Home
ဆောင်းပါး
စစ်တပ်ကို မျက်ဖြူလှန်နေတဲ့ ၂၀၂၃ ခုနှစ် ၆ လတာ
DVB
·
July 6, 2023

၂၀၂၁ နှစ်ကုန်ပိုင်းက လက်လုပ်သေနတ်၊ တူမီးနဲ့စခဲ့တဲ့ ဒေသအသီးသီးက တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းကို ရောက်ချိန်မှာ သဲကန္တာရထဲ ရအောင်ထိုးထွက်လာတဲ့ သစ်ပင်တွေလို ကုပ်အားသန်တဲ့ အမြစ်တွေနဲ့ ရဲရဲဝံ့ဝံ့ ရှင်သန်ခဲ့ကြတယ်။

လက်နက်အင်အား မလုံလောက်တဲ့ ပြဿနာကြီးရှိတယ်။ သေးသေးမွှားမွှား ကွဲပြားနေတဲ့ အဖွဲ့ပေါင်းများစွာ မှိုလိုပေါက်နေတာတွေ ရှိတယ်။ အရင့်အရင် မိုင်းဆွဲတိုက်ခိုက်ပြီး ထွက်ပြေးကြရာကနေ နောက်ပိုင်းမှာ မိုင်းထိလို့ အလဲလဲအကွဲကွဲဖြစ်နေတဲ့ စစ်တပ်ကို သေနတ်နဲ့ ပစ်ခတ်နိုင်တဲ့အဆင့် ဖြစ်လာတာတွေ ရှိတယ်။

၂၀၂၃ ခုနှစ်မှာ NUG အစိုးရက လက်နက်တပ်ဆင်ပေးမှုတွေ လုပ်လာနိုင်ပေမဲ့ ဆင့်ပါးစပ်ထဲ နှမ်းပက်ထည့်လိုက်သလိုမျိုးလို့ အပြောအဆိုတွေ ရှိကြတယ်။ ဘာပဲဖြစ်ဖြစ် PDF တဖွဲ့ချင်းစီအလိုက် ပြည်သူထံ အလှူခံပြီး ဝယ်ယူထားတဲ့ မောင်းပြန်သေနတ်တွေလည်း အထိုက်အလျောက် ရှိနေတာကြောင့် ၂၀၂၂ ခုနှစ်ကထက် သေနတ်သံတွေကို ပိုကြားလာရတယ်။

ထူးခြားချက်အနေနဲ့ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့က တော်လှန်ရေးအင်အားစုတွေဟာ စနစ်တကျ တပ်မတော်တရပ်အသွင် အားကောင်းလာသလို အကြမ်းဖက်တပ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဆင်နွှဲလာနိုင်ရုံတင်မက အကြမ်းဖက်တပ်ရဲ့ အသက်တွေကိုလည်း တဖြုတ်ဖြုတ် ကြွေစေခဲ့ပါတယ်။

ဝါရင့် သမ္ဘာရင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ကရင်ပြည်နယ် အခြေစိုက် ကေအန်ယူနဲ့ ကချင်ပြည်နယ် အခြေစိုက် ကေအိုင်အေနယ်မြေတွေမှာတော့ အရင့်အရင်ကတည်းက ရင်ဆိုင်တိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပေမဲ့ သူတို့လေ့ကျင့်ပေးထားတဲ့ PDF တပ်ဖွဲ့တွေ တိုက်ပွဲအတွေ့အကြုံရလာတဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ ပိုမိုအားကောင်းတဲ့ တိုက်ပွဲတွေကို တွေ့လာရတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အခြေအနေကတော့ ၂၀၂၁ ခုနှစ် လက်နက်ကိုင်တော်လှန်ရေး စတင်အသက်ဝင်တဲ့ အချိန်ကစလို့ ပြောက်ကျားဗျူဟာအတိုင်း မိုင်းဆွဲပြေး၊ အလစ်ဝင်တိုက်တာအပြင် ဒရုန်းစစ်ဆင်ရေးကိုပါ အားပြုလာတာ တွေ့ရတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက PDF တွေဟာ ကျေးလက်ဒေသများစွာကို စိုးမိုးထားနိုင်ပေမဲ့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတိုင်းမှာ ခုခံနိုင်စွမ်းမရှိဘဲ ပြောက်ကျားစနစ်အတိုင်း မိုင်းဆွဲတာနဲ့ အလစ်ဝင်တိုက်တာပဲ ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်တပ်က ဘယ်လောက်ပဲဖြိုဖြို မပြိုရုံတင်မက ပိုအားကောင်းလာတာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း PDF တွေရဲ့ ထူးခြားချက်လို့ ဆိုနိုင်ပါတယ်။

မုံရွာလို မြို့ကြီးတချို့မှာ မြို့တွင်းပြောက်ကျားတိုက်ပွဲတွေကို PDF တွေ ခပ်စိပ်စိပ် ဆင်နွှဲလာနိုင်သလို ရေစကြိုမြို့မှာဆိုရင် ဆင်ခြေဖုံးရပ်ကွက်အတွင်း PDF တွေ အခြေစိုက်နိုင်တဲ့အထိ အားကောင်းလာပါတယ်။ သတင်းတွေအရ ရေစကြိုမြို့ပေါ်စစ်တပ်ဟာ သူတို့အခြေစိုက်စခန်း ၂ ခုဖြစ်တဲ့ ရုံးပေါင်းစုံနဲ့ စစ်မှုထမ်းဟောင်းရုံးရဲ့ အပြင်ဘက် နည်းနည်းခပ်လှမ်းလှမ်းနေရာတွေကိုတောင် စစ်သားအင်အားနည်းနည်းနဲ့ နေ့ခင်းဘက် မသွားလာရဲတော့သလို ရေစကြိုမြို့အပြင်ဘက်သွားတိုင်း မိုင်းဆွဲပစ်ခတ်ခံရတာ မနည်းလှပါဘူး။ ဆိုတော့ ရေစကြိုမြို့ပေါ်စစ်တပ်ရဲ့ အာဏာစက်ကွင်းဟာ သူတို့အခြေစိုက်ရာ နေရာကျဉ်းကျဉ်းလေးမှာသာ ရှိတော့တဲ့ သဘောပါပဲ။

ဒါဆို ဘာ့ကြောင့် ရေစကြိုမြို့ကို PDF တွေ မသိမ်းတာလဲဆိုတော့ ပြည်သူတွေ ထိခိုက်မှာစိုးတာကြောင့်ပါပဲ။ အကြမ်းဖက်စစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ လဲကွဲနေသလောက် ဝေဟင်ကို ကောင်းကောင်း စိုးမိုးထားနိုင်ပါတယ်။ နောက်ထပ် အကြမ်းဖက်စစ်တပ်ရဲ့ ဘယ်လိုမှယှဉ်လို့မရတဲ့ အားသာချက်က ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ရဲခြင်းပါပဲ။ အကြမ်းဖက်စစ်တပ်ဟာ တိုက်လေယာဉ်တွေနဲ့ ပြည်သူ့အိုးအိမ်တွေပေါ် ဗုံးကြဲချဖို့ လက်မတွန့်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့တုန်းက တိုက်ပွဲလည်းဖြစ်မနေဘဲ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးလာကြဲရာမှာ ဘုန်းကြီးတပါး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးသွားတာဟာ အကြမ်းဖက်စစ်တပ်ရဲ့ လက်ရဲဇက်ရဲနိုင်မှုပါပဲ။ ပြီးတော့ PDF တွေ တိုက်တာခံရရင် ပြည်သူကို ရန်သူလိုသတ်မှတ်ပြီး ပြန်တိုက်နေတာလည်း အသေအချာပါပဲ။ ဒါ့ကြောင့် မြို့တမြို့ကို သိမ်းမယ်ဆိုရင် တမြို့လုံး ကြေသွားအောင် စစ်တပ်က ဗုံးကြဲနိုင်တာကြောင့် မြို့မသိမ်းခြင်း ဖြစ်နိုင်ပါတယ်။

၂၀၂၃ ခုနှစ် ၆ လတာအတွင်း အကြမ်းဖက်တပ်က လုပ်ပြနိုင်တာဆိုလို့ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ပြီး ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းနဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ကျေးလက်ဒေသတွေဆီ အဆက်မပြတ် စစ်ကြောင်းထိုးကာ ရွာတွေကို မီးရှို့ခြင်းသာရှိပြီး ဒီနေ့အထိလည်း စစ်ကြောင်းထိုး မီးရှို့ခြင်းကို ဆက်တိုက်လုပ်ဆောင်နေဆဲပါပဲ။

အကြမ်းဖက်စစ်သားတွေဟာ သူတို့ရဲ့ အခြေစိုက်စခန်းတွေနဲ့ တပ်တွင်းနေထိုင်မှုဘဝကိုတောင် ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေ၊ တပ်ကနေထွက်တာနဲ့ ရှေ့တန်းရောက်နေခြင်းနဲ့ အချိန်မရွေး မိုင်းထိ ကျည်သင့် ဖြစ်သွားနိုင်တာကြောင့် စိတ်ဓာတ်ကျဆင်းနေရုံတင်မက နားရက်မရှိ၊ ခွင့်မရှိ၊ ဇာတိရပ်ရွာ ပြန်လို့မရတဲ့ ဘက်ပေါင်းစုံ အကျပ်အတည်းတွေအရ စစ်တိုက်ချင်စိတ် ကျဆင်းနေတာ ငြင်းမရပါဘူး။

အဲဒီလို စစ်မတိုက်ချင်တော့တဲ့ စစ်သားတွေကို စစ်ဗိုလ်ချုပ်တွေက ရွာတွေထဲဝင်ရင် လုလို့ရတာ အကုန်ယူဆိုတဲ့ ခိုးဆိုးလုယက် ဓားပြတပ်အဖြစ် ဆွဲဆောင် ခိုင်းစေနေရတာ အထင်အရှားပါပဲ။ အဲဒီလို စိတ်ဓာတ်ပျက်ပြားနေတဲ့ စစ်တပ်ကို အနိုင်တိုက်ဖို့ဆိုတာ ဒီနေ့ PDF တွေရဲ့ ထိုက်သင့်တဲ့ စစ်ရေးအတွေ့အကြုံတွေအရ လက်နက်ခဲယမ်းသာ အလုံအလောက်ရှိရင် မခက်ခဲလှပါဘူး။

ပြဿနာက ဒီနေ့ထိတိုင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူတွေကို မျိုးစုံ သတ်ဖြတ်နေခြင်းအပေါ် ငုတ်တုတ်ထိုင်ကြည့်ကာ လေနဲ့ ကူပေးနေခြင်းပါပဲ။ နိုင်ငံတကာအသိုင်းအဝိုင်းဟာ နွေဦးတော်လှန်ရေးကို လက်နက်ကူဖို့ ဝေလာဝေး၊ လက်နက်မဟုတ်တဲ့ အကူအညီမျိုးကိုပင် (အမေရိကန်ကလွဲလို့) ၅ ပြားတစေ့ ထွက်ကျမလာတာ အံ့အားသင့်ဖွယ်ရာပါပဲ။

ဆိုတော့ နွေဦးတော်လှန်ရေး ကိုယ့်ခွန်ကိုယ့်အားနဲ့ ကိုယ့်ဘာသာရန်ပုံငွေရှာ၊ လက်နက်ဝယ်ကာ ချွေချွေတာတာနဲ့ တိုက်နေရတာပါ။ အဲဒီလို ချွေချွေတာတာ တော်လှန်ရေးအပေါ် ပြည်သူတွေက ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကို မျှော်လင့်ချက်ကြီးခဲ့ပေမဲ့ နေပြည်တော်နဲ့ နီးနီးလေးက ကရင်နီပြည်နယ်ဟာ အောင်ပွဲတွေအလီလီနဲ့ နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ ခွန်အားတွေ ဖြစ်ထွန်းလာစေပါတယ်။

မကြာသေးမီက ကရင်နီပြည်နယ်၊ မယ်စဲ့မြို့ စစ်တပ်ထိန်းချုပ်မှုကို မြင်သာထင်သာ ဆုတ်ဖြဲနိုင်ခဲ့တာ အသေအချာပါပဲ။ ပြီးတော့ အကြမ်းဖက်စစ်အုပ်စုဘက် သေနတ်ပြောင်း ပြန်လှည့်တဲ့ နယ်ခြားစောင့်တပ် ဆိုတာလည်း ကရင်နီဒေသမှာပဲ စတင်တာထွက်ခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အစွယ်အပွား နယ်ခြားစောင့်တပ်အဖြစ် နှစ်ပေါင်းရှည်ကြာ သစ္စာခံခဲ့တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ဟာ ဇွန် ၁၃ ရက်နေ့မှာ စစ်အုပ်စုဘက် သေနတ်ပြောင်းလှည့်ကာ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်အုပ်စုကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမယ်လို့ ဇူလိုင် ၁ ရက်မှာ ကလလတ က ကြေညာခဲ့တယ်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးဟာ အင်အားအရာမှာ စစ်အုပ်စု မျက်ခုံးလှုပ်စရာ မရှိပေမဲ့ ကျန် နယ်ခြားစောင့်တပ်တွေ သေနတ်ပြောင်းပြန်လှည့်ဖို့အတွက် စံနမူနာပြစမှတ် ဖြစ်သွားမလားဆိုတာ စိုးရိမ်နေမှာ ဧကန်ပါပဲ။

ဆိုတော့ ကလလတဟာ ၂၀၂၃ ခုနှစ် ပထမ ၆ လတာရဲ့ အရေးပါတဲ့ ဖြစ်စဉ်တရပ်ပဲ ဖြစ်ပါတယ်။ ဒီ ၆ လတာဟာ နိုင်မယ်လို့ ယုံကြည်ခဲ့ပြီးသားဖြစ်တဲ့ နွေဦးတော်လှန်ရေးအပေါ် အောင်ကိုအောင်ရမယ်ဆိုတဲ့ ယုံကြည်မှု ပိုကြီးလာစေခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ကမ္ဘာကမှ ဆီမလာ ပြားမလာ လက်ချည်းဗလာနဲ့ ကူညီနေတဲ့ နွေဦးတော်လှန်ရေးမို့ ကျနော်တို့ ပြည်သူတွေရဲ့ တောင့်ခံနေမှုနဲ့ ရုန်းကန်နိုင်စွမ်းကို နည်းနည်းလေးတောင် လျှော့လို့မရတာလည်း အသေအချာပါပဲ။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024