လူပေါင်းသိန်းနဲ့ချီ သေ၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း ပင်လယ်နဲ့ အတို့အထိရှိတဲ့ နေရာအားလုံး တစစီ။ နေ့ချင်း ညချင်း သန်းနဲ့ချီတဲ့ ပြည်သူတွေ ကုန်းကောက်စရာမရှိ ကျောမွဲအဖြစ်သို့ ရောက်ရှိ။ မနက်ဖြန် ဘာနဲ့စားရမလဲလို့ ခေါင်းငိုက်စိုက်ချ အတွေးတွေ ဟင်းလင်းပွင့်နေပေမဲ့ ဒုတိယအာဏာရှင် သန်းရွှေက နိုင်ငံတကာအကူအညီ မလိုဘူးလို့ မိုက်မိုက်ကန်းကန်း လက်ခါပြခဲ့ဖူးတယ်။ ပြည်သူ-ပြည်သူချင်း ကူကြ လှူကြတာတောင် ခိုးကြောင်ခိုးဝှက်။ မုန်တိုင်းကြောင့်မသေလည်း ငတ်ပြီးသေကြလို့ အာဏာရှင်တွေက ပက်ပက်စက်စက် ပြောနေသလိုမျိုး။

သောကတွေ ဗရပွနဲ့ မုန်တိုင်းဆိုတာ ဒါလားလို့ အကြောက်တရားကြီးစွာနဲ့ ပြည်သူတို့ မျက်ရည် ဒီလောက်သံပြိုင်ကြွေနေတာတောင် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ နာဂစ်အခြေခံဥပဒေကို မရမက ပြဋ္ဌာန်းခဲ့ပြန်တော့ ကျနော်တို့ တောက်ခတ်သံ ပြင်းရတယ်။

အဲဒီလို နောက်ခံအခင်းအကျင်းတွေနဲ့ ခေတ်ကြီးက တခစ်ခစ်ရယ်သံ ဆိတ်နေတဲ့အချိန်မှာ ကျနော့်ရဲ့ အယ်ဒီတာစားပွဲဆီ ထီမထင်မျက်နှာပေးတွေနဲ့ သူတို့ ရောက်လာကြတယ်။ ကျနော်က သတင်းအယ်ဒီတာ၊ သူတို့က သတင်းထောက်။ အမှောင်ခေတ်ကြီးထဲ ကျနော်တို့ ဖျတ်ဖျတ်လတ်လတ် နိုးကြားခဲ့ကြတယ်။

ရှေးရိုးစွဲ သက်ကြီးဝါကြီးတွေက သွေးရဲရဲ သံရဲရဲ အပျက်တွေ အဆိုးတွေနဲ့ သံသရာလည်၊ ဒီသတင်းထောက်အလုပ်ကြီးက မိန်းကလေးတွေနဲ့ မသင့်တော်ဘူးလို့ နှာခေါင်းရှုံ့ကြပေမဲ့ ပျက်နေတဲ့ခေတ်၊ ဆိုးနေတဲ့ခေတ်ထဲ အပျက်တွေ အယွင်းတွေ အပုပ်တွေ အသိုးတွေသာ မြိန်ရေယှက်ရေ ခံတွင်းတွေ့နိုင်တယ်လို့ သူတို့က တုံ့ပြန်တယ်။

တလူလူလွင့်နေတဲ့ သတင်းဂျာနယ်ခေတ်ထဲ ၂၀ တောင်မပြည့်သေးတဲ့ မိန်းမငယ်တွေ အလုံးအရင်းနဲ့ ဝင်လာကြတယ်။ တချို့က သတင်းထောက်တွေ ဘာတွေ ညာတွေ ရေရေရာရာမသိ၊ အလုပ်အကိုင် အခွင့်အလမ်းတခု အနေနဲ့သာ သိရှိ။ တချို့ကတော့ စာတွေ ကဗျာတွေ ဝါသနာပါလို့။ တချို့ကတော့ တော်လှန်ပုန်ကန်ချင်လို့တဲ့။ ဘာပဲဖြစ်ဖြစ် အဲဒီကာလက သတင်းထောက်တဦးရဲ့ လစာနဲ့ စာမူခ ပေါင်းလိုက်ရင် ကုမ္ပဏီဝန်ထမ်း တယောက် ဝင်ငွေထက် စွာနေတာမို့ အလုပ်အနေနဲ့ဆိုရင်လည်း ဘယ်ဆိုးလိမ့်မလဲ။

ဒါပေမဲ့ ဖိအားတွေများလှတဲ့အလုပ်၊ ဘယ်နေ့ ထောင်ထဲရောက်မလဲ၊ အန္တရာယ် မသေးလှတဲ့ အလုပ်။ အချိန်အကန့်အသတ် မရှိတဲ့အလုပ်။ မိန်းကလေးမို့လို့ ည ၁၀ နာရီ၊ ၁၁ နာရီ မသွားရဲဘူးတွေ ဘာတွေ လာမလုပ်နဲ့။ သတင်းထောက်အလုပ်မှာ မိန်းကလေး၊ ယောကျ်ားလေးဆိုတာ မရှိ။ မသွားရဲလည်း ကြောက်ကြောက်နဲ့သွား၊ သွားရင်းလာရင်းနဲ့ အကြောက်ကင်းလာမယ်ဆိုတဲ့ ကျနော်တို့လို သူများသမီးပျိုလေးကို ဖိအားပြင်းပြင်းပေး အားမနာတမ်း ခိုင်းရက်တဲ့ အယ်ဒီတာတွေကလည်း ရှိနေလေတော့ မီးပြင်းပြင်းတိုက်ခံရ။

သတင်းစာလုပ်ငန်းဆိုတာက တပတ်တကြိမ်ထုတ် ဆိုပေမဲ့ ဒီနေ့မှာ ဒါပြီးရမယ်ဆို နောက်နေ့မှ လုပ်မယ်ဆိုပြီး အကြွေးထားထားလို့မရ၊ ပြီးကိုပြီးမှဖြစ်မယ်ဆိုတော့ အယ်ဒီတာရော သတင်းထောက်ပါ ဖိအားတွေ အကြီးကြီးနဲ့။ ကိုယ်တာဝန်ယူထားတဲ့ကဏ္ဍ (ဥပမာ- ရွှေဈေးကွက်၊ ငါးလုပ်ငန်း၊ မီးလောင်ရေကြီး စသဖြင့်) က သတင်းဦး၊ သတင်းထူးတွေ တခြားဂျာနယ်မှာ ပါလာပြီး ကိုယ်က မသိလိုက်ဘူးဆိုရင် အဲဒီသတင်းထောက်ကို မျက်ထောင့်နီကြီးနဲ့ အယ်ဒီတာက ကောင်းကောင်းခေါ်ကြိတ်တာ ခံရမှာသေချာတော့ သတင်းထောက် ကျား/မ မရွေး ဖိအားတွေ လေးလေးပင်ပင်။ ဒီကြားထဲ သတင်းတပုဒ် အကြောင်းအမျိုးမျိုးကြောင့် မှားသွားပြီဟေ့ဆို အယ်ဒီတာရော သတင်းထောက်ပါ ဗြောင်းဆန်နေအောင် ရှင်းရ၊ တောင်းပန်ရ။ အလုပ်ကနေ ထွက်ချင်စိတ် အကြိမ်ကြိမ်ဖြစ်ရ။ ကံဆိုးလွန်းလို့ ဒီအလုပ်ကိုမှ လာလုပ်မိတာလို့ မဆိုင်တဲ့ကံကို ပုံချပစ်ကြ။

တခါက ရန်ကုန်တက္ကသိုလ်က ပါရဂူတန်းတက်နေတဲ့ ဆရာမတယောက်ရဲ့ သုတေသန။ အဲဒီတုန်းက မြန်မာ့ဆက်သွယ်ရေးကဖွင့်ထားတဲ့ လမ်းဘေးဖုန်းကောင်တာက အများပြည်သူသုံး ဖုန်းခွက်တွေကို စစ်ဆေးကြည့်ရာမှာ ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေ တွေ့သတဲ့။ အဲဒီအကြောင်းအရာကို သတင်းထောက်က ရေးလိုက်တော့ ဂျာနယ်ထွက်ပြီး နောက်တရက် ဆက်သွယ်ရေးက ဗိုလ်မှူးကြီးဆိုလား ဂျာနယ်တိုက်ဆီ ဖုန်းဆက်။ မာရေကျောရေလေသံနဲ့ မင်းတို့ဂျာနယ်မှာ သတင်းမှားဖော်ပြမိကြောင်း တောင်းပန်စာ ထည့်ပေးရမယ်တဲ့။ ကိုယ်တွေဘက်က အထောက်အထား အခိုင်အမာမို့ သတင်းမှား မဟုတ်ကြောင်း ခပ်မာမာ ပြန်ပြောလိုက်တော့ မမှားလည်း မှားကြောင်းထည့်။ မထည့်ရင် တရားစွဲမယ်တဲ့။ ကြိုက်တဲ့နေရာမှာသာစွဲလို့ အပြတ်ပြောလိုက်တော့မှပဲ ဗိုလ်မှူးကြီးဆိုတဲ့ ငနဲက လေသံလျှော့ကာ အဲဒါဆိုလည်း ဖုန်းခွက်တွေကို စပရေးနဲ့ ပုံမှန်ဆေးတော့မယ့် အကြောင်း သတင်းရေးပေးပါတဲ့။ အဲဒီလို မှန်လွန်းတဲ့သတင်းမျိုး ကျတော့လည်း ဆတ်ဆတ်ခါ ငနဲတွေနဲ့ ဇယားတွေရှင်းရ။

အဲဒီ အာဏာရှင်တခေတ် ပုံနှိပ်စာလုံးမှန်သမျှဟာ စာပေစိစစ်ရေးလို့ဆိုတဲ့ စာပေကင်ပေတိုင်စခန်းက ခုတ်ထစ်လှီးဖြတ်ပြီးမှသာ အများပြည်သူမျက်လုံးရှေ့ ရောက်ရ။ သတင်းတွေဆို ခုတ်ထစ်လိုက်တာမှ ရစရာမရှိအောင်ကို နုတ်နုတ်စင်းလို့။ သတင်းတပုဒ်ရဖို့ သတင်းထောက်တွေ ဘယ်လောက် ချွေးဒီးဒီးကျခဲ့သလဲဆိုတာ ဒင်းတို့ ဘယ်သိကြမလဲ။ ဂျာနယ်ထွက်တဲ့မနက် ကိုယ့်သတင်း ဆင်ဆာငြိလို့ မပါလာရင် အဲဒီအာဏာရှင်တွေကို ကျနော်တို့ နှုတ်ရေးနဲ့ နင်းချေခဲ့ကြတာ အခါခါ။

သတင်းထောက်အလုပ်ဆိုတာက မှန်တာကို မှန်တဲ့အတိုင်းနဲ့ မှားတာကိုလည်း မကွယ်မဝှက် ရှိနေ ဖြစ်နေသလို တင်ဆက်ပေးရတာ။ ပြီးတော့ တခါ အာဏာရှင်တွေရဲ့ ယုတ်ညစ်ဆင်ဆာကြောင့် ကိုယ့်သတင်းတွေ အခါခါ စာမျက်နှာပေါ် မရောက်ရတာတွေကြောင့် သူပုန်စိတ်ကင်းသူတယောက်တောင် သတင်းထောက်ဖြစ်ပြီး ၆ လလောက်အကြာ အာဏာရှင်တွေကို ပြတ်ပြတ်ငြင်းရမယ့်စိတ် ကိန်းအောင်းလာရတယ်။

အဲဒီမှာ ကျနော်တို့ သတင်းထောက်မတွေ သူပုန်စိတ် ပြင်းလာကြတယ်။ သတင်းထောက်လုပ်ငန်းဆိုတာက စက်ရုံထဲကထွက်လာတဲ့ ကုန်ပစ္စည်းတွေလို ပုံသေနည်းအတိုင်း စံနှုန်းကိုက် စကေးကိုက် ထွက်လာတာမျိုး မဟုတ်သလို မနက်ဖြန်မှာ ဖြစ်လာမယ့် အသစ်အသစ်သော သတင်းတွေကို ကိုယ့်သတင်းဉာဏ်နဲ့ ရှာဖွေဖော်ထုတ်ရတာမျိုး ဖြစ်လို့ သတင်းထောက်တွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာကြတယ်။

အလုပ်ချိန် အတိအကျမရှိတဲ့အလုပ်မို့ ညမိုးချုပ်မှ အိမ်ပြန်ရတဲ့အခါ အိပ်ရေးပျက်ရ၊ နောက်တနေ့မနက် အိပ်ရေးမဝတဲ့ မျက်နှာပေးနဲ့ မျက်နှာပြောင်ကြီးနဲ့။ လှတပတ ပြင်ခဲ့ဆင်ခဲ့တဲ့နေ့တွေကျတော့လည်း အဲကွန်းခန်းထဲ အငြိမ့်သားထိုင် စတည်းချရတဲ့အလုပ် မဟုတ်တော့လည်း နေ့ခင်းလောက်ရောက်ရင် ခြယ်ထားသမျှ ပြန်ပျက်။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ ဟုတ်လှပြီ ထင်လာကြတယ်။

၂၀၀၉ ခုနှစ်တုန်းကထင်တယ်။ ဒလမှာ သန်းရွှေမယား ကြိုင်ကြိုင် ထီးတင်ခဲ့တဲ့ ဓနုတ်ဘုရား ပြိုကျသွားတယ်။ ကြိုင်ကြိုင်ထီးတင်ခဲ့တဲ့ဘုရား ဘာငလျင်မှမလှုပ်ဘဲ ပြန်လည်မွမ်းမံနေချိန် ရုတ်တရက် ပြိုကျခဲ့တာမို့ သတင်းက ကြီးလိုက်တာမှ ဧရာမ။ အဲဒီလိုသတင်းမျိုး အဲဒီအချိန် စာပေကင်ပေတိုင်က လုံးဝဖော်ပြခွင့်မပြုမှန်း သတင်းသမားတိုင်း အော်တိုသိပြီးသား။ ဒါပေမဲ့ ကျနော်တို့ဂျာနယ်က သတင်းထောက်မလေး ၃ ယောက် ဓနုတ်ဘုရားဆီ မကြောက်မရွံ့ ရောက်အောင်သွားကြတယ်။

မွန်းလွဲပိုင်းမှာ ပြိုကျခဲ့ပေမဲ့ သတင်းစီးဆင်းမှု သိပ်နှေးသေးတဲ့ကာလမို့ ညနေ ၆ နာရီကျော် မှောင်တော့မယ်ဆိုမှ သတင်းကရောက်လာ။ ပန်းဆိုးတန်းကနေ ဒလမြို့ပေါ် စက်လှေနဲ့ကူး။ ဒလမြို့ကနေ ဓနုတ်ဘုရားရောက်ဖို့ဆိုတာက ဆိုင်ကယ်ခပ်ပြင်းပြင်း မောင်းရင်တောင် နာရီဝက်ကျော်၊ ၄၅ မိနစ်ကြာ။ မှောင်နဲ့မည်းမည်းခရီးကို ဆိုင်ကယ် ကယ်ရီငှားကာ အရောက်နှင်။ ဟိုရောက်တော့ လုံခြုံရေးအထပ်ထပ် ချထားတဲ့ကြား ရသလောက် ဓာတ်ပုံခိုးရိုက်ပြီး ပြန်လာကြ။ ဒလမြို့ပေါ်ပြန်ရောက်တော့ ဒလဆေးရုံထဲ ခိုးဝင်ကာ ဘုရားပြိုလို့ သေဆုံးဒဏ်ရာရ အခြေအနေ ဝင်စနည်းနာ။ ဂျာနယ်တိုက်ပြန်ရောက်တော့ ည ၉ နာရီကို တော်တော်ကျော်နေပြီမို့ ရုံးခန်းထဲမှာသာ ဖြစ်သလိုအိပ်ကြ။

ယောကျ်ားလေးတွေလုပ်နိုင်တာ သူတို့လည်း လုပ်နိုင်ကြတယ်လို့ ကျား-မ တန်းတူရေး ခေတ်မစားခင် အဲဒီအချိန်ကတည်းက သူတို့ ကြွေးကြော်ခဲ့ကြတယ်။

ဖိအားတွေကြီးလှတဲ့ သတင်းမီဒီယာလောကထဲမှာ မခွဲနိုင်မခွာရက် ရေဆန်လေဆန်မှာ ယုံကြည်မှုထန်ထန်နဲ့ ဆန်တက်လာခဲ့တယ်။ အပတ်စဉ်ထုတ် ဂျာနယ်ကနေ သတင်းစာတခေတ်။ သတင်းစာပညာဆိုတာ အတွေ့အကြုံနဲ့ ဖြတ်သန်းသင်ယူအားက သိပ်အရေးပါတာမို့ သူတို့သည်လည်း တထစ်ချင်း၊ တလှမ်းချင်း ဖတ်အားမှတ်အား လက်တွေ့ဖြတ်သန်းမှုအားတွေနဲ့ တချို့က အယ်ဒီတာမမတွေအဖြစ် နိုင်နိုင်နင်းနင်း။ ဒါပေမဲ့ အယ်ဒီတာစားပွဲမှာ ငုတ်တုတ်ထိုင်နေတဲ့ဘဝကို ဖီးလ်မလာ။

‘ကျမက ပြေးပြေးလွှားလွှားနဲ့ သတင်းထောက်အလုပ်ကိုပဲ အရသာတွေ့တာ” တဲ့။ မိတ်ဆွေ အယ်ဒီတာမတဦးက အဲသလို။ ကျပ်မပြည့်တဲ့စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုတော့ အယ်ဒီတာတွေလည်း ပြေးလွှား၊ သတင်းထောက်တွေလည်း ပြေးလွှား။ သတင်းမီဒီယာဆိုရင် အရှင်မထားချင်လောက်အောင် အငြိုးကြီးလှတဲ့ ငမိုက်သား မင်းအောင်လှိုင်ရဲ့ အစွယ်တွေက ဒီလောက်ခက်ထန်နေတာတောင် ကျနော့်မိတ်ဆွေ သတင်းထောက်နဲ့ အယ်ဒီတာမလေးတွေ မီဒီယာလောကကြီးကို မစွန့်ခွာ။ ပြေးပြေးလွှားလွှား တိုးတိုးတိတ်တိတ်။

ကိုယ့်ငယ်ငယ် သူငယ်ငယ်ကတည်းက ကျနော့်မိတ်ဆွေ သတင်းထောက်မလေးတယောက်၊ မှတ်ပုံတင်ထဲက အလုပ်အကိုင်မှာ သတင်းထောက်လို့ ဖြည့်ထားလေတော့ မအောင်မြင်တဲ့ အာဏာသိမ်းကာလမှာ ခက်လှ။ ပိတ်သိမ်းခံရတဲ့ သူ့မီဒီယာနဲ့အတူ သူ့နာမည်ကလည်း နွေဦးအစ ဆန္ဒပြကာလမှာ ဟိန်းထွက်လာလေတော့ သူ့ခမျာ ၃-၄ နှစ်သား ကလေးငယ်တဖက်၊ သူ့ညီမမှတ်ပုံတင်နဲ့ ရန်ကုန်ကနေ ကျေးလက်ကိုရှောင်ကာ သတင်းအလုပ်လုပ်ရ။ ဘယ်လိုမှ မဟန်တော့တဲ့အဆုံးမှာ နယ်စပ်ဖြတ်ကျော် ပြည်ပြေးဘဝ။

တော်လှန်ရေးအတွက် ငွေကူပါ၊ ငွေလှူကြပါလို့ တကြော်ကြော်။ သူ့ဝင်ငွေတချို့လည်း ထည့်ဝင်၊ ထီရောင်းပြီးလည်း အမြတ်ငွေရှာ လှူဒါန်း။ သားကတဖက်၊ နောက်ဗိုက်တလုံးနဲ့ မီဒီယာအလုပ်နဲ့ တော်လှန်ရေးအတွက် ငွေလှူကြပါဆိုတာနဲ့ ချာလပတ်တွေ ရမ်းခါနေပေမဲ့ သူကျေနပ်နေတဲ့ပုံ။

ကျနော့်ရဲ့ တချိန်က သတင်းထောက်မလေးတွေ အခုတော့ ရေနံချေးအထပ်ထပ်နဲ့ ပြန်ခါထုတ်လို့မရအောင် နက်ရှိုင်းနေတဲ့ အိမ်တလုံးပမာ အတွေ့အကြုံတွေကြွယ်၊ သတင်းထောက်မကြီးတွေအဖြစ် ဒီလောကထဲမှာသာ မာမာချာချာ။ ဟောဒီ နွေဦးတော်လှန်ရေးထဲမှာလည်း သူတို့တနိုင် အနီရောင်ခြယ်သကာ။

သူတို့ဟာ မိန်းမသားဖြစ်ရတာလည်း ဂုဏ်ယူ။ မိန်းမဖြစ်တာဟာ ယောကျ်ားဖြစ်တာနဲ့ ဘာမှမကွာ၊ တန်းတူရည်တူ ရှိတယ်လို့လည်း သူတို့ခံယူ။ သူတို့အတွက် နေရာဖယ်ပေးဖို့ ဘယ်တုန်းကမှ မတောင်းဆို။ သူတို့ရဲ့နေရာဆီ ဖိအားများစွာ၊ ချွေးဒီးဒီးကျစွာနဲ့ သူတို့ ရောက်အောင်လှမ်းခဲ့တယ်။

Lady First ဆိုတာ သူတို့ရဲ့ကမ္ဘာမှာ ဘယ်ရှိမလဲ။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024