Home
မြန်မာသတင်း
၆ ရက်ဆက်တိုက် ကိုဗစ်-၁၉ ထောင်ချီကူးစက်၊ အိုမီခရွန်ပိုးတွေ့လူနာ ၃၅၀ နီးပါးရှိလာ
DVB
·
February 14, 2022

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၄၇၃ ယောက်နဲ့ ကူးစက် ခံရသူပေါင်း ၅၄၆,၇၇၁ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရောဂါကူးစက်မှု ရာဂဏန်းသာ ရှိခဲ့ရာကနေ စံချိန်တင် ၆ ရက်ဆက်တိုက် ထောင်ချီတွေ့ရှိခဲ့တာဖြစ်ပြီး မနေ့က ကူးစက်မှုအသစ် ၁,၇၀၀ ကျော်ထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးက  ရောဂါကူးစက်ခံရသူပေါင်း ၉၀၀ ကျော်နဲ့ အမြင့်ဆုံးဖြစ်နေခဲ့တာပါ။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၀,၈၅၀ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၄၇၃ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၇ ဒသမ ၀၆ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်က တော့ ၆၄၈ ယောက် ရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ အရေအတွက်ကတော့ ၁၉,၃၁၀ ယောက် ရှိနေပြီး ပြီးခဲ့တဲ့ ၃ ပတ်ဆက်တိုက် ထပ်မံသေဆုံးသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာအယောက် ၃၅၀ နီးပါး ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024