Home
သုံးသပျခကျြ
မိုင်ဂျာယန် အစည်းအဝေး နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်မလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
August 3, 2016
ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ ဇူလိုင် ၂၆ ရက်ကနေ ၃၀ ရက်အထိ မိုင်ဂျာယန်မြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလူမျိုးများ ခေါင်းဆောင်များ တွေ့ဆုံပွဲပေါ့နော်။ ဒီဟာဆိုရင် ငါးကြိမ်မြောက်ရှိပါပြီ။ အရင်လည်း တွေ့ဆုံခဲ့ပါတယ်။ အထူးသဖြင့် ဒီတွေ့ဆုံပွဲရဲ့ အဓိကရည်ရွယ်ချက်ကတော့ တိုင်းရင်းသားတွေကြားထဲမှာ ဘုံသဘောတူညီမှုတခု ရရှိအောင် ဆွေးနွေးနေပါတယ်။ နောက် အဓိက ဆွေးနွေးတာကတော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုမျိုးများ သွားမယ်ဆိုတဲ့ တိုင်းရင်းသားတွေရဲ့ ၂၁ ပင်လုံညီလာခံပဲပြောပြော၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလို့ပဲ ခေါ်ဆိုနေတဲ့၊ သြဂုတ်လအကုန်မှာ ကျင်းပဖို့အတွက် အဓိက ဘုံသဘောတူညီမှုတခုရအောင် ဆွေးနွေးတာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းထဲမှာလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်မယ်လို့ ပြောထားပါတယ်။ တပ်မတော်ကလည်း ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ ပြောထားပါတယ်။ အခုက တိုင်းရင်းသားဘက်က တင်ပြတဲ့ ဖက်ဒရယ်ပေါ့။ ဒီဟာနဲ့ ပတ်သက်လို့တော့ အစိုးရကလည်းပြောပြီ၊ လူမျိုးစုတွေကလည်းပြောပြီ။ တပ်မတော်ကလည်း ဖက်ဒရယ်ပြောမယ်။ ဒီသုံးခုက အနှစ်သာရကော တူကြလား။ လူမျိုးစုတွေလိုချင်တဲ့ ဖက်ဒရယ်က ဘာလဲ၊ ခုနောက်ဆုံး အခြေအနေလေးကို ဒီ မိုင်ဂျာယန် အစည်းအဝေးရဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်မလဲဆိုတာ ပထမဆုံး သုံးသပ်ပေးပါဦး။" ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) "ယေဘုယျအားဖြင့်တော့ အခုထက်ထိ မိုင်ဂျာယန်က ထွက်လာတဲ့ သတင်းတွေနဲ့ ကြည့်ရရင်တော့ တပ်နဲ့ တိုင်းရင်းသား ယူအန်အက်ဖ်စီကြားမှာတော့ ကွာဟမှု ရှိနေတုန်းပဲလို့ သုံးသပ်လို့ရမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ တပ်ရဲ့ချဉ်းကပ်ပုံက ၂၀၀၈ ဖွဲ့စည်းပုံပေါ်မှာ အခြေခံထားပြီးတော့ ချဉ်းကပ်တယ်ပေါ့နော်။ အခု မိုင်ဂျာယန်မှာ ပြောလာတာက ပြည်နယ်နဲ့တိုင်းတွေကို ပြန်လည်သတ်မှတ်ရေး ကျနော်တို့ ကြားလိုက်ရတယ်ပေါ့နော်။ ကြားလိုက်ရတယ် ဆိုတဲ့အခါကျတော့ အရင်တုန်းကထက်စာရင်တော့ ယူအန်အက်ဖ်စီရှိတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေက ပိုပြီး ပျော့ပျောင်းလာတယ်လို့ ပြောလို့ရတယ်၊ ကျနော်တို့ အပြင်မှာ ရှိတုန်းပေါ့နော်။ ကျနော်တို့က ရှစ်ပြည်နယ်မူဆိုပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးရဲ့ အခြေခံမူတွေကို ချမှတ်တဲ့အခါမှာ ပြည်ပရောက်အဖွဲ့တွေက အဲလိုချမှတ်ခဲ့တယ်။ အခုဟာကတော့ သူက အမျိုးသားများရဲ့ ပြည်နယ်သုံးခုဆိုပြီးတော့ စစ်ကိုင်းရယ်၊ ဧရာဝတီရယ်၊ တနင်္သာရီရယ် သုံးခုကိုပါ ထည့်လာတယ်။ ကျန်တာကတော့ ဗမာပြည်နယ်ဆိုပြီးတော့ ပြောလာတယ်။ ယေဘုယျအားဖြင့် ရှစ်ပြည်နယ်ကနေ ကြည့်ရင်တော့ ပျော့ပျောင်းတဲ့ဘက်ကို တိုင်းရင်းသားတွေဘက်ကနေ ရွေ့လာတယ်လို့ ဒီလိုတော့ ပြောလို့ရတယ်။ ဒါပေမယ့် တဘက်မှာ ကြည့်လိုက်ရင်တော့ တိုင်းရင်းသားတွေရဲ့ ပြောဆိုချက်ပေါ့နော်။ ပြောဆိုချက်နဲ့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ဆိုရင်တော့ အကွာအဟများ ရှိနေဦးမလား။ ဒါကတော့ ဆက်ပြီး စောင့်ကြည့်ရဦးမှာပေါ့နော်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "တိုင်းရင်းသားတွေဘက်က ကြိုးစားပြီးတော့ သူတို့တင်ပြချင်တဲ့ သူတို့လိုချင်တဲ့ ဖက်ဒရယ်မူတခုပေါ့နော်။ အဲဒါကိုတော့ ၀ိုင်းပြီးတော့ မိုင်ဂျာယန်မှာ ရေးဆွဲနေတယ်။ တကယ်တမ်း ကျနော်တို့ တိုင်းရင်းသား တွေ့ဆုံပွဲကနေပြီးတော့ လက်တွေ့ကျကျ တကယ်တမ်း အများသဘောတူနိုင်တဲ့၊ အစိုးရကော စစ်တပ်ကော တူနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပုံစံတခုခုများ ထွက်လာနိုင်သလား။ ဒါမှမဟုတ် ဘာတွေများ ထပ်ပြီးညှိနှိုင်းဖို့လိုမယ်ဆိုတာ ဆရာဖြည့်စွက်ပြီး သုံးသပ်ပေးပါဦးဆရာ။" ပြည်သွေးနိုင် (အယ်ဒီတာ၊ ခေတ်ရနံ့မဂ္ဂဇင်း) "ဟုတ်ကဲ့၊ အခု မိုင်ဂျာယန်မှာ ကြည့်ရတာကတော့ စောစောက ဆရာတို့ပြောသလိုပဲ။ ဘုံသဘောတူညီချက်ရဖို့ သူတို့ကြိုးစားနေတယ်ဆိုတာ တွေ့ရတယ်။ အခု နောက်ဆုံးအနေအထားအရ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်နဲ့က သူတို့ရဲ့ အခြေခံရပ်တည်ချက်တွေက သိပ်မကွာဟဘဲနဲ့ သူတို့က တော်တော်လေး နီးစပ်နေတာကို တွေ့ရပါတယ်။ ဒါ အစိုးရနဲ့ တပ်မတော်နဲ့ သဘောထားနီးစပ်တယ်ဆိုတာ ကောင်းတဲ့လက္ခဏာပဲ။ ဒါပေမယ့် တဘက်က ပြန်ကြည့်ပြန်တော့လည်း တိုင်းရင်းသားရယ်၊ လက်ရှိ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရရယ်၊ တပ်မတော်ရယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် သုံးပွင့်ဆိုင် အနေအထားပေါ့လေ။ အဲဒီမှာ နှစ်ဦးနှစ်ဖွဲ့က သွားပြီး နီးစပ်နေတဲ့ အခါကျတော့ တိုင်းရင်းသားတွေဘက်က ကြည့်တဲ့အခါကျတော့လည်း နည်းနည်းလေး သူတို့က စိုးရိမ်တဲ့သဘောရှိတယ်။ ဒါကြောင့်မို့ သူတို့က မိုင်ဂျာယန်မှာ အားလုံး တသံတည်းရအောင်ပေါ့နော်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ အရင်တုန်းက ဘယ်လိုပဲ ကွဲပြားခဲ့ ကွဲပြားခဲ့ အခု သူတို့က တသံတည်းရအောင် ဘုံရပ်တည်ချက်အတွက် လုပ်နေတာကို ကျနော်တို့ တွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခု တိုင်းရင်းသားတွေဘက်က ကျနော်တို့ ဒီနေ့နောက်ဆုံးကြားရတဲ့ သတင်းတွေအရဆိုရင် ခွဲမထွက်ဘူးဆိုတာကို သူတို့ဘက်က အသေအချာပြောတယ်။ နောက်တခုက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရတယ်ဆိုရင် သူတို့က လက်ခံနိုင်မယ့်သဘော ရှိတယ်ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အခု မိုင်ဂျာယန်ဆွေးနွေးပွဲဟာ ညီလာခံကြည့်ရတာ တိုးတက်မှုတွေ ရှိနိုင်ပါတယ်။ တိုင်းရင်းသားတွေလည်း တယောက်နဲ့တယောက် ညီညွတ်ပြီးတဲ့အခါကျတော့ လာမယ့် သူတို့ ပင်လုံညီလာခံတက်ရေးဆိုတဲ့ သဘောထားတွေ ဖြစ်လာနိုင်တယ်လို့၊ ဘယ်လိုပဲဖြစ်ဖြစ် တိုးတက်တဲ့လက္ခဏာတွေ ရနိုင်တယ်လို့ ကျနော်ကတော့ ယူဆပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟိုတလောက အာဇာနည်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချပ်များ တွဲထွက်ကြတယ်ပေါ့နော်။ သူ့အိမ်မှာလည်း တွေ့ကြတယ်။ တိုင်းရင်းသားတွေလည်း တစုံတရာ ဖိအားဖြစ်လာတဲ့ ပုံစံမျိုးတော့ ဖြစ်တယ်။ အဲဒီတော့ နောက်တခုက ဆရာ ခုနပြောသလိုမျိုး အခု ဖက်ဒရယ်မူက အမျိုးသားပြည်နယ်များကို အခြေခံထားပြီး ဖက်ဒရယ်ဆိုတဲ့ ပုံစံအသစ်တမျိုးကို ထပ်ပြီးတော့ တင်ပြလာတယ်ပေါ့နော်။ ဒါ အသစ်တော့မဟုတ်ပါဘူး။ ၂၀၀၈ ကတည်းက ဆွဲခဲ့တဲ့ဟာပါ။ ဒုတိယအကြိမ်က ၂၀၁၅ မှာ ယူအန်အက်ဖ်စီက ပြန်ပြင်ထားတယ်။ အခြေခံမူ ၈ ချက်ရှိတယ်လို့ ပြောပါတယ်။ အဲတော့ ဒီဟာကော တကယ်လက်တွေ့ ဖြစ်နိုင်မလား။ အမျိုးသားပြည်နယ်များကို အခြေခံထားသည့် ဖက်ဒရယ်မူအသစ်တခုက လက်တွေ့ကျကျ လုပ်နိုင်ပါ့မလား။ အစိုးရနဲ့ တပ်မတော်ဘက်ကကော လက်ခံနိုင်ပါ့မလား။ အဲဒါလေး ဖြည့်စွက်ပြောပေးပါဦး။" ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) "တပ်ကတော့ စကားအသုံးအနှုန်းကစပြီးတော့ ကြည့်မလားပေါ့နော်။ ဥပမာ အမျိုးသားဆိုတဲ့ အသုံးအနှုန်းပေါ့။ ဒါလေးက နည်းနည်းထူးခြားတယ်လို့ ကျနော်ထင်တယ်။ တိုင်းရင်းသားဆိုတဲ့ အသုံးအနှုန်းအစားမှာ အမျိုးသားဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းလာတယ်ပေါ့နော်။ အမျိုးသားဆိုတာကို များသောအားဖြင့် ကျနော်တို့ အင်္ဂလိပ်လို ပြန်ပြီးတော့ နားလည်မယ်ဆိုရင် နိုင်ငံဆိုတဲ့အဆင့်နဲ့ ဆက်ဆံနေတာ တွေ့ရတယ်။ တဘက်မှာလည်း ကျနော်တို့က ခွဲထွက်ခွင့်ကို မတောင်းဆိုဘူး ဆိုတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ တိုင်းရင်းသားတွေဘက်က ပိုပြီးတော့ ရည်ရွယ်ပုံရတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါဝင်တဲ့၊ ပေးထားတဲ့ ကျနော်တို့ အာဏာခွဲဝေမှု၊ နောက်ပြီးတော့ ဥပဒေပြုစုပိုင်ခွင့်၊ ခွဲဝေမှုတွေထက် ပိုပြီးတော့ လွတ်လပ်တဲ့ နိုင်ငံအဆင့် မသွားရင်တောင် ပြည်နယ်တွေအနေအထားမှာ ပိုပြီး လွတ်လပ်တဲ့ဟာကို ရည်ရွယ်ပုံရတယ်လို့ ဒီစကားလုံးထဲကနေပြီးတော့မှ ကျနော် ကောက်ချက်ဆွဲယူတယ်ပေါ့နော်။ အဲဒါနဲ့ပတ်သက်ပြီးတော့ အသုံးအနှုန်းဟာ နည်းနည်းလေး ကျနော်ထင်တယ်၊ တပ်မတော်အတွက် ထိလွယ်ရှလွယ် အသုံးအနှုန်းများ ကျနော်တို့ နားလည်ချက်ကနေ ကြည့်မယ်ဆိုရင်ပေါ့၊ ကျနော် ဒီလိုလေး ခန့်မှန်းကြည့်တယ်ပေါ့နော်။ ပထမကတော့ ကျနော်တို့ အဲဒီအဟက အသေးစိတ်တွေ ကျနော်တို့ မသိရတဲ့အတွက်ကြောင့် အခုချိန်မှာ ပြောဖို့ နည်းနည်းစောမယ်ထင်တယ်။ ယေဘုယျအားဖြင့်တော့ ဖက်ဒရယ်ပြည်ထောင်စုလို့ ပြောတဲ့အခါမှာ အာဏာကို ဗဟိုအစိုးရနဲ့ ပြည်နယ်တွေကြားမှာ ဘယ်လိုခွဲဝေမလဲပေါ့နော်။ ပြီးရင် ကျနော်တို့ ဘဏ္ဍာရေးအရ ဘယ်လိုခွဲဝေမလဲ၊ ပြီးရင် လုံခြုံရေးအရ ဘယ်လိုခွဲဝေမလဲ။ ဒီအချက်တွေကတော့ ဥပဒေပြုနိုင်မှုပေါ့နော်။ ပြီးရင် ဥပဒေအရာမှာဆိုရင် ဘယ်လိုပုံစံနဲ့ ဖက်ဒရယ်ကို တည်ဆောက်မှာလဲဆိုတဲ့ မေးခွန်းတွေကတော့ အများကြီးရှိသေးတယ်။ ဒါတွေ အကုန်လုံးကတော့ မိုင်ဂျာယန်မှာ ဆွေးနွေးကောင်း ဆွေးနွေးမယ်၊ ဒါပေမယ့် ကျနော်တို့ အများပြည်သူသိခွင့်တော့ ရနိုင်လိမ့်မယ်လို့ ကျနော်မထင်ဘူး။ အခုချိန်ကတော့ နည်းနည်းပြောဖို့ စောမယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် စိန်ခေါ်ချက်တွေကတော့ ရှိနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မူတည်ပြီး ကြည့်လိုက်ရင်တော့ စိန်ခေါ်ချက်တွေက တော်တော်ကြီးမားတယ်။ သို့သော်လည်း အစိုးရအနေနဲ့ကတော့ ဒီပြဿနာသည် ကျနော်တို့ လွတ်လပ်ရေးမရခင်ကတည်းက ရှိခဲ့တဲ့ ပြဿနာဖြစ်တဲ့အတွက်ကြောင့်မို့ ဒီအချိန်မှာ မကိုက်ဘူးဆိုရင်လည်း ဗမာပြည်ရဲ့ ပဋိပက္ခက ပြီးဆုံးဦးမှာ မဟုတ်ဘူး။ ဒီတော့ ပိုင်းဖြတ်မှုရှိရှိ နှစ်ဘက်စလုံးကပေါ့နော်။ ကျနော်တို့ ကိုင်တွယ်ဖြေရှင်းနိုင်မယ် ဆိုရင်တော့ ဗမာပြည်အတွက် အလားအလာကောင်းမှာပေါ့နော်။ ဒါပေမယ့် တောင်းဆိုတဲ့ တောင်းဆိုချက်တွေ၊ နိုင်ငံရေးရပ်တည်ချက်တွေကို ကြည့်ရတာတော့ အဟက ကြီးမားနေတုန်းပဲလို့ ကျနော်ထင်တယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ ဖက်ဒရယ်လို့ပြောရင်တော့ အာဏာခွဲဝေရေးပေါ့။ အဲဒါကို အဓိကပြောကြပါတယ်။ ပြည်နယ်၊ ပြည်မ။ အရင်တုန်းကလည်း နာမည်သာ ပြည်ထောင်စု ဆိုပေမယ့်လည်း တပြည်ထောင်ပဲ ဖြစ်နေတယ်ဆိုပြီးတော့ ပြောကြတာပေါ့နော်။ အဲလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တက်လာပြီးကတည်းကလည်း သမ္မတ ဦးထင်ကျော် မိန့်ခွန်းလေးခု ပြောပါတယ်။ အင်မတန်တိုပါတယ်။ လေးခုကတော့ ငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ဖက်ဒရယ်အခြေခံတဲ့ အခြေခံဥပဒေတခု ပေါ်ပေါက်ရေးနဲ့ လူမှုစီးပွားမြှင့်တင်ရေးပေါ့။ အဲလိုပဲ အန်အယ်လ်ဒီမှာလည်း ဖက်ဒရယ်အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံဆိုတဲ့ဟာ ရှိပါတယ်။ အခု တိုင်းရင်းသားတွေနဲ့ ဆရာပြည်သွေးနိုင်ကို မေးချင်တာကတော့ တကယ်တမ်း နီးစပ်သွားနိုင်လား။ တကယ်တမ်း တိုင်းရင်းသားတွေလိုချင်တဲ့ ပုံစံနဲ့ ဒီချုပ်ကနေ သွားနေတဲ့ ဖက်ဒရယ်ပုံစံမှာ ဘယ်လိုအခြေအနေမျိုးမှာများ ပေါင်းစပ်သွားနိုင်လဲ။ နောက် တကယ်ကော ရှေ့လျှောက် ပူးပေါင်းပြီးတော့ သုံးပွင့်ဆိုင်ပေါ့နော်။ တကယ် နှစ်ပွင့်က အစိုးရနဲ့ စစ်တပ်နဲ့လိုပဲ တိုင်းရင်းသားတွေနဲ့  အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရနဲ့ ပိုပြီးတော့နီးစပ်သွားနိုင်သလား၊ အဲဒါလေး ဖြည့်စွက်ပြီးတော့ သုံးသပ်ပေးပါဦးခင်ဗျ။" ပြည်သွေးနိုင် (အယ်ဒီတာ၊ ခေတ်ရနံ့မဂ္ဂဇင်း) "ယေဘုယျသဘောအားဖြင့် ပြောရရင်တော့ ကျနော်တို့ အခုဟာ အဖွဲ့အစည်း အင်အားစု အားလုံးပေါ့။ အရေးကြီးတဲ့ နိုင်ငံရေးအင်အားစုအားလုံးက ဖက်ဒရယ်ကို လက်ခံထားပြီးသားပါ။ ဒါကတော့ အသေးစိတ် ကျနော်တို့ ပြောဖို့ရှိမှာပေါ့နော်။ ဘယ်လိုဖက်ဒရယ်လဲ၊ ဘယ်လိုပုံစံလဲ။ ခုနလိုပေါ့ ဘယ်လိုပါဝါတွေကို ဘယ်လိုခွဲဝေကြမလဲ။ Resource တွေ ဘယ်လိုခွဲဝေကြမလဲ။ ဒါကတော့ ရှိမှာပါ။ ကမ္ဘာပေါ်မှာလည်း ဖက်ဒရယ်စနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေက ပုံစံအမျိုးမျိုးရှိတာကိုး။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ပြီးခဲ့တဲ့ကာလတွေမှာ ဖက်ဒရယ်ဆိုတာ ကျနော်တို့ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ ပါးစပ်တောင် မဟရဲဘူး။ တပ်မတော်အနေနဲ့ကလည်း ဒီဟာ တော်တော်ခါးခါးသီးသီး စကားလုံးလို့ ယူဆထားတာ။ အခုတော့ တပ်မတော်ကိုယ်တိုင်ကလည်း ဖက်ဒရယ်ဆိုတာကို လက်ခံထားတယ်။ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အစိုးရကလည်း ဖက်ဒရယ်သွားမယ်လို့ ပြောတယ်။ တိုင်းရင်းသားတွေကလည်း ဖက်ဒရယ်တောင်းနေတယ်ဆိုတော့ ကျနော်ထင်ပါတယ် ယေဘုယျသဘောကတော့ အားလုံးက ဖက်ဒရယ်ကို လက်ခံထားပြီးသား။ အဲတော့ ပထမအဆင့်အနေနဲ့ ဒီဟာက အရေးကြီးပါတယ်။ ဖက်ဒရယ်ကို လက်ခံပြီဆိုရင် အသေးစိတ်က ကျနော်တို့ ဆက်သွားရမယ်။ စောစောက ဆွေးနွေးခဲ့ကြသလိုပဲ။ နှစ်ပေါင်း ၆၀ ကျော် ပြဿနာကြီးကို ကျနော်တို့ လေးငါးရက်နဲ့ တထိုင်တည်းနဲ့တော့ ပြီးမှာမဟုတ်ပါဘူး။ ပထမအဆင့်မှာ ဖက်ဒရယ်ကို လက်ခံပြီးတော့မှ အသေးစိတ် ပြန်ဆက်သွားမယ်ဆိုရင် ကျနော်ထင်တယ်၊ အများကြီး မဝေးကွာလောက်ပါဘူး။ တခုရှိတာက ကျနော်တို့နိုင်ငံက လူမျိုးစုကို အခြေခံပြီး ဖက်ဒရယ်ကို ၄၇ ကလည်း ဖွဲ့စည်းခဲ့တယ်ပေါ့လေ။ အခုလည်း လက်ရှိဖွဲ့စည်းပုံကလည်း ဘာပဲဖြစ်ဖြစ် ဖက်ဒရယ်ပုံစံလို့တော့ ပြောကြတာပေါ့။ သို့သော် အသွင်သဏ္ဌာန်အားဖြင့်တော့ ဖက်ဒရယ်ပေါ့။ လူမျိုးစုကို အခြေခံထားတဲ့ သဘောရှိတယ်။ အဲတော့ ပထ၀ီကို အခြေခံမလား။ လူမျိုးစုကို အခြေခံမလားပေါ့။ ကျနော်တို့ဆီမှာ လူမျိုးစုကို အခြေခံတော့လည်း ခုနလို ပြည်နယ်တခုနဲ့တခုက လူမျိုးတွေက ရှမ်းပြည်နယ်မှာဆိုရင် အများကြီးပဲ။ ပအို့ဝ်တွေလည်း ရှိနေတယ်။ အခု ‘၀’ တွေလည်း ရှိနေတယ်။ ထို့အတူ ကချင်ထဲမှာလည်း ဗမာတွေ အများကြီးရှိတယ်။ တိုင်းလိုင်း ခေါ် ရှမ်းနီတွေ အများကြီးရှိတယ်။ ဒီလိုမျိုးတွေဖြစ်နေတဲ့ အခါကျတော့ ဘယ်လိုခွဲမလဲ။ အသေးစိတ်ကတော့ ရှုပ်ထွေးမှာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့က တိုးတက်မယ်လို့ထင်တယ်။ ယေဘုယျလည်း လက်ခံထားပြီဆိုတော့ တိုင်းရင်းသားတွေနဲ့ တပ်မတော်နဲ့ အန်အယ်လ်ဒီဦးဆောင်တဲ့ အစိုးရနဲ့ဟာ တွေ့ဆုံပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ်။ နောက်တခုက အရင်တုန်းကပုံစံနဲ့ မတူတာက ပြည်သူလူထုအားလုံးနဲ့ တိုင်းရင်းသားတွေကနေပြီးတော့ ယုံကြည်ကိုးစားမှုရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ကြိတ်ချေပြီးတော့ တဖြည်းဖြည်း နီးစပ်သွားလိမ့်မယ်။ သို့သော် တထိုင်တည်းတော့ ပြီးမှာမဟုတ်ပါဘူး။ အသေးစိတ်တွေကတော့ ကျနော်တို့ ဆက်ဆွေးနွေးရလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "အခုကတော့ ဖက်ဒရယ်လို့ ပြောလာမယ်ဆိုရင် ကျနော်တို့ Secession တို့၊ Self Determination တို့ နောက် ပင်လုံလို့ပြောတော့ ၄၇ တုန်းက ခွဲထွက်ခွင့်ကို ၁၀ နှစ်ပေးခဲ့ပါတယ်။ Secession Right ကို။ အဲတော့ အခုတော့ နောက်ဆုံးကြားရတဲ့ သတင်းအရ သူတို့က ခွဲထွက်ခွင့်တော့ မပြောတော့ဘူး။ ဒါပေမယ့် Self Determination ပေါ့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေါ့။ အဲဒါကိုတော့ ဆက်လက်ကိုင်ဆွဲထားတယ်။ အဲဒါရော ဆရာ တကယ်လက်တွေ့ကျနိုင်ပါ့မလား။ တကယ်များ အဲဒီမှာ တပ်မတော်က သွားပြီးတော့ အရင်တုန်းကတော့ ဖက်ဒရယ်လို့ပြောတာနဲ့ ပြည်ထောင်စုပြိုကွဲရေးလို့ ပြောခဲ့တာကိုး။ ဒီ ကျနော်တို့ Self Determination ပေါ့နော်။ ပြဋ္ဌာန်းခွင့်က တကယ်ကော လက်တွေ့ အလုပ်ဖြစ်နိုင်ပါ့မလား။ အဲဒါလေး ဖြည့်စွက်ပြီးတော့ ပြောပေးပါဦးဆရာ။" ဦးတင်မောင်သန်း (အယ်ဒီတာ၊ ယခင်သင့်ဘ၀မဂ္ဂဇင်း) "ယေဘုယျအားဖြင့်တော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်တော့ တည်ဆောက်ဖွဲ့စည်းပုံအရပေါ့နော်။ ကျနော်တို့ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းမှာ ဥပဒေပြုတဲ့လွှတ်တော်တွေ ရှိပြီးသားပေါ့နော်။ ဒါ ဖွဲ့စည်းပုံမှာပေါ့။ ဒါပေမယ့် ပြဋ္ဌာန်းခွင့်ကို ဘယ်လောက်ထိ သွားမှာလဲ။ အဲဒီကောင်က အထူးသဖြင့်တော့ ဥပဒေဆိုင်ရာ ပြဋ္ဌာန်းခွင့်က တော်တော် အဓိကကျလာလိမ့်မယ်လို့ ထင်တယ်။ အဲလို ပြဋ္ဌာန်းခွင့်ကို သွားတဲ့အခါမှာ ပထမဦးဆုံးက ဗဟိုအစိုးရ ဗဟိုအဖွဲ့နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ အဖွဲ့တွေပေါ့။ ဒါတွေရဲ့ ဆက်စပ်ပုံ၊ ဆွေးနွေးပုံ၊ နောက်ဆုံးမှာ ဘယ်သူက လွှမ်းမိုးမှာလဲ၊ ယေဘုယျအားဖြင့် ဖက်ဒရယ်စနစ်တွေမှာ နှစ်ခုရှိတယ်။ တခုကတော့ ဗဟိုကနေပဲ ပြည်နယ်နဲ့ တိုင်းဥပဒေတွေကို လွှမ်းမိုးတဲ့ စနစ်တခုရှိတယ်။ နောက်တခုကတော့ ဒေသဆိုင်ရာ လွှတ်တော်တွေရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပြီးတော့ အကုန်ပြန်လည် တိုင်ပင်ညှိနှိုင်းပြီးတော့ လုပ်သွားတဲ့ စနစ်တခု ရှိတယ်ပေါ့နော်။ ကျနော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လို့ ပြောပေမယ့် ဘယ်လိုစနစ်နဲ့ သွားမလဲဆိုတာ အခုချိန်မှာ မပီပြင်သေးဘူးပေါ့နော်။ ဆိုတဲ့အတွက်ကြောင့် နည်းနည်းတော့ ခုနပြောသလိုမျိုးပေါ့။ ဒီချိန်မှာကတော့ ဖြစ်နိုင်ခြေတွေ အများကြီးရှိပါတယ်။ ဖွင့်ပြီး ဘက်ပေါင်းစုံက စဉ်းစားကြမယ်ဆိုရင်ပေါ့။ စဉ်းလည်း စဉ်းစားသင့်တယ်။ ဖွင့်လည်း ဖွင့်သင့်တဲ့ အချိန်ကိုတော့ ရောက်နေပြီဆိုတဲ့စကားက ဒီအချိန်နဲ့ ပိုပြီးသင့်တော်လိမ့်မယ်လို့ ကျနော်ထင်တယ်၊ ဖြစ်နိုင်တာ မဖြစ်နိုင်တာထက်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဆရာပြည်သွေးနိုင်ကိုလည်း ကျနော် ဒီဟာပဲ မေးပါ့မယ်။ အခုက ကျနော်တို့ တိုင်းရင်းသားတွေကလည်း ခွဲထွက်ခွင့်ဆိုတဲ့ အရင် တပ်မတော်ကကြောက်တဲ့ ပြည်ထောင်စုကြီး ပြိုကွဲမှာကို ရှောင်ပြီးတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုတော့ ပြန်တင်လာပါတယ်။ အဲဒါနဲ့ပတ်သက်လို့ တကယ်လက်တွေ့ အလုပ်ဖြစ်နိုင် မဖြစ်နိုင် အဲဒါလေး နောက်ဆုံးဖြေကြားပေးပါဦးခင်ဗျ။" ပြည်သွေးနိုင် (အယ်ဒီတာ၊ ခေတ်ရနံ့ မဂ္ဂဇင်း) "ဟုတ်ကဲ့ အခုဟာ ဒုတိယပင်လုံပဲပြောပြော။ ၂၁ ရာစု ပင်လုံပေါ့နော်။ ၂၁ ရာစုပင်လုံ ဆိုတဲ့အတွက် ကျနော်တို့က ဘယ်လိုပဲဖြစ်ဖြစ် ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်က ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်လုပ်ခဲ့တဲ့ ပင်လုံနဲ့က တနည်းအားဖြင့်တော့ ဆက်နေမှာပဲ။ အဲဒီပင်လုံမှာက ဘယ်လိုပဲဖြစ်ဖြစ် တန်းတူညီတူရေးနဲ့ ခုန ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ အဲဒီမှာ အာမခံခဲ့ပြီးသားဖြစ်တယ်။ ကျနော်ထင်တယ် ဒါဟာ ပြဿနာမရှိပါဘူး။ ခုန ဆရာတင်မောင်သန်းပြောသလိုပဲ အသေးစိတ်ကတော့ ဘယ်လိုပိုင်းခြားမလဲပေါ့နော်။ အဲဒါကတော့ အရေးကြီးမယ် ထင်ပါတယ်။ အဲတော့ အခု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပဲပြောပြော ဖက်ဒရယ်ပဲပြောပြော ကျနော်ထင်ပါတယ်၊ ဒါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ အဲဒါကို ဘယ်လိုပြင်ကြမလဲပေါ့။ ဟိုဘက်က ဖက်ဒရယ်ရပြီ၊ အသေးစိတ်ဆွေးနွေးပြီဆိုရင် ဆက်ရမှာက ကျနော်ထင်တယ်၊ အရေးကြီးဆုံးက ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပဲ။ ဘာလို့လဲဆို ခုန ကျနော်ပြောသလို ပုံသဏ္ဌာန်အားဖြင့်တော့ လက်ရှိဖွဲ့စည်းပုံကြီးက ဒါ ဖက်ဒရယ်ပဲ။ တကယ့် အနှစ်သာရက မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဗဟိုအစိုးရနဲ့ တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေနဲ့ အာဏာခွဲဝေမှုက အခုထိ တိတိကျကျ မရှိဘူး။ ပြည်ထောင်စုဝန်ကြီးက ဘယ်လောက်ထိ လုပ်နိုင်ပြီးတော့ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးက ဘယ်လောက်ထိလုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိဘူး။ ဒါကြောင့်မို့ ကျနော်တို့ ဒီဖွဲ့စည်းပုံကြီးနဲ့ ဆက်သွားနေတဲ့အတွက် တချို့နေရာတွေမှာ မရှင်းမလင်းနဲ့ အုပ်ချုပ်ရေးပိုင်းမှာကော၊ စီးပွားရေးပိုင်းမှာကော နှေးကွေးလေးလံနေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ကျနော်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ စောစောကပြောတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ တန်းတူရည်တူတို့က ဆက်စပ်နေပါတယ်။ ညီလာခံမှာ သဘောတူညီကြပြီးပြီဆိုရင် ကျနော်ထင်တယ် ဆက်သွားရမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးပါပဲ။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024