Home
သုံးသပျခကျြ
၂၁ ရာစု ပင်လုံညီလာခံက ဘာတွေ မျှော်လင့်လို့ ရနိုင်မလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
July 14, 2016
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို သြဂုတ်လကုန်မှာ လုပ်မှာပါ။ အဲဒါအတွက် ဇူလိုင်လ ၈ ရက် ၉ ရက်မှာဆိုရင် ထိပ်သီးတိုင်းရင်းသား ညီလာခံတခု ကျင်းပနိုင်ဖို့အတွက် တိုင်းရင်းသားတွေကလည်း ချင်းမိုင်မှာ ဆွေးနွေးနေကြပါတယ်။ ဒီတခေါက်မှာတော့ အရင်ကထက်ပိုပြီးတော့ All Inclusive လိုမျိုး ပိုမိုပါဝင်လာနိုင်တဲ့ ဆွေးနွေးမှုမျိုးကို  ချဉ်းကပ်လာတာ တွေ့ရပါတယ်။ အဲလိုပဲ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မှုအချက်သုံးချက်ကို ချပေးခဲ့ပါတယ်။ အဲဒါတွေကတော့ အရင်တုန်းက အန်စီအေ လက်မှတ်ထိုးပြီးမှ ညီလာခံတက်ရမယ်။ တကယ်လို့ ညီလာခံတက်လာရင် အန်စီအေ မထိုးဘဲနဲ့ ဘာအကျိုးအမြတ်တွေ ရမလဲ။ နောက်တခုကတော့ လူမှုအဖွဲ့တွေရဲ့ ဖိုရမ်အတွက် မူချခဲ့တာရယ်၊ နောက်တချက်ကတော့ ရွေးကောက်ပွဲမှာ အရွေးမခံရတဲ့ တိုင်းရင်းသားတွေ ပါလာရေးကို ဖြေလျှော့ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာကတော့ ဆရာအေးမောင်ကျော်နဲ့ ဆရာမုံရွာအောင်ရှင် ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) "အခု ဒီတခေါက် ပြန်တော့တည်လာပြီ၊ နီးလည်းနီးလာပြီ။ တိုင်းရင်းသားတွေဘက်ကလည်း တော်တော် ပြင်ဆင်နေပြီပေါ့။ အဲတော့ ဒီတခေါက်ငြိမ်းချမ်းရေးဟာ ကျနော်တို့ ဒေါ်စုကလည်းပြောသွားတယ်။ ဒီတခေါက်က ငြိမ်းချမ်းရေးတင် မဟုတ်ဘူး။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆီပါ သွားမယ်လို့ မူဝါဒချမှတ် အသိပေးခဲ့တယ်။ အဲဒီတော့ ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ ဘယ်လောက်နီးလာပြီလဲ။ ဒီတခေါက် ဘာတွေ မျှော်လင့်လို့ရလဲ။ အဲဒါစပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “ဒါကတော့ အစိုးရသစ်လက်ထက်ပေါ့လေ။ အစိုးရသစ်လက်ထက် ပထမသုံးလလောက် ကာလအတွင်းမှာ နဂိုကတည်းက ကျနော်တို့ မှန်းဆထားတဲ့အတိုင်း အရေးကြီးဆုံးဖြစ်တဲ့ ဒီ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ဒါ အကောင်အထည်ဖော်တဲ့ သဘောပေါ့။ အခုတော့ ခြေလှမ်းတွေသွက်သွက်နဲ့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ပေါ့နော်၊ ကျနော်တို့ တွေ့မြင်လာရတာပေါ့။ တိုင်းရင်းသားတွေဘက်က ဒီလို စုစည်းမှုတွေနဲ့ ပြင်ဆင်တာတွေ၊ ဆွေးနွေးပွဲတွေ တွေ့လာရတယ်။ အလားတူပဲ ကျနော်တို့ ၂၁ ရာစု ပင်လုံကြိုဆိုရေး ကော်မတီ၊ အကြိုပြင်ဆင်ရေး ကော်မတီရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့ပွဲတွေလည်း ရှိတယ်ပေါ့နော်။ အဲဒီမှာ ခုနကပြောသလို မူဝါဒတွေ ချမှတ်ခဲ့တယ်။ ဆိုတဲ့အခါကျတော့ အခြေအနေအရ ဘာပဲဖြစ်ဖြစ် ကျနော်တို့က တော်တော်ကြီးကို အကောင်းဘက်ကို ချဉ်းကပ်နေတယ်လို့ ယူဆစရာရှိပါတယ်။ အရင်အခြေအနေထက်စာရင် တကယ့်ဆွေးနွေးပွဲတခုကိုစဖို့ တော်တော်နီးစပ်လာပြီလို့ ယူဆနိုင်ပါတယ်။ အဲဒါလည်း အင်မတန်အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်စဉ်တခုကို ကျနော်တို့က စလိုက်ဖို့ အရေးကြီးတယ်။ အခုဟာက ကျနော်တို့က မစနိုင်သေးဘူးလေ။ ဒါတွေ အကြိုညှိနေတဲ့အဆင့်ပဲရှိတာ။ တကယ်တမ်း နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းပေါ် တကယ်ရောက်လာပြီ ဆိုတဲ့အချိန်မှာ ဒါတွေကို တကယ်တမ်း တရားဝင်ပြောကြရမှာပေါ့နော်။ သီအိုရီအရကော လက်တွေ့အခြေအနေတွေအရကော တိုင်းရင်းသားရေးတွေရော အကုန်လုံး ပါလာမယ်ပေါ့။ နိုင်ငံရေးကိစ္စတွေ အားလုံးပါလာမယ်။ အဲဒီအခြေအနေတွေစဖို့ ကျနော်တို့က တခုကို စလိုက်ဖို့အတွက် စတင်ပြီးတော့ ပြင်ဆင်တဲ့ခြေလှမ်းဟာ အတော်လေး နီးကပ်လာပြီလို့ ပြောလို့ရပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျား။ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ဦးသိန်းစိန်အစိုးရ လက်ထက်ကလည်း တော်တော်ကြိုးစားခဲ့တယ်။ ဒါပေမယ့် တကယ် အန်စီအေက ၈ ဖွဲ့ပဲ ထိုးခဲ့တယ်။ အဲလိုပဲ ယူအန်အက်ဖ်စီလို ၉ ဖွဲ့လောက် ကျန်ခဲ့တယ်ပေါ့နော်။ အခုတော့ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီးတော့ ကျင်းပရေး ကော်မတီက လိုက်ဆွေးနွေးတာ ၂၁ ဖွဲ့လောက်ရှိနေပြီ။ ၂၁ ဖွဲ့လုံးကလည်း လာဖို့ အလားအလာများတယ်။ အဲတော့ဆရာ ဒီတခေါက် ပြန်လုပ်မယ့်ဟာရဲ့ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်နဲ့ အစိုးရကလည်း ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတဲ့အပေါ်မှာ ဘယ်လောက်ညှိနှိုင်းနိုင်လဲ။ ဘာတွေမျှော်လင့်လို့ရလဲဆိုတာ ဖြည့်စွက်ပြီး ဆွေးနွေးပေးပါဦးခင်ဗျ။" မုံရွာအောင်ရှင် (တာဝန်ခံအယ်ဒီတာ၊ ဒီလှိုင်းစာစောင်) “ပထမပြောချင်တာကတော့ ကြိုးစားမှုပေါ့နော်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ဒေါက်တာတင်မျိုးဝင်းတို့ စတဲ့ ပုဂ္ဂိုလ်များက ကြိုးစားမှုမှာ တော်တော်လေးကို အားရစရာ ကောင်းပါတယ်။ အဲလိုပဲ ကျနော်ပြောချင်ပါတယ်။ ဒါ ပထမအချက်ပေါ့။ ဒုတိယအချက်က ဒေါက်တာတင်မျိုးဝင်းတို့ အပါအ၀င်ပေါ့၊ တွေ့ဆုံဆွေးနွေးကြတယ်။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးကြတာလည်း အကြိမ်ပေါင်း တော်တော်လေးတော့ များလာပါပြီ။ အထူးသဖြင့်တော့ နယ်စပ်ဒေသအထိတောင်၊ ဌာနချုပ်တွေအထိတောင် သွားပြီးတော့ ဆွေးနွေးကြတာတွေ ရှိတယ်။ အဲဒီဟာတွေကလည်း အလားအလာကောင်းတယ်ဆိုတဲ့ အခြေခံကောင်းတွေပေါ့။ ကျနော်တို့ မြင်လာရပြီပေါ့။ မြင်လာရပြီဆိုတော့ နောက်တခါ စောစောကပြောသလိုပဲ ဒေါ်အောင်ဆန်းစုကြည်က ထပ်ပြီးတော့ အချက်သုံးချက်၊ လမ်းညွှန်ချက်ပေါ့၊ သုံးခုကို သူချလိုက်တာ။ အဲဒါလည်း ပိုပြီးတော့ ပြည့်စုံသွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီမှာ အဓိကက အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုလည်း သူက All Inclusive အနေနဲ့ ပါဝင်ခွင့်ပြုမယ်ဆိုတဲ့ သဘောထားတွေ ကျနော်တို့ တွေ့လာရတယ်။ အဲဒါက တော်တော်ကောင်းတဲ့ အလားအလာပါပဲ။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်ဖို့ အကောင်းဆုံး အခြေအနေလို့ ကျနော်ယူဆပါတယ်။ ဒါ တစ်အချက်။ နောက်တချက်ကတော့ ဖက်ဒရယ်ကိစ္စပေါ့။ ဖက်ဒရယ်ကိစ္စလည်း ဒါပါပဲ။ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြီးတဲ့အခါမှာ ဖက်ဒရယ်ကိစ္စကို ကျနော်တို့က ဆွေးနွေးကြရမှာ။ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးမူဘောင်တွေ ပြောပြီးတော့ ဖက်ဒရယ်ကိစ္စကို ဆွေးနွေးကြမှာဆိုတော့ ပထမခြေလှမ်းပေါ့။ Starting Point ဟာ အရေးကြီးတယ်။ ဆရာအေးမောင်ကျော် ပြောသလိုပဲ၊ ဒီ Starting Point ကောင်းသွားပြီဆိုရင် နောက်လာမယ့် ပြင်ဆင်မှုတွေလည်း ပိုပြီးတော့ မြိုင်ဆိုင်လာလိမ့်မယ်လို့ ထင်ပါတယ်။ အောင်မြင်လိမ့်မယ်လို့ ကျနော်ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ ဆရာအေးမောင်ကျော်ပြောသလို တွေ့ဆုံမှုတွေ ပိုစိပ်လာတယ်။ တကယ်လည်း ရက်ကကပ်လာပြီ။ တိုင်းရင်းသားတွေထဲမှာလည်း တိုင်းရင်းသား ထိပ်သီးညီလာခံတခုကို မိုင်ဂျာယန်မှာ လုပ်ဖို့ရှိတယ်။ အထူးသဖြင့် ကျနော်တို့ မြောက်ပိုင်းမှာကျန်ခဲ့တဲ့ တိုင်းရင်းသားတွေပေါ့နော်။ အန်စီအေ လက်မှတ်ထိုးတာတင် မဟုတ်ဘဲ တခြား ၀ တို့ မိုင်းလားတို့ကလည်း ပါလာလိမ့်မယ်။ အဲလိုပဲ ကျနော်တို့ နာဂဆိုရင်လည်း ပါလာဖို့ရှိတယ်။ တကယ်တမ်း သူတို့တွေ လက်တွေ့ကျကျ ပါဝင်လာနိုင်အောင် ဘယ်လိုမျိုးများ ဘောင်ကျယ်ကျယ်၊ ဘယ်လိုမျိုးများ ညှိနှိုင်းပေးမလဲ။ Condition တွေ ထားရင်ကော တကယ်ကော ပါနိုင်ပါ့မလား။ တကယ် လက်တွေ့ကျကျ အလုပ်ဖြစ်နိုင်ပါ့မလား။ အဲဒါလေးလည်း ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အခုကတော့ မိုင်ဂျာယန်မှာတွေ့ဖို့ တိုင်းရင်းသားအဖွဲ့အစည်း အားလုံး ပြင်ဆင်နေတာပေါ့။ အဲတော့ အဲဒီမတိုင်ခင်မှာလည်း ယူအန်အက်ဖ်စီ ဥက္ကဋ္ဌ ဦးအင်ဘန်လတို့ ပါတဲ့အဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရန်ကုန်မှာတွေ့ဖို့ ရှိတယ်လေ။ အကြမ်းဖျင်းတော့ အဲဒီရက်ပိုင်းတွေမှာပါပဲ။ ဒီလမကုန်ခင်ပေါ့နော်။ ဆိုတဲ့အခါကျတော့ အဲဒီမှာ သူတို့ကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီက မူဝါဒသဘောထားတချို့ကို သိချင်ပုံရတယ်။ ကျနော်ထင်တာတော့လေ။ နောက်တခုကတော့ မိုင်ဂျာယန်မှာ ဆွေးနွေးပြီ ဆိုတဲ့အခါမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားတာလည်း ရှိတယ်။ သူတို့ကလည်း အကူအညီတောင်းထားတာ ခရီးသွားလာရေးတွေ ဘာတွေ၊ နယ်မြေဖြတ်သန်းခွင့်တို့ ဘာတို့၊ ဆိုတဲ့အခါ အဲဒီမှာ သူက ပြောတာကတော့ ဒီအစိုးရအဖွဲ့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပေါ်လစီအပေါ် ကြည့်ပြီးတော့ သူတို့ ကူညီပါ့မယ်ဆိုပြီးတော့ ပြောထားတာရှိတယ်။ တပ်မတော်ဘက်ကလည်း ဘာပဲဖြစ်ဖြစ် အစိုးရပေါ်လစီအတိုင်း သူတို့ လိုက်ပါဆောင်ရွက်မယ့်သဘော ရှိပါတယ်။ ဆိုတဲ့အခါကျတော့ မိုင်ဂျာယန်မှာတော့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေရော မထိုးတဲ့အဖွဲ့တွေရော၊ ၀ တို့၊ မိုင်းလားတို့ပါ အကုန်ပါ၊ သူတို့ဆွေးနွေးကြမယ်ဆိုတော့ ဒါကတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ မြန်မာနိုင်ငံရဲ့ အနီးခေတ်သမိုင်းမှာပေါ့၊ ဒီလို စုစည်းဆွေးနွေးပြီးတော့ လုပ်တဲ့ပွဲမျိုးက ဒါ အရေးကြီးပါတယ်။ တိုင်းရင်းသားတွေ အနေနဲ့လည်း ဒါ ဂုဏ်ယူရမယ့် ကိစ္စတခုပါပဲ။ ဘာလို့လဲဆို အရင်တုန်းကဆို ဒီလိုအခွင့်အလမ်းတွေ မရခဲ့ဘူးပေါ့။ ဒီအချိန်ဟာ အရမ်းအရေးကြီးနေတယ်လေ။ အရမ်းအရေးကြီးတယ်ဆိုတာက စုပေါင်းစဉ်းစားချက်တွေပေါ့နော်။ စုပေါင်းဆွေးနွေးချက်တွေကနေပြီးတော့ နီးစပ်တဲ့ အဖြေတခုကို ရနိုင်တာပေါ့နော်။ အဲဒီကနေ ကျနော်တို့က အစွန်းတဘက်ကို ရောက်သွားတာ မဟုတ်ဘဲနဲ့ တကယ်တမ်း ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ့် လမ်းကြောင်းအမှန်ကို အနီးစပ်ဆုံး အနေအထားတွေကို ဆွေးနွေးနိုင်ဖို့လိုတာ ဖြစ်တာပေါ့။ ကျနော်ထင်တာကတော့ ဒီလိုပဲဖြစ်လာမယ်လို့ ကျနော် ယူဆတယ်ပေါ့နော်။ လက်ရှိအခြေအနေမှာ ဘာလို့လဲဆိုတော့ အစိုးရက လူထုရွေးကောက်ထားတဲ့ အစိုးရဖြစ်တယ်။ လူထုသြဇာရှိတဲ့ ခေါင်းဆောင်တယောက်လည်း ရှိနေတဲ့ အချိန်မျိုး ဖြစ်တယ်ပေါ့။ ဒီလိုအချိန်မျိုးမှာ ဒီအခွင့်ကောင်းကို ဆုပ်ကိုင်နိုင်ဖို့ဆိုတာ အားလုံး ဘက်အသီးသီးမှာ တာဝန်ရှိတယ်လို့ ကျနော်ယူဆပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ ဆရာ မုံရွာအောင်ရှင်ကိုလည်း မေးချင်တာက တခုဖြေလျှော့ပေးတယ်လို့ ကျနော်တို့ ကြားတာကတော့ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ တိုင်းရင်းသားပါတီတွေ ပါဝင်ဖို့ပေါ့နော်။ အရင် အန်စီအေမှာတော့ သူ့အကန့်နဲ့သူ သူတို့တွေ ထားခဲ့တယ်။ နိုင်ငံရေးပါတီတွေကလည်း ၉၀ ကျော်တယ်။ အထူးသဖြင့် တိုင်းရင်းသားပါတီတွေကိုပေါ့ ဒီတခေါက်မှာတော့ ပြန်ပါဝင်ခွင့်ပေးမယ်ပေါ့။ အဲဒါနဲ့ပတ်သက်လို့ကော ဘာတွေ နောက်ဆက်တွဲ ဖြစ်လာနိုင်သလဲ။ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ All Inclusive ပါဝင်နိုင်ခွင့်ရှိတဲ့လူတွေ ကိုယ်စားပြုမှု နိုင်ငံရေးပါတီတွေဘက်ကကော ဘယ်လိုတွေများ ဆက်ဖြစ်လာနိုင်လဲ။ အဲဒါလေး ဆွေးနွေးပါဦးခင်ဗျ။" မုံရွာအောင်ရှင် (တာဝန်ခံအယ်ဒီတာ၊ ဒီလှိုင်းစာစောင်) “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေလျှော့မှုပေါ့။ အဲဒီဟာက ကျနော်ကတော့ ပိုပြီးတော့ All Inclusive ဖြစ်တယ်လို့ ယူဆတယ်။ ပထမအချက်က ကျနော်တို့ အန်စီအေ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို ပါဝင်ခွင့်ရရမယ် ဆိုတဲ့ဟာ ဒါလည်း All Inclusive ပဲ။ ဒုတိယ ထပ်ပြီးတော့ ဖြေလျှော့တာက ရွေးကောက်ပွဲမှာ အနိုင်မရပေမယ်လို့ ဒီဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရှိသင့်တယ်ဆိုတဲ့ အယူအဆကို တခါ ထပ်ပြီးတော့ တင်လာတယ်။ အဲဒါက  All Inclusive ပိုပြီးတော့ဖြစ်တယ်လို့ ကျနော်ကတော့ ထင်တယ်။ ပထမကတော့ လက်နက်ကိုင်အင်အားစုတွေကို All Inclusive ဖြစ်အောင်လုပ်တယ်။ ဒုတိယကတော့ လက်နက်ကိုင်မဟုတ်တဲ့ နိုင်ငံရေးပါတီတွေ All Inclusive ဖြစ်အောင် လုပ်ပေးတယ်။ အဲဒါဟာ ပိုပြီးတော့ ဆွေးနွေးပွဲအတွက်ပေါ့လေ အလားအလာ ပိုကောင်းတယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စောစောပိုင်းတုန်းက ကျနော်တို့ ကန့်သတ်ထားတာတချို့ ရှိတယ်လေ။ အဲဒီကန့်သတ်ထားတာကတော့ ရွေးကောက်ပွဲမှာ အနိုင်မရတဲ့ ပါတီတွေကို ပါဝင်ခွင့်မရှိဘူးဆိုတဲ့ဟာ၊ အဲဒီအခါမှာ တိုင်းရင်းသားပါတီတွေက စကားတွေ ပြောလာကြတာတွေ ကျနော်တို့ ကြားလာရတယ်။ အဲဒါတွေကို ဒေါ်အောင်ဆန်းစုကြည်လည်း အလေးအနက်ထားပုံရတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲ မနိုင်ပေမယ်လို့ ပါဝင်ခွင့်ရှိရမယ်ဆိုတဲ့မူကို ဖြေလျှော့မှုပေါ့လေ၊ ဒါကို လုပ်ပေးတာပေါ့။ အဲဒီပုဂ္ဂိုလ်တွေ ပါလာမယ့်အတွက်ကြောင့် လက်နက်ကိုင်အင်အားစုအပြင်ပေါ့ နိုင်ငံရေးအရ ပါတီဖွဲ့စည်းပြီးတော့ လုပ်တဲ့ နိုင်ငံရေးပါတီ ပုဂ္ဂိုလ်တွေပေါ့။ အဲဒီပုဂ္ဂိုလ်တွေပါ ထပ်ပြီးပါလာတာဟာ ပိုပြည့်စုံလိမ့်မယ်လို့ ကျနော်ထင်တယ်လေ။ အယူအဆတွေ ပိုပြီးတော့ ပြည့်စုံလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့်မို့ ဒါဟာ ကောင်းတယ်လို့ ပြောချင်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "နောက်တခုကတော့ ကျနော်တို့ ဒီဆွေးနွေးပွဲပေါ့နော်။ ပင်လုံညီလာခံမှာ အကြမ်းဖျင်း ကျနော်တို့ သိရသလောက်တော့ ဒေသကိုအခြေခံတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲ၊ အဲလိုပဲ လူမျိုးကိုအခြေခံတဲ့ ဆွေးနွေးပွဲ၊ နောက်တခုက အကြောင်းအရာကို အခြေခံတဲ့ ဆွေးနွေးပွဲဆိုပြီးတော့ အဲလိုခွဲထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ကော တကယ်တမ်း လက်ရှိ ရှိနေတဲ့ ဖက်ဒရယ်ကိစ္စရော၊ ကျနော်တို့ ငြိမ်းချမ်းရေးကိစ္စရော၊ ရင်ကြားစေ့ရေးကိစ္စရော လွှမ်းခြုံနိုင်ပါ့မလား။ အခုလိုမျိုး Sub Heading လေးတွေပေါ့၊ Agenda လေးတွေ ခွဲလိုက်တဲ့အတွက် ကိုင်တွယ်ရတာ ဘယ်လိုမျိုး ပိုဖြစ်သွားနိုင်လဲ။ အဲဒါလေးတွေ ဆရာအေးမောင်ကျော် ဖြည့်စွက်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အဲဒါကတော့ ကျနော်တို့သမိုင်းမှာ အတွေ့အကြုံမှာတော့ မရှိသေးတဲ့ ဖြစ်စဉ်မျိုးပေါ့နော်။ ဘာလို့လဲဆိုတော့ တကယ်တမ်း ပကတိ အခြေအနေရ ပြောရရင်တော့ ကျနော်တို့တိုင်းပြည်က လူမျိုးအရ ကွဲပြားတာတွေရှိတယ်။ ယဉ်ကျေးမှုအရ ကွဲပြားတာတွေရှိသလို ဒေသအရလည်း ကျနော်တို့မှာ တခုနဲ့တခု မတူညီတဲ့ကိစ္စတွေ အများကြီးရှိတယ်ပေါ့နော်။ တကယ်တမ်းပြောရရင်တော့ ကျနော်ထင်တာက အိန္ဒိယတို့ဘာတို့နဲ့ နည်နည်း နီးစပ်တယ်လို့ ထင်တယ်။ အိန္ဒိယမှာ ပြည်နယ်တော်တော်များများက လူမျိုးနာမည်နဲ့ရှိသလို ဒေသနာမည်နဲ့ ရှိတယ်။ တောင်တန်းတွေ၊ မြစ်ချောင်းတွေ နာမည်နဲ့လည်းရှိတယ်၊ ပြည်နယ်တွေကို အမျိုးစုံရှိတယ်။ အဲဒါတွေအားလုံး ပေါင်းစည်းထားရတယ်။ ကျနော်တို့တိုင်းပြည်မှာလည်း အဲဒီလိုပဲ။ ရှမ်းပြည်နယ်ဆိုရင် ရှမ်းပြည်နယ်ထဲမှာ လူမျိုးက တော်တော်များများရှိတယ်။ လက်နက်ကိုင် အဖွဲ့က ၁၀ ဖွဲ့လောက် ရှိနေတယ်ပေါ့နော်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရကိုပဲ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေ လေးဖွဲ့လောက် ပေးထားတာရှိတယ်။ ၀ ဆိုရင် တိုင်းအဆင့်အထိ ရှိတယ်။ သူတို့ကလည်း အခုဟာက ပြည်နယ်တောင်းတဲ့ အဖွဲ့တွေလည်း ရှိလာတယ်ပေါ့။ ရှိလာတယ်ဆိုတဲ့အခါကျတော့ ဒါတွေကို ဆွေးနွေးတဲ့အခါမှာ နယ်မြေဒေသအခြေခံ ဆွေးနွေးတာရယ်၊ လူမျိုးအခြေခံ ဆွေးနွေးတာရယ်၊ ဒီလိုခွဲခြားလိုက်တာကတော့ နည်းနည်းပိုပြီးတော့လည်း အဆင်ပြေလာနိုင်တယ်လို့ ထင်တယ်။ အဲဒါက ကျနော်ထင်တာကတော့ မြေပြန့်ဒေသတွေမှာဆိုရင် ကျနော်တို့က တိုင်းပြည်ကို ပြန်လည်တည်ဆောက်တဲ့ အဆင့်အထိ ကျနော်တို့က ဆွေးနွေးကြရမှာကိုး။ ဆိုလိုတာက တိုင်းနဲ့ပြည်နယ် ၁၄ ခုလား၊ ၁၅ ခုလား စသည်ဖြင့်ပေါ့နော်။ ဒါတွေကအစ ပါလာမယ့် အခါကျတော့ အခုလို ခွဲခြားပြီးတော့ ဆွေးနွေးတာ ပိုကောင်းနိုင်တယ်လို့ ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဒီဟာကိုပဲ ကျနော်မေးချင်ပါတယ်။ ဆရာတို့ဆို အယ်ဒီတာတယောက်အနေနဲ့ ဒီဟာတွေပဲ ရေးလာခဲ့တာ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တာ၊ လူမျိုးစုရေးနဲ့ပတ်သက်တာ၊ တကယ်တမ်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ထပ်တခုက ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ရင်ကြားစေ့ရေး ဖြစ်စဉ်ဘက်ကို ပိုသွားချင်တယ်။ ပိုမိုကျယ်ပြန့်တယ်။ အဲဒါကြောင့်မို့ ဒေသ၊ လူမျိုး၊ အကြောင်းအရာ၊ ဆိုလိုတာက ဒေသအလိုက်လည်း ရင်ကြားစေ့ချင်တယ်၊ လူမျိုးအလိုက်လည်း ရင်ကြားစေ့ချင်တယ်၊ အကြောင်းအရာ အလိုက်လည်း ရင်ကြားပိုစေ့ချင်တယ်။ အခုလိုမျိုး ခွဲလာတဲ့အတွက် ဘယ်လိုမျိုး နောက်ဆက်တွဲ ဘာတွေမျှော်လင့်နိုင်လဲ၊ ဒီငြိမ်းချမ်းရေးက ဘယ်လိုရလဒ်တွေရှိမလဲ ဆရာ နည်းနည်းလေး ဖြည့်စွက်ပြောပေးပါဦး။" မုံရွာအောင်ရှင် (တာဝန်ခံအယ်ဒီတာ၊ ဒီလှိုင်းစာစောင်) “အကြောင်းအရာအရ ဆွေးနွေးကြမယ် ဆိုတာကတော့ ကျနော်မြင်တာတော့လေ ဒါက အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အကြောင်းအရာကို Main Stream ကြီးတခုကို ပြောချင်တယ်လို့ ကျနော်ထင်တယ်။ နောက်တခုကလည်း ထပ်ပြီးတော့ ပြောရရင်တော့ဗျာ။ ဥပမာဆိုပါစို့ ဖက်ဒရယ် ပြောကြပြီဆိုရင် ပြောစရာတွေက အများကြီးပဲ။ အာဏာခွဲဝေရေးအကြောင်း ပြောမလား၊ သဘာဝ သယံဇာတ ခွဲဝေရေးအကြောင်းပဲ ပြောမလား၊ ဒါတွေက အကြောင်းအရာတွေနဲ့ သက်ဆိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်လေ။ နောက်တခုက လူမျိုးအရ၊ ဒေသအရဆိုတာ ဒါလည်း အရေးကြီးတာပဲ။ တချို့ဒေသတွေမှာ လူမျိုးတခုတည်း မဟုတ်ဘူး။ သူ့ဒေသ လူမျိုးရေးတခုတည်း မဟုတ်ဘူး။ အခြားလူမျိုးတွေပါ ရောနှောပြီး နေကြတာတွေ ရှိတယ်။ အဲဒါမျိုးကျတော့ ကျနော်တို့က ဒေသအနေနဲ့ စကားပြောကြရလိမ့်မယ်လို့ ထင်တယ်။ ဥပမာဆိုပါစို့ ရခိုင်ပြည်နယ်လိုဟာမျိုးဆိုရင် ရခိုင်အမျိုးသား တော်တော်များများပဲ အဓိကထားနေကြတာကိုး။ ဒါက သိပ်ပြီးတော့ ပြဿနာမရှိနိုင်ဘူး။ ကယားပြည်နယ်တို့၊ ချင်းပြည်နယ်တို့ ပြဿနာမရှိနိုင်ဘူး။ သို့သော် တချို့ ရှမ်းပြည်နယ်လိုဟာမျိုးကျတော့ လူမျိုးပေါင်းစုံ နေလာတဲ့အခါကျတော့ ကျနော်တို့က လူမျိုးအရလည်း စကားပြောကြရမယ်၊ ဒေသအရလည်း စကားပြောကြရမှာတွေ ရှိတယ်။ အဲဒါကြောင့် ဒီဟာကို သေသေချာချာ ကွဲကွဲပြားပြားပေါ့။ ဆွေးနွေးနိုင်အောင် ဒီ Category သုံးခုကို ခွဲခြားပေးတယ်လို့ ကျနော် အဲလိုပဲမြင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024