ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးစိတ်သစ်ကူးစက်ခံရသူ မြန်မာနိုင်ငံမှာ တွေ့ရှိပြီးနောက် ဇန်နဝါရီ ၁ ရက် ဒီနေ့ကစလို့ အခမ်းအနားတွေမှာ လူ ၂၀၀ စုနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။
ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရောဂါကူးစက်တာဖြစ်စေဖို့ ခြွင်းချက်ထားတဲ့ ကိစ္စတွေကလွဲပြီး လူ ၁၀၀ ထက်ပို မစုဖို့အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ထုတ်ပြန်ထားခဲ့တာပါ။
ပြည်ပနိုင်ငံက ပြန်လာသူတွေကို ကိုဗစ်စစ်ဆေးရာမှာ ဒီဇင်ဘာ ၂၈ ရက်က စစ်ဆေးချက်အဖြေအရ ယူအေအီးနိုင်ငံကနေပြန်လာသူ ၄ ယောက်မှာ အိုမီခရွန်မျိုးစိတ်တွေ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေနဲ့ သာရေးနာရေး ကိစ္စတွေအတွက် လူ ၁၀၀ အစား လူ ၂၀၀ အထိ စုရုံးနိုင်ပြီလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနက ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင် မျိုးစိတ်တွေထက် ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပါတယ်။
ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိ နိုင်ငံ ၁၀၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူ ၆၀ ကျော်နေပြီဖြစ်ပါတယ်။။