၂၁ ရာစု ပင်လုံညီလာခံမှာ တိုင်းရင်းသားတွေ ပါဝင်လာနိုင်ခြေ ဘယ်လောက်ရှိလဲ – အယ်ဒီတာစကားဝိုင်း

ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံလို့ခေါ်တဲ့ ၂၁ ရာစုပင်လုံညီလာခံ၊ သြဂုတ်လအတွင်းမှာလုပ်မယ်၊ အခုက ဇွန်လကုန်ပိုင်းလောက်ဖြစ်တော့ တကယ်တမ်း ဇူလိုင် ၁ လလောက်ပဲရှိတယ်။ အဲဒီညီလာခံကြီးမှာ တကယ်တမ်းကျတော့ အားလုံးပါဝင်နိုင်တဲ့၊ အရင်တုန်းက မပါဝင်သေးတဲ့ တိုင်းရင်းသားတွေ ပါဝင်လာနိုင်ခြေ ဘယ်လောက်ရှိလဲ ဆိုတာကို တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဦးအေးမောင်ကျော်နဲ့ ခေတ်ရနံ့မဂ္ဂဇင်း အယ်ဒီတာ ပြည်သွေးနိုင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) "အခုမကြာသေးခင်က ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ ၂ ပေါ့၊ ဒီကော်မတီဖြစ်မြောက်ရေးကော်မတီ အဖွဲ့ ၂ က ၀၊ မိုင်းလားကို သွားပြီးတော့ တွေ့ဆုံခဲ့တယ်။ တကယ်တမ်း ဒီဘက်မှာဆိုရင် နယ်မြေအရ မြောက်ပိုင်းမှာ တကယ့်အကြီးဆုံး အဖွဲ့နှစ်ဖွဲ့က ၀ အထူးဒေသ ၂ က ဦးကျောက်ကော်အန်းနဲ့ မိုင်းလားအထူးဒေသ ၄ ဥက္ကဋ္ဌ စိုင်းလင်း သူတို့ကို တွေ့ဆုံခဲ့တယ်။ အဲတော့ သူတို့ဘက်ကလည်း နေပြည်တော်ကိုလာပြီး တွေ့ဆုံနိုင်တယ်ဆိုတဲ့ သဘောထားရှိတယ်။ အဲတော့ ဒီဟာနဲ့ပတ်သက်တဲ့ ကျွဲကူးရေပါပေါ့ဆရာရယ် မြောက်ပိုင်းက မြောက်ပိုင်းအဖွဲ့တွေ၊ အရင်တုန်းက အန်စီအေမှာ မထိုးဘဲ ကျန်ခဲ့တဲ့သူတွေ ဒီတခေါက် ဒေါက်တာတင်မျိုးဝင်းတို့ ပြန်လုပ်တဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ပင်လုံညီလာခံမှာ ပါလာနိုင်ခြေ၊ နိုင်ငံရေးချိန်ခွင်လျှာ၊ တိုင်းရင်းသားတွေ ပိုမိုပါဝင်လာနိုင်ခြေ ဘာတွေရှိလဲဆရာ။ စပြီးတော့ သုံးသပ်ပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “တိုင်းရင်းသားအဖွဲ့တွေထဲမှာ ယေဘုယျ မြောက်ပိုင်းနဲ့ တောင်ပိုင်းဆိုပြီးတော့ ပြောနေကြတာပေါ့နော်၊ အဲတော့ မြောက်ပိုင်းအဖွဲ့တွေ ဆိုတဲ့အထဲမှာ ၀တို့၊ မိုင်းလားတို့ ပါမယ်။ ကိုးကန့်တို့၊ ပလောင်တို့၊ အေအေတို့ပါမယ်။ နောက်တခု အရေးကြီးဆုံးက ကေအိုင်အေပါမယ်။ အက်စ်အက်စ်ပီပီ ပါမယ်ပေါ့လေ။ အင်အားကြီးတွေလို့ ပြောမယ်ဆိုရင်တော့ ကေအိုင်အေရယ်၊ အက်စ်အက်စ်ပီပီရယ်၊ ၀၊ မိုင်းလားပေါ့။ ၀ နဲ့ မိုင်းလားကကျတော့ အရင်တုန်းက ဆွေးနွေးပွဲမှာ မပါခဲ့ဘူးဗျ။ သူက အန်စီစီတီမှာလည်း မပါဘူး။ နောက် ကျနော်တို့ လက်မှတ်ထိုးတဲ့ အထဲမှာလည်း မပါဘူး။ ၁၉၉၀ ကတည်းက စာချုပ်နဲ့ နေနေတာ။ ဒါပေမယ့် သူတို့ရဲ့သဘောထားကတော့ ဟိုးအစောကတည်းက ဒီ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို မြန်မြန် သူတို့က လုပ်စေချင်တယ်။ သူတို့သဘောထားက ကျနော်သိသလောက်ပေါ့နော်၊ သူတို့က ကေအိုင်အေတို့ ယူအန်အက်ဖ်စီတို့ကို တိုက်တွန်းတယ်။ မြန်မြန်လေးပြီးအောင်။ နိုင်ငံရေးဆွေးနွေးပွဲစမှ အဖြေထွက်မယ်ပေါ့နော်။ အဲတော့ ဒီလမ်းကြောင်းကို အမြန်သွားဖို့ဆိုတာ သူတို့ဘက်က တိုက်တွန်းတာတွေ ရှိတယ်လို့ ကျနော်တို့ သိတယ်ပေါ့နော်။ "အခုကျတော့ အစိုးရသစ်လည်း ပြောင်းသွားပြီပေါ့နော်။ အခြေအနေတွေကလည်း တိုင်းရင်းသားတွေနဲ့ လက်ရှိ အစိုးရနဲ့ကြားမှာ ကွာဟမှုက နည်းနိုင်တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်တာပေါ့။ ဖြစ်တဲ့အခါကျတော့ ၀ နဲ့ မိုင်းလားကတော့ ခုနပြောသလိုပေါ့နော်၊ ဒီဘက်ကိုလည်းလာမယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း တွေ့မယ်ပေါ့နော်။ သူတို့ဘက်က တက်ကြွတဲ့ သဘောထားလေးတွေ မြင်ရပါတယ်၊ ဒါက ကောင်းတဲ့အချက်ပါပဲ။ ဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့်ပေါ့လေ ခုနပြောတဲ့ ကျန်တဲ့အဖွဲ့လေးတွေတော့ ရှိတာပေါ့။ အထူးသဖြင့်တော့ ကိုးကန့်ရယ်၊ ပလောင်ရယ်၊ အေအေရယ်ပေါ့၊ ဒီသုံးဖွဲ့ပေါ့။ ဒီသုံးဖွဲ့နဲ့ ပတ်သက်လို့တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း မှတ်ချက်တွေရှိတယ်ပေါ့နော်။ အဲဒါ အဓိကကတော့ သူတို့ လက်နက်ကိုင်လှုပ်ရှားမှုတွေ ကျနော်နားလည်သလောက်တော့ မလုပ်ဖို့ပေါ့ဗျာ။ စပြီးတော့ လှုပ်ရှားမှုမလုပ်ဖို့၊ နောက်တခု အဲဒီလက်နက်တွေကို တနေရာမှာ ကျနော်တို့ ထိန်းချုပ်ပြီးတော့ ထားဖို့ပေါ့နော်။ ဒါပေမယ့် အဲဒီထားတဲ့ ကိစ္စမျိုးတွေကို တပ်မတော်က လုပ်မှာမဟုတ်ဘူး။ သူတို့ လက်နက်ကိုင်အဖွဲ့အချင်းချင်းပဲ အသိသက်သေနဲ့ ဒါမျိုးလေး ထိန်းထားရင်၊ ဒါဘာလို့လဲဆိုတော့ ဒီဆွေးနွေးပွဲ လုပ်နေတဲ့အချိန်အတွင်းမှာ သေနတ်သံထွက်တာမျိုး မဖြစ်စေချင်တဲ့ သဘောပေါ့၊ ကျနော်ထင်တာကတော့။ အဲလိုစဉ်းစားမှုရှိတယ်လို့ ကျနော်တို့သိတယ်ခင်ဗျ။ ဒါလေးကလည်း ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။ သေချာလေးညှိလိုက်မယ်ဆိုရင်လေ။ အဲဒါဆိုရင်တော့ ကျနော်ခုနပြောတဲ့ မြောက်ပိုင်းအဖွဲ့တွေမှာ အလားအလာတွေက ကောင်းလာမယ်လို့ ကျနော်ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ၊ ဆရာပြည်သွေးနိုင်ကိုတော့ ဒေါ်အောင်ဆန်းစုကြည်ဖွဲ့ထားတဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကော်မတီပေါ့နော်။ အဲဒီကနေ ဦးဆောင်ပြီးလုပ်နေတဲ့ ၂၁ ရာစု ပင်လုံ၊ ငြိမ်းချမ်းရေးညီလာခံတခုပေါ့။ အဲဒီမှာ အရင်မပါသေးတဲ့ အရင် ယူအန်အက်ဖ်စီ၊ အန်စီအေ လက်မှတ်ထိုးထားတဲ့ အဖွဲ့အပြင် မပါသေးတဲ့ တိုင်းရင်းသားတွေ အခုအချိန်မှာ ပါဝင်လာနိုင်ခြေ ဘယ်လောက်ရှိနိုင်လဲ။ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲ ဖြည့်စွက်ပြီးသုံးသပ်ပေးပါဦး။" ပြည်သွေးနိုင် (အယ်ဒီတာ၊ ခေတ်ရနံ့မဂ္ဂဇင်း) “စောစောက ဆရာ ဦးအေးမောင်ကျော် ပြောသလိုပါပဲ။ ကျနော်တို့ နောက်ဆုံး ဆရာ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်ပြီး သွားတဲ့ ၀ နဲ့ မိုင်းလားပေါ့လေ။ အဲဒီဒေသသွားတဲ့ အနေအထား ကြည့်ရတာက အလားအလာကောင်းတယ်လို့ ကျနော်တို့ ယူဆနိုင်ပါတယ်။ နောက်တခုက အရင်အစိုးရနဲ့ မတူဘဲနဲ့ ဒီဘက်ခေတ် အစိုးရမှာကျတော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ပုဂ္ဂိုလ်ရေးအရ တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်မှုကလည်း ရှိပါတယ်။ နောက်တခါ အခု ဒီ ဆရာတင်မျိုးဝင်းတို့သွားတဲ့ဟာကို ကြည့်တဲ့အခါမှာ တိုးတက်တဲ့လက္ခဏာ ရှိတယ်၊ မျှော်လင့်လို့ရတယ်ဆိုတဲ့ ပါဝင်လာနိုင်တယ်ဆိုတာမျိုး ကျနော်တို့ တွေ့ရပါတယ်။ နေပြည်တော်ကိုလည်း လာမယ်။ ၂၁ ရာစု ပင်လုံညီလာခံကိုလည်း တက်မယ်ဆိုတဲ့ အလားအလာတွေကို ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ မပါသေးတဲ့ အဖွဲ့တွေ ပါလာနိုင်တဲ့ အနေအထား ရှိပါတယ်။ ကျနော်စောစောကစကား ပြန်ကောက်ရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ နဂိုတုန်းက သြဇာပဲရှိတာပါ။ အခု သူက လုပ်ပိုင်ခွင့်အာဏာလည်း အထိုက်အလျောက်ရှိနေပြီ။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးသြဇာနဲ့ ပုဂ္ဂိုလ်ရေးယုံကြည်မှုအရလည်း ဒီငြိမ်းချမ်းရေးညီလာခံကြီးမှာ သူ့သြဇာကို အသုံးပြုပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင် မပါသေးတဲ့အဖွဲ့တွေ ပါလာနိုင်တယ်လို့ မြင်ပါတယ်။ နောက်တခုက အရင် အန်စီအေမှာ မပါဘူးဆိုတာလည်း ကျနော်တို့သိသလောက် အချက်အလက်တွေပေါ်မှာ အဓိကမဟုတ်ပါဘူး။ အားလုံးမပါဝင်လို့ဆိုတဲ့ All Inclusive အပေါ်မှာပဲ သူတို့က ကျန်နေခဲ့တာဖြစ်တဲ့အတွက် ဒီဟာကို ဖြေရှင်းလိုက်မယ်ဆိုရင် ပါဝင်လာနိုင်တဲ့ အလားအလာရှိတယ်လို့ ထင်ပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ကိုးကန့်၊ တအာင်း တီအန်အယ်လ်အေရယ်၊ ကျနော်တို့ အေအေပေါ့နော်။ အဲဒီသုံးခုကတော့ အရင်တုန်းက တပ်မတော်က မှတ်ချက်ပေးထားတာ လက်နက်စွန့်၊ လက်နက်စွန့်မှပဲ ငြိမ်းချမ်းရေးလမ်းကြောင်းကိုပြောမယ်။ ကာချုပ်ကိုယ်တိုင်က အဲလိုမျိုး ပြောထားဖူးပါတယ်။ အဲလိုပဲ ဦးလှမောင်ရွှေကပြောတာ တပ်မတော်ကနေပြီးတော့ ဒီမှာပါလာနိုင်တဲ့ အခြေအနေနှစ်ခုကို သွားဆွေးနွေးမယ်။ တကယ်လည်း တိုက်ပွဲဖြစ်နေတာ လောလောဆယ် အဲဒီနေရာပေါ့နော်။ အဲဒါကို တကယ်လည်း တပ်မတော်ဘက်ကရော ဘယ်လိုပြေလည်နိုင်မယ့် နည်းလမ်းမျိုးရှိလဲ။ တကယ်တမ်း လက်နက်မစွန့်ဘဲနဲ့ ပါလာနိုင်အောင် ဘာလုပ်လို့ရလဲ။ အဲဒါလေး နည်းနည်းဖြည့်စွက်ပြီးတော့ သုံးသပ်ပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အဲဒါ နည်းနည်း အကျပ်အတည်းပေါ့ဗျာ။ အဲဒီအကျပ်အတည်းက နည်းနည်းလေး ပြဿနာရှိတာပေါ့နော်။ တပ်မတော်ဘက်ကော ဟိုဘက်ကအဖွဲ့တွေအတွက်ကောပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး စာချုပ်တွေ ဘာတွေ ရှိထားဖို့လိုတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပစ်အခတ်ရပ်စဲရေးစာချုပ်က ကျနော်တို့ နိုင်ငံရေးအာမခံချက်မှာပါတဲ့စာချုပ် ဖြစ်တာကိုး။ အဲဒီလို လက်မှတ်ထိုးလိုက်ရင် ဒီအသင်းအဖွဲ့တွေက တရားဝင်အသင်းအဖွဲ့ ဖြစ်မယ်။ တရားဝင်လှုပ်ရှားခွင့်ရှိမယ်။ နိုင်ငံရေးပါတီ အသင်းအပင်းဖွဲ့စည်းတဲ့ စည်းမျဉ်းတွေနဲ့ အရေးယူလို့ မရဘူးပေါ့နော်။ အဲလိုအနေအထားမျိုးမှာ ဒီအဖွဲ့တွေဟာ သေနတ်သံမထွက်တဲ့အဖွဲ့ဖြစ်ဖို့တော့ လိုတယ်။ ခုနပြောတဲ့သုံးဖွဲ့လည်း ဒါတွေ သူတို့သိမှာပါ။ ဆိုတဲ့အခါကျတော့ ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ သေနတ်သံမထွက်ဖို့ လိုတယ်။ နယ်မြေရယူရေးတို့၊ နယ်မြေသိမ်းပိုက်ရေးတို့ ဒါတွေမရှိဖို့ လိုတယ်ပေါ့နော်။ အဲဒါကြီး မရှိတာကို တပ်မတော်ဘက်ကကျတော့ အာမခံချက်တခုအနေနဲ့ လိုချင်ပုံရတယ်။ သူသေချာအောင် ဖြစ်ချင်ပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိမှာ သူတို့က ရခိုင်မှာလည်း လှုပ်ရှားမှုတွေရှိတယ်၊ ပလောင်မှာလည်း ရှိတယ်။ ရှိနေတဲ့အခါကျတော့ တကယ်တမ်း အစည်းအဝေးတွေ စပြီဆိုမှ ဒါတွေပြန်ရှိလာပြီဆိုရင် အစည်းအဝေးက ပျက်သွားနိုင်တယ်။ ကျနော်ထင်တယ်လေ။ ဆိုတဲ့အခါကျတော့ အဲဒီအာမခံချက်က ဒီဘက်ကိုစဉ်းစားရင် တမျိုး၊ ဟိုဘက်ကိုစဉ်းစားရင် တမျိုး၊ နှစ်ဘက်စလုံးမှာ အကျပ်အတည်းရှိတယ်။ အဲတော့ ကြားထဲက ခုနပြောတဲ့ ဆရာဦးတင်မျိုးဝင်းတို့အဖွဲ့ရယ်၊ ဗိုလ်ချုပ်ကြီးရာပြည့်တို့အဖွဲ့ နှစ်ဖွဲ့ရှိတယ်ပေါ့လေ။ သူတို့နဲ့ သေချာဝိုင်းပြီးတော့ ဆွေးနွေးမယ်၊ သူတို့အဖွဲ့တွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့လည်း လာပြီးတော့ တွေ့ဦးမယ်ဆိုရင် အဲဒီအချိန်မှာ ကြားထဲမှာ ပြေလည်မယ့်လမ်းကြောင်းလေး တခုပေါ့နော် ကျနော်တော့ ရစေချင်တယ်။ ရမယ်လို့ ကျနော်မျှော်လင့်တယ်ပေါ့။ ဘာလို့လဲဆိုတော့ သူတို့ကို ထားခဲ့ရင်လည်း မကောင်းဘူး။ ပါမယ်ဆိုရင်လည်း ခုနပြဿနာတွေက ရှိနေတယ်။ ဒီကြားလမ်းကြောင်းလေးကို ရှာဖွေတွေ့မယ်လို့ ကျနော်ကတော့ ယူဆတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဆရာပြည်သွေးနိုင်ကို မေးချင်တာကတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးမှာ ပါဝင်မှုပေါ့နော်။ အရင်တုန်းကတော့ အမျိုးသမီး ကိုယ်စားပြုမှု ၃၀ ပါရမယ်။ အဲဒါပဲ တကယ်ဆွေးနွေးဖူးတယ်။ အခြားဟာတွေတော့ မပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူဦးဆောင်တဲ့ ပင်လုံညီလာခံ ဖြစ်မြောက်ရေးအရလည်း သိပ်ဘောင်ကျယ်တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးပဲ ဆွေးနွေးမယ်၊ အရပ်ဘက်အဖွဲ့တွေကိုတော့ စင်ပြိုင်ဆွေးနွေးပါ။ ရလာတဲ့ရလဒ်တွေကို ထည့်သွင်းဆွေးနွေးမယ်။ အဲဒါနဲ့ပတ်သက်လို့ကော ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ ခုနပြောတဲ့ All Inclusive ပေါ့၊ ပါဝင်မှု ပိုကျယ်ပြန့်လာရင် ဘယ်လိုအကျိုးအမြတ်တွေ ရလာနိုင်လဲပေါ့။ အဲဒါလေးကို ဖြည့်စွက်ဆွေးနွေးပေးပါဦး။" ပြည်သွေးနိုင် (အယ်ဒီတာ၊ ခေတ်ရနံ့မဂ္ဂဇင်း) “ဒီ အန်အယ်လ်ဒီ အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း ဆောင်ရွက်တဲ့အခါမှာတော့ အစောပိုင်းမှာတုန်းကတော့ ကော်မတီတွေထဲမှာ ပါနေတာကို တွေ့ရတယ်ပေါ့လေ။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ စီအက်စ်အိုတွေ၊ ခုနောက်ပိုင်းမှာတော့ သူက Parallel သွားပြီးတဲ့ အခါကျတော့ အဲဒီကနေ အင်ပွတ်တွေ ပေးပါဆိုပြီးတော့ ခုပြီးခဲ့တဲ့ တရက်နှစ်ရက်ကပဲ ကျနော်တို့ ရန်ကုန် ပန်ဒါဟိုတယ်မှာလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပြီးတော့ ဘယ်လိုပါဝင်မလဲဆိုတာ သူတို့ ဆွေးနွေးကြပါတယ်။ လောလောဆယ်တော့ ကျနော်တို့ သိရသလောက်တော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း စီအက်စ်အို ဖိုရမ်တခုလုပ်မယ်။ အဲဒီဖိုရမ်ကနေပြီးတော့မှ သူတို့ လူတွေရွေးချယ်မယ်။ နောက် ဘာတွေပြောမလဲဆိုတဲ့ ဒီညီလာခံမှာ ဘယ်လိုပါဝင်မလဲဆိုတဲ့ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တွေ ချကြမယ်လို့ ပြောပါတယ်။ လောလောဆယ်တော့ စပြီးဆွေးနွေးတဲ့အဆင့်တော့ ရောက်ပြီပေါ့။ နောက်တခါ အဲဒီ စီအက်စ်အို အစည်းအဝေးကိုပဲ ဒီဘက်က တာဝန်ရှိတဲ့ လူတချို့လည်း လာရောက်ပြီးတော့ ရှင်းလင်းပြတယ်ပေါ့။ အဲဒီလိုလည်း တွေ့ရပါတယ်။ ဒီမှာ တချို့လည်း အငြင်းပွားကြပါတယ်။ စီအက်စ်အိုတွေ ပထမ ဘေးဖယ်ထားတာလား။ စီအက်စ်အိုရဲ့ အခန်းကဏ္ဍကို အလေးမထားဘူးလား ဆိုပြီးတော့။ နောက်ပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်က မဟုတ်ဘူး၊ စီအက်စ်အိုဖိုရမ်လုပ်ပါ။ အဲဒီကနေပြီးတော့ ထွက်ပေါ်လာတဲ့ အချက်တွေနဲ့ ဖိုရမ်ကို အထောက်အကူဖြစ်နိုင်အောင် အင်ပွတ်တွေလုပ်ပါဆိုတာ တွေ့လာရပါတယ်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် စီအက်စ်အို အဖွဲ့အစည်းတွေ၊ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ ပါဝင်ပေးဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့တွေနဲ့ပဲ ဆွေးနွေးလိမ့်မယ်ဆိုရင် ဒါက သူတို့ရဲ့ အကျိုးစီးပွားနဲ့ သူတို့ရဲ့အဖွဲ့အစည်းပေါ်မှာပဲ ကိုယ်စားပြုမှုဖြစ်ပြီးတော့ သာမန်အောက်ခြေပြည်သူလူထု ခံစားနေရတာတွေကို ဖော်ပြနိုင်မှာ မဟုတ်ပါဘူး။ အဲတော့ စီအက်စ်အိုရဲ့ အသံတွေကိုလည်း အလေးထားဖို့ လိုပါတယ်။ နေရာပေးဖို့ လိုပါတယ်။ နောက် တနိုင်ငံလုံး ဖိုရမ်ကျင်းပပြီး အသံထုတ်နိုင်အောင်လည်း ကျနော်ဖြစ်စေချင်တာကတော့ ဒီ ငြိမ်းချမ်းရေး ပင်လုံညီလာခံနဲ့ သက်ဆိုင်တဲ့ ကော်မတီကပဲဖြစ်ဖြစ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အစိုးရအနေနဲ့ပဲဖြစ်ဖြစ်၊ ဒါကို ပံ့ပိုးပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ တချို့နေရာတွေ ရောက်ဖူးပါတယ်။ ရောက်ဖူးတဲ့အခါကျတော့ ဒီ လက်နက်ကိုင်ဒေသ ကျေးရွာတွေပဲ။ ကျေးရွာဒေသခံ ပြည်သူလူထုတွေရဲ့ သဘောထားက ကျနော်တို့ တမျိုးတွေ့ရပါတယ်။ အဲဒီဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ သဘောထားနဲ့က နေရာတိုင်းမှာ မတူပါဘူး။ ကွာဟနေပါတယ်။ ဒါကြောင့်မို့လို့ စီအက်စ်အိုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားကိုတော့ အလေးထားပြီး လက်ခံသင့်တယ်။ သူတို့ဆောင်ရွက်နိုင်အောင်လည်း လမ်းဖွင့်ပေးသင့်တယ်လို့ ကျနော်က ဒီလိုယူဆပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပါဝင်မှု၊ အထူးသဖြင့်တော့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းကိုရောက်တယ်။ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားကိစ္စအပြင် ဒုက္ခသည်စခန်းသွားဖို့လုပ်တယ်။ ငြိမ်းချမ်းရေးကိစ္စတွေမှာ ထိုင်းကလည်း အများကြီးပါတယ်။ အဲလိုပဲ ကျနော်တို့ ၀ တို့ မိုင်းလားတို့၊ ခုနပြောတဲ့ တအာင်းတို့ ဘာတို့ တချို့တွေကလည်း တရုတ်ပြည်နဲ့ အများကြီး ဆက်ဆံတယ်၊ တရုတ်သံအမတ်ရဲ့ နောက်ပိုင်း ဗမာပြည်မှာ သံတမန်ဆက်ဆံရေး ပိုပြီး တိုးချဲ့လာတာတွေ၊ ချစ်ကြည်ရေးအဖွဲ့တွေ တိုးလာတာတွေ တွေ့တယ်။ အဲဒါတွေနဲ့ ပတ်သက်တဲ့ အိမ်နီးချင်းနိုင်ငံတွေက ငြိမ်းချမ်းရေးအပေါ် သက်ရောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း အထူးသဖြင့်တော့ မြောက်ပိုင်းပေါ့နော်။ တရုတ်နဲ့ ထိုင်းနဲ့ ပတ်သက်တာလေးနဲ့ ဆက်စပ်ပြီးတော့ ဆွေးနွေးပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) “အဲဒါလည်း ကျနော်တို့ရဲ့ ပထ၀ီအနေအထားအရပေါ့နော်။ ပကတိရှိနေတဲ့ အခြေအနေတွေပေါ့ဗျာ။ ကျနော်တို့ ရှောင်လွှဲလို့မရတဲ့ ကိစ္စတွေပေါ့။ ကိုယ့်တိုင်းပြည်ထဲမှာ မညီညွတ်တဲ့ အခါကျတော့ ဘေးပတ်ဝန်းကျင်တွေ အကုန်လုံး ရိုက်ခတ်တာပေါ့ဗျာ။ အဲတော့ ကျနော်တို့က ထိုင်းမှာဆိုရင်တော့ ဒုက္ခသည်ပြဿနာရှိတယ်။ စစ်ဘေးရှောင်ပြဿနာတွေ အများကြီး ရှိတယ်ပေါ့နော်။ အခု ဒေါ်အောင်ဆန်းစုကြည်သွားတယ်ဆိုရင် ငိုယိုပြီးတော့ဖြစ်တဲ့ ပရိသတ်တွေ အများကြီးရှိတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာလည်း Trauma တွေပေါ့နော်။ စိတ်ခံစားချက်တွေ အများကြီးရှိတယ်။ သူများနိုင်ငံမှာ သွားပြီးတော့ စစ်ဘေးရှောင်ရတယ်၊ ဒုက္ခသည်ဖြစ်တယ်၊ အလုပ်လုပ်ရတယ်ပေါ့ဗျာ။ တန်းမမီဘူးပေါ့ အဲဒါတွေက။ ဒီလိုပြဿနာတွေ အများကြီးရှိတယ်။ အဲတော့ ဒါက မြောက်ပိုင်းမှာဆိုရင်တော့ ဒီလိုပြဿနာမျိုးနည်းတယ်။ သို့သော်ငြားလည်း မြောက်ပိုင်းကျတော့ တရုတ်ပြည်ရဲ့ ပေါ်လစီအရပေါ့လေ။ ဒါတွေက တရုတ်ပြည်ရဲ့ ပေါ်လစီဆိုတာလည်း ပေါ်လစီကြီးတခုမှားရင် ကျနော်တို့ ဘေးပတ်ဝန်းကျင်တွေ အကုန်ရိုက်ခတ်တာကိုး။ ကျနော်တို့ ဒါတွေက အမှန်တိုင်းပြောရရင်တော့ ယဉ်ကျေးမှုတော်လှန်ရေး ကာလတုန်းက၊ ၁၉၆၈ တုန်းက စခဲ့တဲ့ဇာတ်လမ်းပေါ့ဗျာ။ အဲဒီတုန်းက ကျနော်တို့ အရှေ့မြောက်စစ်ဒေသဆိုပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို တရုတ်ပြည်ရဲ့ ထောက်ပံ့မှုတွေနဲ့ ၀င်ပြီးတော့လုပ်ခဲ့တော့ ၁၉၉၀ အထိ ဒီနယ်စပ်ဒေသတွေ အားလုံးက လွတ်မြောက်ဒေသဆိုပြီးတော့ ဖြစ်လာတယ်၊ လက်နက်ကိုင်တွေနဲ့။ ၁၉၉၀ နောက်ပိုင်းမှာ ဒါတွေပျက်၊ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော်လှန်ရေး မရှိတော့ဘူး။ သို့သော်ငြားလည်း ကျန်ခဲ့တဲ့အဖွဲ့တွေ ၀ တို့၊ ကိုးကန့်တို့၊ မိုင်းလားတို့ စသဖြင့် အကုန်လုံးက ဒီရဲ့အဆက်တွေပဲ။ "နောက်တခုက ဒီမြစ်အနောက်ဘက်ခြမ်းမှာရှိတဲ့ အက်စ်အက်စ်အေ၊ ဟိုဘက်က ကေအိုင်အေ အားလုံးကလည်း လက်နက်တွေ၊ စစ်ရေးဗျူဟာတွေ အားလုံးကလည်း ဒီဘက်က အဆက်တွေပဲ။ ဆိုတဲ့အခါကျတော့ အကျိုးဆက်တွေက ကျနော်တို့ တလျှောက်လုံးရှိတယ်။ တရုတ်ဘက်က ဘယ်လိုလဲဆိုတော့ Buffer Zone သီအိုရီပေါ့ဗျာ။ အစိုးရချင်း မဆက်ဆံဘဲ ကြားခံတခုနဲ့ဆိုရင် သူ့အတွက် Legitimacy တွေ သိပ်ဂရုစိုက်စရာ မလိုဘူးပေါ့ဗျာနော်။ Rules တွေ၊ ဥပဒေတွေဘာတွေကို။ ဒါ တခုရှိတယ်ပေါ့နော်။ ထိုင်းဘက်ကျတော့ အဲဒီဟာထက်စာရင် Buffer Zone ကိုပဲ ဒီတိုင်း စီးပွားရေးဆက်ဆံတာ ပိုအကျိုးရှိတယ်ဆိုတာ သဘောပေါက်သွားပြီ ထိုင်းက။ တရုတ်ဘက်ကျတော့ တရုတ်က ငြိမ်းချမ်းရေးနဲ့ ခုနပြောတဲ့ နယ်စပ်ကိစ္စ နည်းနည်းဆက်စပ်လို့ ရတယ်။ ခုန မြစ်ဆုံရေးတို့ ဘာတို့နဲ့ ဆက်စပ်ချင်ပုံရတယ်ပေါ့နော်။ ဒါ ကျနော်တို့အတွက် အလားအလာ မကောင်းဘူးပေါ့နော်။ ဒါကို နိုင်ငံတကာရေးရာအရ ကျနော်တို့ ဖြေရှင်းရမယ်၊ သံတမန်နည်းလမ်းနဲ့။ အဲတော့ ဒီကိစ္စကတော့ ကျနော်ထင်တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျနော်ယူဆတယ်ပေါ့ဗျာ။ ဒါပါပဲ။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) "နောက်ဆုံးအနေနဲ့ပေါ့နော်။ ငြိမ်းချမ်းရေးကို မျှော်လင့်နေတဲ့ ပြည်သူတွေတ၀ှမ်းလုံး စစ်ဘေးဒဏ်ခံနေရတဲ့ နေရာတွေပေါ့နော်။ အဲဒါတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးမှာ သူတို့အနေနဲ့ ဘယ်လိုပါဝင်နိုင်သလဲ။ ဘယ်လိုမျိုးလုပ်နိုင်လဲ ဆိုတာလေးကို နောက်ဆုံးအနေနဲ့ ဖြည့်စွက်သုံးသပ်ပေးပါဦး။" ပြည်သွေးနိုင် (အယ်ဒီတာ၊ ခေတ်ရနံ့မဂ္ဂဇင်း) “အခုဟာကတော့ ငြိမ်းချမ်းရေးညီလာခံ လုပ်တဲ့အခါမှာ လောလောဆယ်တော့ ခေါင်းစဉ် ၂ ခုပေါ့နော်။ နိုင်ငံရေးနဲ့ လုံခြုံရေးကိုပဲ ဦးစားပေးပြီး ဆွေးနွေးမယ်ဆိုရင် ကျနော်တို့ ပြီးခဲ့တဲ့ညီလာခံမှာတုန်းကတော့ ငါးခုပေါ့။ အဲဒီအခါကျတော့ ခုနက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြန်ပြီးတော့ ကျနော်တို့ ချိတ်ဆက်ရရင် ဒေသခံတွေရဲ့ သဘောထားကလည်း အရေးကြီးပါတယ်။ စောစောက ကျနော်ပြောသလိုပဲ အစိုးရပါမယ်၊ နောက်တခုက လက်နက်ကိုင်ဆောင်ထားပြီးတော့ အဖွဲ့အစည်းတွေ ပါမယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းက သူတို့မှာ ကိုယ်ကျိုးစီးပွားတွေ ရှိတယ်။ နိုင်ငံရေးအရကော၊ စီးပွားရေးအရကော၊ အဲဒီလိုရှိတဲ့အခါကျတော့ အစိုးရနဲ့ သူတို့နဲ့ ဆွေးနွေးလို့ ပြေလည်မှု တချို့ဟာတွေမှာရပေမယ့် အဲဒီဟာက အဲဒီဒေသမှာရှိတဲ့ တကယ့် ပြည်သူလူထုတွေရဲ့ လိုအပ်ချက်ကို ကိုယ်စားပြုရဲ့လား၊ တကယ့်ခံစားမှုတွေကို ကိုယ်စားပြုရဲ့လားဆိုတာ စဉ်းစားစရာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ခုနလိုပဲ ဒီဘက်က အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေကို လှုပ်ရှားခွင့်ပေးပြီးတော့ သူတို့ရဲ့အသံတွေကို ညီလာခံကြီးကနေပြီးတော့ ဘယ်လို သူတို့လက်ခံမလဲ။ ဘယ်လိုနားလည်ပေးမလဲ။ ဒါကို အရေးတယူ ဘယ်လိုလုပ်ပေးမလဲဆိုတာ စဉ်းစားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသမှာရှိတဲ့ ပြည်သူလူထုတွေက သူတို့က လက်နက်ကိုင်အဖွဲ့အစည်းဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကို သူတို့က ကြောက်ရွံ့နေရတယ်။ နောက် သူတို့သဘောထားနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းရဲ့ သဘောထားတွေက တခါတရံမှာ ခြားနားနေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုတွေကိုလည်း အထူးသဖြင့်ပေါ့ လက်နက်ကိုင်ဒေသမှာရှိတဲ့ ပြည်သူလူထုရဲ့ အသံကိုလည်း ကျနော်တို့ အလေးထားဖို့လိုတယ်။ သူတို့ကိုလည်း ကျနော်တို့က ဖိတ်ခေါ်ပြီးတော့ သူတို့အသံတွေ ဖော်ထုတ်နိုင်အောင် ကျနော်တို့ အလေးထားဖို့ လိုအပ်ပါတယ်။"

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up