Home
ဆောင်းပါး
အိုမက်ခရွန် ကို မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုပြင်ဆင်ကာကွယ်ကြမလဲ
DVB
·
December 2, 2021

ခဏခဏ ဗီဇပြောင်းတတ်တဲ့ ကိုဗစ်က ခုလည်း ထပ်ပြောင်းပြန်ပါပြီ။ ခုပြောင်းတာကို အိုမက်ခရွန် လို့ ခေါ်ပြီး ရှေ့က ပြောင်းတာတွေထက် ပိုများတယ်လို့ ပြောပါတယ်။ လက်ရှိမှာ အာဖရိကနဲ့ အနောက်နိုင်ငံတွေမှာ နေ့စဉ်နဲ့အမျှ လူနာတွေ တွေ့နေရပါတယ်။ အာရှဘက်မှာ သိပ်မကြားမိပေမယ့် ကမ္ဘာကြီးက ရွာကြီးဖြစ်နေတော့ လာမယ့်အပတ်တွေမှာ တွေ့ကောင်းတွေ့လာနိုင်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံက လူဦးရေများတဲ့ တရုတ်နဲ့ အိန္ဒိယနဲ့ စပ်ဆက်နေသလို ဘေးနားက ထိုင်းကလည်း မကြာသေးမီကမှ ခရီးသွားလုပ်ငန်းတွေ ပြန်စထားတာပါ။ မတော်တဆများ ရောက်လာခဲ့ရင် ခုလို ပွဲကြိုက်ပုံမျိုး၊ ကာကွယ်ဆေးတွေ မလုံလောက်ပုံမျိုးနဲ့ ဒုက္ခများနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်စီမရောက်ခင် ကြိုကာသင့်တာ ကြိုကာကြပါစို့။

အိုမက်ခရွန် ဆိုတာ

အိုမက်ခရွန် ဆိုတာ နောက်ဆုံးတွေ့ထားတဲ့ ကိုဗစ်ဗီဇပြောင်းပိုးပါ။ တောင်အာဖရိကမှာ စတွေ့တာပါ။ နိုဝင်ဘာ ၂၆မှာ Variant under Monitoring (VUM)ထဲမှာ ထည့်ထားရာကနေ ထူးခြားတဲ့ ဗီဇပြောင်းပုံစံကြောင့် ၂ရက်အကြာ နိုဝင်ဘာ ၂၈ရက်နေ့မှာ Variant of Concern (VOC)ထဲမှာ ထည့်လိုက်တာပဲ ဖြစ်ပါတယ်။

Variant of Concern (VOC) စိုးရိမ်ရတဲ့ ဗီဇပြောင်းပိုးစာရင်းမှာ အယ်ဖာ၊ ဘီတာ၊ ဒယ်တာ၊ ဂမ်မာဆိုပြီး သူရှေ့မှာ စီနီယာ ၄ယောက်ရှိပါတယ်။ ဒါစာရင်းထဲမှာ ထည့်ထားရတာက ဗီဇပြောင်းပိုးက

  • ကူးစက်နှုန်း ဒါမှမဟုတ် ကိုဗစ်ရဲ့ ရောဂါသဘာဝကို ပြောင်းလဲနိုင်တယ် သို့မဟုတ်
  • ရောဂါလက္ခဏာတွေ ပြောင်းလဲတာ၊ ဆေးမတိုးတာတွေ ဖြစ်လာနိုင်တယ် သို့မဟုတ်
  • ဗိုင်းရပ်စ်ရှာတွေတဲ့နေရာ၊ ကုသတဲ့နေရာမှာ အခက်အခဲဖြစ်တာ၊ ကာကွယ်ဆေး ထိရောက်မှုကို လျော့နည်းစေနိုင်တာ စတာတွေ ဖြစ်လာနိုင်ခြေရှိလို့ စာရင်းထဲထည့်ထားရတာပဲ ဖြစ်ပါတယ်။

ဒါတွေက ဖြစ်နိုင်ခြေပဲ ရှိပြီး လက်ရှိမှာတော့ ဒေတာအတိအကျ မထွက်သေးပါဘူး။ သူ့ရှေ့မှာတော့ ၄မျိုးလောက် စာရင်းဝင်ဖူးတာဆိုတော့ သိပ်တော့လည်း မစိုးရိမ်ကြဖို့ ပြောချင်ပါတယ်။

ကမ္ဘာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားရတဲ့ အကြောင်းရင်းကတော့ သူ့ရဲ့ ဗီဇပြောင်းတဲ့ ပုံစံကြောင့်ပါ။ Spike protein လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပေါ်က အချွန်လေးတွေက ဆဲလ်ထဲဝင်ဖို့ သော့တွေလိုပဲ အရေးပါပါတယ်။ ဗီဇပြောင်းပြီဟေ့ဆိုရင် ဒီအချွန်လေးတွေက ပြောင်းတာ များပါတယ်။ ခုအိုမက်ခရွန်က အချွန် အမျိုး ၃၀မှာ ဗီဇပြောင်းတဲ့နေရာ ၅၀လောက်တွေ့ရပါတယ်။

ဒါကြောင့်ပဲ ပိုများဆိုးလာမလားဆိုပြီး ကြိုကာတဲ့အနေနဲ့ ခရီးသွားလာတာတွေကို ပိတ်ချလိုက်တာပါ။ လက်ရှိမှာ ဘာမှသေသေချာချာ မသိရသေးတဲ့အတွက် အကုန်လုံးက စောင့်ကြည့်နေကြတာပါ။ ထူခြားတာမျိုး မရှိရင်တော့ အရင်လို ပြန်ဖွင့်ပေးမှာပါ။ ပိုးရှိလူနာတွေ ဝင်လာပြီးမှ နောက်ကလိုက်အုပ်ရရင် ပိုပြီးခက်ခဲလို့ လတ်တလောမှာတော့ ဟိုဟိုဒီဒီ တင်းကြပ်ထားဦးမှာပါ။

အိုမက်ခရွန် နဲ့ ပတ်သက်ပြီး WHOရဲ့ လေ့လာချက်

အားတော့နာပေမယ့် ဒီနေရာမှာလည်း မသေချာ မရေရာတာတွေကိုပဲ ပြောပြရမှာပါ။ တွေ့တာ မကြာသေးတဲ့အတွက် ခုမှ လေ့လာမှုတွေ စလုပ်ရမှာမို့လို့ပါ။ နောက်၂ပတ်လောက်ဆိုရင်တော့ ပိုပြီးတိတိကျကျ သိလာနိုင်ပါတယ်။ သိသလောက်ပြောပြရရင်

  • ရောဂါကူးနှုန်း

ဒယ်တာနဲ့ ယှဉ်ရင် ပိုပြီး အကူးမြန်သလား၊ များများကူးနိုင်သလား၊ လွယ်လွယ်ကူးနိုင်သလားဆိုတာကို လေ့လာနေဆဲပါ။ တောင်အာဖရိကမှာတော့ အိုမက်ခရွန် ဗီဇပြောင်းပိုး လူနာတွေအတွေ့ရများပေမယ့် ဒါက အိုမက်ခရွန်ကြောင့်လား၊ တခြားအကြောင်းအရင်းကြောင့်လား (ဥပမာ ကာကွယ်ဆေး မလုံလောက်တာ၊ ကာကွယ်နည်းတွေကို မလိုက်နာတာ)ဆိုတာကို စစ်ဆေးနေကြပါတယ်။

  • ရောဂါပိုပြင်းထန်လာနိုင်သလား

ဒါလည်း မသိရသေးပါဘူး။ တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ပုံအရတော့ ဆေးရုံတက်ရတဲ့လူနာများပါတယ်။ ဒါပေမယ့် ဒီလူနာတွေအကုန်လုံးက အိုမက်ခရွန် ကူးစက်ခံထားရတာလား၊ တခြား ဗီဇပြောင်းပိုးတွေပါ ပါနေလားဆိုတာ လေ့လာနေဆဲပါ။

အိုမက်ခရွန်မှာ ထူးခြားတဲ့ သီးသန့်လက္ခဏာတွေ ရှိသလားဆိုတာကိုလည်း စောင့်ကြည့်နေကြပါတယ်။ တောင်အာဖရိကမှာတော့ လူငယ်တွေမှာ ပိုတွေ့ရပါတယ်။ (အသက် ၆၅နှစ်အထက်က သူတို့ဆီမှာ ၆%ပဲ ရှိတာကိုး။) လက္ခဏာတွေကလည်း မပြင်းထန်တာကို တွေ့ရပါတယ်။ ဒါက လူငယ်တွေမှာ ဖြစ်တာကြောင့်ပဲလား။ အိုမက်ခရွန်က မပြင်းထန်တာပဲလားဆိုတာကို စစ်ဆေးနေကြပါတယ်။ ဒါကို သိရဖို့ကတော့ ရက်သတ္တပတ်အနည်းငယ်လောက် စောင့်ရဦးမှာ ဖြစ်ပါတယ်။

လက်ရှိသိရသောက်ဆိုရင်တော့ တခြားဗီဇပြောင်းပိုးတွေထက်စာရင် အိုမက်ခရွန်က ဖြစ်ပြီးသားလူနာတွေမှာ ပြန်ဖြစ်နေတာကို တွေ့ရပါတယ်။ ပိုပြီးသိရဖို့ ဆက်လက်လေ့လာနေကြပါတယ်။

  • ကာကွယ်ဆေး တိုးမတိုး

ကာကွယ်ဆေးနဲ့ ပတ်သက်လို့လည်း ဆက်ပြီးလေ့လာနေကြပါတယ်။ ကာကွယ်ဆေး အများစုက Spike proteinကို အခြေခံပြီး ထုတ်ထားတာကြောင့် ခုလို နေရာ ၅၀လောက် ဗီဇပြောင်းထားရင် ဆေးမတိုးမှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် Pfizerနဲ့ Modernaကတော့ ဒီလိုဖြစ်ခဲ့ရင်တောင် သူတို့ကာကွယ်ဆေးတွေကို ပြုပြင်ပြောင်းလဲပြီး အဆင်မြှင့်လို့ ရတယ်လို့ ဆိုပါတယ်။

  • ဆေးစစ်ရင် ပေါ်မပေါ်

PCR လို့ခေါ်တဲ့ စက်ကြီးတွေနဲ့ စစ်တာကတော့ ပေါ်ပါသေးတယ်။ Rapid testလို့ခေါ်တဲ့ ခဏလေးနဲ့ အဖြေထွက်တဲ့ test kitနဲ့ ပေါ်မပေါ်ကိုတော့ ဆက်လက်လေ့လာနေကြပါတယ်။

  • လက်ရှိကုထုံးတွေနဲ့ တိုးမတိုး

ကိုဗစ်မှာ ဘယ်တုန်းကမှ တိကျတဲ့ ကုထုံးဆိုတာရယ်လို့ မရှိခဲ့ပါဘူး။ အသုံးများတဲ့ စတီးရွိုက်တွေ၊ IL6 Receptor Blockers တွေကိုတော့ ပြင်းထန်ကိုဗစ်မှာ ဆက်ပြီး သုံးနိုင်ပါသေးတယ်။ အိုမက်ခရွန်မှာ တခြားဆေးတွေ တိုးမတိုး ဆိုတာကိုတော့ ဆက်စောင့်ကြည့်ဖို့ လိုပါတယ်။

ပေါ်တာရက်ပိုင်းပဲ ရှိသေးတဲ့အတွက် ခုမှ စပြီးလေ့လာရမှာ ဖြစ်ပါတယ်။ နောက်အပတ်တွေလောက်မှ တဖြည်းဖြည်း သိလာရမှာဖြစ်လို့ လက်ရှိမှာ သတင်းမှားတွေကို သတိထားဖို့ လိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘာတွေ ပြင်ဆင်ကြမလဲ။

လက်ရှိမှာ ဖြစ်နေတဲ့ အားနည်းချက်က ကိုဗစ်စည်းကမ်းတွေ ပေါ့လျော့လာတာရယ်၊ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတာရယ်က အဓိကပါ။ ဒါ့ပြင် ကုသနိုင်တဲ့နေရာတွေကလည်း နည်းနေတော့ ဖြစ်လာရင် တတိယလှိုင်းလိုမျိုး ထပ်ဖြစ်သွားနိုင်ပါတယ်။

အိုမက်ခရွန်ကို ရင်ဆိုင်တဲ့နေရာမှာ အစွန်းနှစ်ဖက်ကင်းဖို့ လိုပါတယ်။ စပေါ်ပေါ်ချင်းတုန်းက ခရီးသွားတွေ အဝင်အထွက်ပိတ်လိုက်ပြီ၊ ကမ္ဘာ့စီးပွားရေးတွေ ကမောက်ကမဖြစ်ကုန်ပြီလို့ ပြောကြပေမယ့် လက်တွေ့က ဒီလောက်မဟုတ်ပါဘူး။ ခုမှ ပိုးကို လေ့လာနေတုန်းပဲ ရှိပါသေးတယ်။ ဗီဇကလည်း ခုမှပြောင်းတာမဟုတ်။ သူ့ရှေ့မှာ ၄ခုတောင် ရှိပါတယ်။

ဒါပေမယ့် ဗီဇပြောင်းတဲ့ နေရာက များလွန်းတဲ့အတွက် စူပါပိုးဖြစ်လာမှာကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်ပြီး ပြင်ဆင်နေကြတာပါ။ ဒါကြောင့် အစွန်းနှစ်ဖက် ကင်းဖို့ လိုတာပါ။ သိပ်လည်း မကြောက်ပါနဲ့။ ပေါ့လည်း မပေါ့ပါနဲ့။

လက်ရှိမှာ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်တာတွေကတော့

  • ကာကွယ်ဆေးတွေကို ထိုးဖြစ်အောင် ထိုးပါ။ အိုမက်ခရွန်က ဆေးတိုးပါ့မလားဆိုတာကို စဉ်းစားမနေပါနဲ့။ ကိုဗစ်မှာ တခြားဗီဇပြောင်းပိုးတွေ ရှိသေးတာကြောင့် ထိုးထားပါ။
  • မဖြစ်သေးတဲ့သူရော၊ ကိုဗစ်ဖြစ်ပြီး နာလန်ထ ကောင်းကောင်းသက်သာတဲ့သူရော ထိုးထားပါ။
  • ၂ကြိမ်ပြည့်ပြီးသား ၃ကြိမ်မြောက် ထိုးမယ်ဆို အသက်၆၀အထက်၊ ရောဂါအခံရှိတဲ့သူတွေကို ဦးစားပေးပါ။ ပြီးမှ သာမန်လူတွေ ထိုးပါ။
  • ပွဲတွေ လျှော့ပါ။ နှစ်ကုန်ဖြစ်တဲ့အတွက် ပွဲဆက်တွေ များပါတယ်။ လူစုလူဝေးတွေ လျှော့ပါ။
  • နှာခေါင်းစည်းတပ်ပါ။
  • လက်ဆေးပါ။

ခုနေပြင်ဆင်ရင် မီပါသေးတယ်။ မတော်တဆ တကယ်ဆိုးတဲ့ ပိုးဖြစ်နေရင် ဒုက္ခများနိုင်လို့ ခုကစပြီး ပြင်ဆင်ဖို့လိုပါတယ်။

Dr. Htet Htet Zaw Win

* နိုဝင်ဘာ ၂၈၊ ၂၀၂၁ WHO ထုတ်ပြန်ချက်ကို မှီငြမ်းထားခြင်းဖြစ်ပြီး အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ပါတယ်။

 ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024