Home
ဆောင်းပါး
တော်လှန်ရေး အိတ်ချ်အိုင်ဗီ
DVB
·
July 11, 2021

ပြီးခဲ့သည့် စစ်အစိုးရလက်ထက်၊ ကျနော် ထောင်ထဲကိုရောက်ပြီးမကြာမီ အချုပ်ကျအကျဉ်းသား တို့၏ စိတ်ကူးယဉ်မျှော်လင့်ချက်ကို သတိပြုမိသည်။ ၎င်းတို့မှာ တရားရင်ဆိုင်နေဆဲမို့ အချိန်မရွေး ထောင်မှ လွတ်သွားနိုင်သည်။ တချို့က အာမခံရသဖြင့် ထောင်မှလွတ်ကာ ပြင်ပမှနေ၍ တရားရင်ဆိုင်ခွင့်ရသွားသည်။ တချို့က စွဲချက်တင်၊ မတင်အဆင့်တွင် လွတ်၊ တချို့ကတော့ နောက်ဆုံး တရားစီရင်ချက်ချသည့်အခါ ကွင်းလုံးကျွတ်လွတ်သွားသည်။

ယင်းသို့သော အခွင့်အလမ်းများအပေါ်အခြေခံကာ အချုပ်ကျအကျဉ်းသားများစွာက စိတ်ကူးယဉ်ကြခြင်း ဖြစ်သည်။ တရားရုံးထုတ်ပြီးပြန်လာသည့် အချုပ်သားများစွာအနက် အာမခံလျှောက်ထားသူက နောက်တစ်ပတ် ရုံးချိန်းတွင် အာမခံရတော့မလိုပြောလေ့ရှိပြီး စွဲချက်တင် အမိန့်ချခါနီးသူက စွဲချက်အဆင့်မှာတင် ပွဲပြတ်တော့မလို။ နောက်ဆုံးစီရင်ချက်အဆင့် ရောက်နေသူကလည်း ကွင်းလုံးကျွတ်ဟုဆိုသူကဆို၊ အချုပ်ကျရက်လောက်သာ ထောင်ချမှာမို့ စီရင်ချက်ချတာနဲ့ တစ်ခါတည်းလွတ်ဟု ပြောသူကပြော။ နှစ်အနည်းငယ်သာ ထောင်ကျလိမ့်မည်ဟု မြေကြီးလက်ခတ်မလွဲ ကြုံးဝါးသူက ကြုံးဝါးဖြင့်။ ကိုယ့်အမှုအခြေအနေ ကိုယ် အမှန်အတိုင်း ရှုမြင်နိုင်သူ နည်းလှသည်။

သူတို့ အလွတ်ကြီးပြောနေကြတာတော့ မဟုတ်။ သူတို့အမှုနှင့်ပတ်သက်၍ မည်သို့သော အားသာချက်ရှိပြီး အားနည်းချက်ဘာလဲ ဆိုသည်ကို ရှေ့နေတစ်ဦးပမာ စီကာပတ်ကုံး ပြောဆိုနေကြခြင်း ဖြစ်သည်။ သူတို့ ဘာ့ကြောင့်ပြောနိုင်ဆိုနိုင်ရသနည်း။ သူတို့ရှေ့နေများ၏ ပြောပြချက်များအရ ဖြစ်သည်။

တချို့ရှေ့နေများက ထောင်ထဲရောက်နေသော မိမိ၏အမှုသည် စိတ်ခွန်အားရစေ့ရန်အလို့ငှာ အမှု အားသာချက်များကို ချဲ့ကားကာ အိပ်မက်ပေးခြင်းဖြစ်သည်။ နောက်တစ်နည်းဆိုရသော် စေတနာစိတ်ထားဖြင့် မျှော်လင့်ချက်အမှားပေးခြင်း။ ရှေ့နေဆိုးအချို့မှာမူ အမှုသည်အိတ်ကပ်ထဲက ငွေကို ရသလောက် နှိုက်ယူလိုခြင်းကြောင့် အိပ်မက်ပေးခြင်း ဖြစ်သည်။

များစွာသောအချုပ်သားတို့ခမျာ အာမခံရတော့မည်ဟု မျှော်လင့်ပြီး အာမခံမရတော့သဖြင့် စိတ်ဆင်းရဲလိုက်။ စွဲချက်တင်အဆင့်တွင် လွတ်မြောက်တော့မည်ဟု ထင်လိုက်၊ မလွတ်လိုက်။ နောက်ဆုံးစီရင်ချက်ချတော့ မိမိမျှော်လင့်ထားသည်နှင့်တခြား ကုန်းကောက်စရာ မကျန်လောက်အောင် စိတ်ဓာတ်ကျရ။

ထောင်ကျအကျဉ်းသားဘဝကို ရောက်တော့ ခဏတဖြုတ်အချိန်ယူကာ စိတ်ဓာတ်ကို ပြန်သံပတ်တင်း ကိုယ့်ဘဝကိုယ် အမှန်အတိုင်း ရင်ဆိုင်ရန် ကြိုးစားရပြန်သည်။ သို့သော်၊ ထောင်ကျဘဝတွင် အနည်ထိုင်မိရုံရှိသေး။ နိုင်ငံတော်ဆိုသည့် မျှော်လင့်ချက်က ဆီးကြိုလို့နေပြန်သည်။ နိုင်ငံတော်ဆိုသည်မှာ ထောင်တွင်း ဝေါဟာရ၊ လွတ်ငြိမ်းချမ်းသာကို ဆိုလိုခြင်းဖြစ်သည်။ နေ့ထူးရက်မြတ်တချို့တွင် နိုင်ငံတော်သမ္မတ (သို့မဟုတ်) နိုင်ငံ့အကြီးအကဲက ချီးမြှောက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမှန်တကယ်ရှိခဲ့ဖူးသဖြင့် လုံးဝမရှိခဲ့သော အရာကို စုံလုံးကန်း မျှော်လင့်ကြခြင်းတော့ မဟုတ်ပြန်။

ထို့ကြောင့် ထောင်ကျအကျဉ်းသားများထဲတွင် နိုင်ငံတော်ဆရာကြီးများ ပေါ်ထွက်လာခဲ့သည်။ လူ လေး၊ ငါးယောက်လောက် စုရုံးတိတ်ဆိတ်နေပြီး အသံတသံတည်းသာ ထွက်နေပြီဆို ဗေဒင်မေးဖို့မလို။ နိုင်ငံတော်ဟောကိန်း ထုတ်နေလေပြီ။

ပြီးခဲ့သည့် စစ်အစိုးရခေတ်ဦးကာလက ကျနော်တို့မိတ်ဆွေ နိုင်ကျဉ်းတစ်ဦးဆိုလျှင် နိုင်ငံတော်ဆရာကြီးအဖြစ် နာမည်ကြီးခဲ့ဖူးသည်။ သူက နိုင်ငံရေးလည်းသိ၊ ပြောတတ်ဟောတတ်လည်း ရှိလှသဖြင့် သူ့နိုင်ငံတော်ဟောခန်းတွင် လူတရုံးရုံး။ လွတ်လပ်ရေးနေ့ပဲ နိုင်ငံတော်လာတော့မလိုလို၊ ပြည်ထောင်စုနေ့ပဲ လာတော့မလိုလိုဖြင့် အကိုးအကားမျိုးစုံဖြင့် တွက်ချက်ပြ။ သူ့ထောင်သက် ၅ နှစ်အတွင်း သူ့နိုင်ငံတော်ဟောကိန်းသည် နေ့စဉ်မပျက်။ သို့သော် ၅ နှစ်စလုံး နိုင်ငံတော်အရိပ်အယောင်မျှပင် မလာ။

ထောင်ကျအကျဉ်းသားများ ဘာ့ကြောင့် နိုင်ငံတော်မျှော်ပြီး နိုင်ငံတော်လာတော့မည်ဟု ထင်ကြသနည်း။ လက်ရှိဘဝတွင် မနေချင်ကြသောကြောင့်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်စရာ နိုင်ငံတော်စိတ်ကူးယဉ်ခန်းသာ ရှိခြင်းကြောင့် ဖြစ်သည်။

ထိုသို့ ထောင်ထဲတွင် နိုင်ငံတော်မျှော်နေကြသလို ပြင်ပကမ္ဘာတွင်လည်း နိုင်ငံတော်ကဲ့သို့သော အနောက်မျှော်ဝါဒ အုံ့ဆိုင်းခဲ့သည်။ အနောက်မျှော်ဝါဒဆိုသည်မှာ အမေရိကန်နှင့် အနောက်အုပ်စုတို့က ဒီမိုကရေစီပြည်သူများအတွက် လာရောက်တိုက်ခိုက် သိမ်းပိုက်တော့မည်ဟု စိတ်ကူးယဉ်ခြင်းဖြစ်သည်။ နောက်တစ်နည်းဆိုရသော် ကိုယ့်တာဝန်ကိုယ်မယူဘဲ သူများခေါင်းပေါ်သို့ ပစ်တင်ကြခြင်း ဖြစ်သည်။

ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း အမေရိကန်ရေတပ်သင်္ဘောကြီး မြန်မာ့ပင်လယ်ပြင်အနီး ရောက်ရှိစောင့်ကြည့်ခဲ့မှုကို အကြောင်းပြကာ မနက်ဖြန်၊ သန်ဘက်ခါပဲ အမေရိကန်စစ်သင်္ဘောကြီး ရန်ကုန်သို့ ရောက်ရှိလာတော့မှာလိုလို။ ရန်ကုန်မြို့လယ်ကောင်ရှိ စစ်ရုံးကြီးကို အနောက်အုပ်စုစစ်လေယာဉ်များက လာရောက်ဗုံးကြဲတိုက်ခိုက်တော့မှာလိုလို၊ ကုလ ငြိမ်းချမ်းရေးတပ်ပဲ ရောက်ရှိလာတော့မှာလိုလို ဖြင့် စိတ်ကူးယဉ်ကြသည်။

ညရောက်လျှင် နိုင်ငံခြားအသံလွှင့်ဌာနများ၏ သတင်းပေးပို့ချက်များကို တိုးတိုးဖွင့်။ ဒီမိုကရေစီခံတွင်းနှင့် လိုက်ဖက်သော သတင်းများကြားရလျှင် တကိုယ်တော် လက်သီးလက်မောင်းတန်း စိတ်ကူးယဉ်လို့။ စိတ်ကူးယဉ်ခန်းသည် ကြာလာပြီး မိမိမျှော်လင့်ထားသလိုဖြစ်မလာတော့သည့်အခါ ‘တော်ပါပြီ နိုင်ငံရေး ရယ်’ဟူ၍ ကိုယ်နဲ့ မဆိုင်တော့သလို လက်နက်ချသွားတော့သည်။

ယခု ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးရောက်တော့လည်း အနောက်မျှော်ဝါဒ ရောက်ရှိလို့လာပြန်သည်။ အမေရိကန်ရေတပ်သင်္ဘောကြီး မြန်မာ့ပင်လယ်ပြင်သို့ ဦးတည်ခုတ်မောင်းလာပြီလိုလို၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ မြန်မာနိုင်ငံသို့ဝင်ရန် ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိစုရုံးနေပြီလိုလိုဖြင့် လူမှုကွန်ရက်ပေါ် အုံးအုံးထခဲ့သည်။ ထိုသို့သော သတင်းများ လူမှုကွန်ရက်ပေါ် တက်လာပြီဆို လိုက်ခ်လုပ်သူမနည်း၊ ရှဲကြသူ ထောင်နှင့်ချီ။

သို့သော် နွေဦးတော်လှန်ရေး၏ နိဒါန်းပျိုးကာလမှာပင် ဒီမိုကရေစီလူငယ်များက ယင်းသို့သော စိတ်ကူးယဉ်မိန်းမောမှုများကို တိုက်ထုတ်ကာ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် အခိုင်အမာ ထွက်ပေါ်လာခဲ့သည်။ ယင်းကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်ကြောင့် နေ့စဉ် ပစ်နေ၊ ဖမ်းနေသည့်ကြား ငြိမ်းချမ်းစွာဆန္ဒပြမှုသည် ယနေ့ထိတိုင် မြို့ကြီးများရော ကျေးလက်များတွင်ပါ ဆက်လက်အောင်လံလွှင့်နေဆဲ ဖြစ်သည်။

ထို့ပြင် ကိုယ့်အခန်းတွင်းကိုယ် အလုံပိတ်ကာ နည်းပညာကမ္ဘာကြီးပေါ် အရသာတွေ့နေကြသော ဒီမိုကရေစီလူငယ်တို့သည် အာဏာရှင်စစ်တပ်ကို ပြန်လည်ခုခံမှဖြစ်မည် ဆိုသော စိတ်ခွန်အားဖြင့် တောဖြတ် တောင်ဖြတ် လောကဓံကြမ်းကြမ်းကြီးကို ဖြတ်ခဲ့ကြသည်။  နွေဦးတော်လှန်ရေးစတင်ခါစ မြန်မာနိုင်ငံတဝန်းရှိ ပြည်သူများကို မောက်မောက်မာမာ ပစ်သတ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယခုအခါ ကျီးလန့်စာစားဘဝဖြင့် သွေးပျက်နေကြပြီ ဖြစ်သလို ပြည်သူကို ဗြောင်လက်ညှိုးထိုး ဒုက္ခပေးနေသော ဒလန်ထီး၊ ဒလန်မ အပေါင်းတို့ နေတတ် စားတတ်လာခြင်းမှာ ဒီမိုကရေစီလူငယ်တို့၏ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ကြောင့်သာလျှင် ဖြစ်သည်။

သို့သော် ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်သည် နွေဦးတော်လှန်ရေးတပ်ဦးတွင် တလူလူ လွင့်နေသလို တော်လှန်ရေးဒီရေကို အရှိန်လျော့စေသော စိတ်ကူးယဉ် အချောင်ခိုစိတ်ဓာတ်သည်လည်း ထက်ကြပ်မကွာ လိုက်ပါနှောင့်ယှက်မြဲ ဖြစ်သည်။

ဥပမာ- တလောက မင်းအောင်လှိုင် ရုရှားသွားခဲ့သည်။ ရုရှားလေဆိပ်တွင် အခမ်းအနားမရှိ၊ ကော်ဇောနီမရှိဘဲ ကိုယ့်အိတ်ကိုယ်ဆွဲဘဝဖြင့် ညှိုးငယ်စွာ လူနာတင်ယာဉ်နှင့်တူသောကားပေါ် တက်သွားရရှာသဖြင့် မြန်မာပြည်သူတို့ကြား ဟားစရာဖြစ်ခဲ့သည်။ ဟားလို့မပြီးသေးခင်မှာပင် တရုတ်သရဲဝတ်စုံဖြင့် ဂုဏ်ဆာနေသော မင်းအောင်လှိုင်၏ဟာသကို ထပ်တွေ့ခဲ့ရသည်။ထား။

ပြီးတော့ နောက်တစ်ရက်မှာပင် မင်းအောင်လှိုင်စီးသည့် လေယာဉ် ဝေဟင်ပေါ်ရောက်ပြီးမှ မင်းအောင်လှိုင် ဆီးချိုတက်လာ၍ လေဆိပ်သို့ အရေးပေါ်ပြန်ဆင်းခဲ့ရကြောင်း သတင်းတစ်ပုဒ် လူမှုကွန်ရက်ပေါ် ရေပန်းစားခဲ့သည်။ နောက်တစ်ရက်ကျတော့ ဆီးချိုရောဂါထက် ပိုပြင်းသော သတင်းတစ်ပုဒ်။ မင်းအောင်လှိုင် လေယာဉ် ရုရှားလေပိုင်နက်အပြင်သို့ ရောက်သည်နှင့် အမေရိကန်က ပစ်ချတော့မှာလိုလို၊ ဖမ်းဆီးတော့မှာလိုလို၊ မင်းအောင်လှိုင်နှင့် အပေါင်းအပါတို့၏ မူးယစ်ဆေးရောင်းဝယ်မှုကြောင့် ထိုသို့ အမေရိကန် ပြုလုပ်တော့မည်ဟု ဆိုသည်။ ထို့ကြောင့် မင်းအောင်လှိုင်သည် ပြန်မလာရဲသဖြင့် ရုရှားတွင် တမြို့ပြီးတမြို့ လှည့်လည်နေရခြင်းဟုလည်း အဆိုပါသတင်းကဖော်ပြထားသည်။ တစ်ဆက်တည်းမှာပင် မင်းအောင်လှိုင်တို့၏ မူးယစ်မှုကို သက်သေအစဖျောက်ရန် တနင်္သာရီစစ်တိုင်းမှူးကိုပင် စစ်ကောင်စီက လက်စဖျောက် သတ်ပစ်လိုက်ပြီဆိုသည့် နောက်ထပ်သတင်းတစ်ပုဒ်က ထပ်မံအားဖြည့်ပေးခဲ့သေးသည်။

အကွက်ကျကျ စိတ်ကူးယဉ်ထားသော အချိတ်အဆက်ရှိသတင်းများ ဖြစ်သည်။ စိတ်ချရသော မည်သည့် နိုင်ငံတကာသတင်းဌာနများတွင်မှ မဖော်ပြခဲ့သော အဆိုပါသတင်းများသည် မင်းအောင်လှိုင် နေပြည်တော်ပြန်မရောက်မချင်း မြန်မာလူမှုကွန်ရက်ပေါ် ယောက်ယက်ခတ်ခဲ့ရာ လိုက်ခ်နှင့်ရှဲတို့ဖြင့် ဖုန်ထောင်းထောင်းထခဲ့သည်။

ဘာ့ကြောင့် ထိုသို့သောသတင်းများ ဟုန်းဟုန်းတောက်ခဲ့ရသနည်း။ လက်ရှိဘဝ၊ လက်ရှိအကြပ်အတည်းများမှ ချက်ချင်းလွတ်မြောက်ချင်ဇောက အမှန်၊ အမှားကို ခွဲခြားသိမြင်နိုင်စွမ်း မရှိအောင် ဖုံးလွှမ်းနေသောကြောင့် ဖြစ်သည်။ထိုသို့ သတင်းအမှားများဖြင့် မျှော်လင့်ချက်အမှားများကို မည်သူတို့က မည်သို့သော ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသနည်း။ 

ပထမဖြစ်နိုင်ခြေမှာ ကိုယ့်ကိုယ်ကိုယ် နားကြီး၊ မျက်စိကြီး၊ လူတတ်ကြီးပမာ ဟုတ်လှပြီ ထင်နေသူတစ်ဦးဦးက သူ ကြားသိခဲ့သော သတင်းအစအနတစ်ခုခုအပေါ် အခြေခံကာ ကိုယ့်ဘာသာ မှန်းဆဇာတ်လမ်းဆင်လိုက်ခြင်းဖြစ်သည်။ ထိုသို့သောပုဂ္ဂိုလ်များမှာ လူအထင်ကြီးခံရ ပြီးရော၊ လူတတ်ကြီးဟု အထင်ခံရပြီးရော တော်လှန်ရေးအပေါ် တစ်စုံတစ်ရာ ထိပါးလိုစိတ်မရှိ။

ဒုတိယဖြစ်နိုင်ခြေမှာမူ စစ်ကောင်စီ ဝါဒဖြန့်ချိရေး၏ ရည်ရွယ်ချက်ရှိသော သတင်းအမှား ဖြန့်ချိခြင်း ဖြစ်နိုင်သည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ သတင်းအမှား မျှော်လင့်ချက်အမှားတို့ကို ဘိန်းစွဲသလိုသာယာကာ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် ချည့်နဲ့စေရေး ဖြစ်သည်။

(မည်သို့သောအကြောင်းကြောင့် ထိုသို့သော သတင်းမှားများ ပျံ့နှံ့ခဲ့သည်ဖြစ်စေ၊ သတင်းအမှားများ လာပါက မျှော်လင့်ချက်အမှားများလည်း များလာမှာဖြစ်သလို အမှားကမ္ဘာတွင် ပျော်ဝင်သူ များလာကာ တော်လှန်ရေးအတွက် ဆူးငြောင့်ခလုတ် များလာနိုင်ပါသည်။ ထို့ကြောင့် ကျွမ်းကျင်သူများနှင့် တတ်နိုင်သူများအနေနှင့် သတင်းမှားများကို မြန်မြန်ဖော်ထုတ်ခြင်းနှင့် မည်သူတို့က သတင်းမှားဖြန့်ချိနေသလဲဆိုသည်ကို ပြည်သူများသိအောင် စောင့်ကြည့်ဖော်ထုတ်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။)

ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်သည် ဒီမိုကရေစီ အောင်မြေနင်းနိုင်ရေးအတွက် အသက်တမျှ အရေးကြီးလှသည်။ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် ဆိုသည်မှာ နိုင်ငံတကာမိတ်ဆွေတို့၏ အကူအညီများကို ငြင်းပယ်နေခြင်းမဟုတ်။ နွေဦးတော်လှန်ရေးတွင် နိုင်ငံတကာမိတ်ဆွေတို့၏ အကူအညီရရှိရေးသည် အင်မတန် အရေးကြီးပါသည်။

သို့သော် မိမိထမ်းရမည့်ဝန် အခြားသူ၏ခေါင်းပေါ် ပစ်တင်လိုခြင်းမျိုး၊ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ငုတ်တုတ်ထိုင် စိတ်ကူးယဉ်နေခြင်းသည် ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် မရှိခြင်း ဖြစ်ပြီး အရေးတော်ပုံ ကိုယ်ခံအား ကျဆင်းမည်သာ ဖြစ်သည်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024