Home
မြန်မာသတင်း
မန္တလေးနှင့်စစ်ကိုင်းတွင် ငလျင်ဘေး အခွင့်အရေးယူပြီး ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံး
DVB
·
July 10, 2025
ဇွန် ၁၂ ရက်က ဇေယျာသီရိမြို့နယ် သာစည် ကျေးရွာအုပ်စု အောင်သာကျေးရွာ၌ ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ တွေ့ဆုံခဲ့စဉ်။ Photo;USDP

မန္တလေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ ငလျင်ဘေးအပါအဝင် ပြည်သူတွေရဲ့အခက်အခဲကို အခွင့်အရေးယူပြီး ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲအတွက် လှုပ်ရှားနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

စစ်ခေါင်းဆောင်က ၂၀၂၅ အကုန် ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ ပြောဆိုထားတာပါ။ သူ့ရဲ့ပြောဆိုချက်အတိုင်း ပြုလုပ်နိုင်ဖို့ ရွေးကောက်ပွဲကျင်းပရေးနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ကြံ့ခိုင်ရေးပါတီဝင်တွေက ငလျင်ဘေးအပါအဝင် ပြည်သူတွေရဲ့ အခက်အခဲတွေမှာ ပရဟိတလုပ်ငန်းတွေနဲ့ရောပြီး စည်းရုံးနိုင်ဖို့ ကြိုးစားတာတွေရှိနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ဇူလိုင် ၄ ရက်က ပြုလုပ်ခဲ့တဲ့ မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် အကြိုအခမ်းအနားကိုလည်း မန္တလေးတိုင်း ကြံ့ခိုင်ရေးပါတီ ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းက ဦးဆောင်ပြုလုပ်ခဲ့တာတွေ့ရပါတယ်။  

မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “ကြံ့ခိုင်ရေးအဓိကလုပ်တာပဲ။ ငလျင်ကိုအကြောင်းပြုပြီးတော့ အိမ်တွေဘာတွေ ရှင်းလင်းပေးမယ်၊ ပစ္စည်းဘာညာထောက်ပံ့တယ်ပေါ့။ ထမင်းထုပ်ဝေတယ်၊ ရေသန့်ဘူးဝေတယ်ပေါ့။ အဲဒီလိုအနေအထားနဲ့ မဲဆွယ်စည်းရုံးရေးလုပ်တာ ရှိတယ်။ အဲ့ဒါစစ်ကိုင်းမှာလည်း လုပ်သွားတယ်၊ မန္တလေးမှာလည်း လုပ်သွားတယ်၊ မြစ်သားဘက်မှာလည်း လုပ်သွားတယ်။ လာရောက်ပြီး ဝေငှတာက ကြံ့ခိုင်ဖွံ့ဖြိုးအသင်းက လာဝေငှတယ်ဆိုတဲ့သ ဘောမျိုးပေါ့၊ တနည်းအားဖြင့်မဲဆွယ်တာပေါ။ P သုံးလုံးကလုပ်နေတာ မန္တလေးဘက်မရောက်ဘူး၊ သူလုပ်နေတာ မော်လမြိုင်နဲ့ အောက်ပိုင်းပဲ လုပ်နေတဲ့သဘောပဲရှိတယ်။ မန္တလေးဘက်မှာတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်ပြီးတော့ ပေါ်ပေါ်တင်တင်လုပ်တာမျိုးတော့ မဟုတ်ဘူးဗျာ။ နောက်တမျိုးက သူတို့ဘယ်လိုလုပ်သလဲဆိုတော့ အခု မန္တလေးရာပြည့်ပွဲကျင်းပသွားတယ်။ တက္ကသိုလ်ကျောင်းသားကျောင်းသူဟောင်းများဆိုပြီး ခေါင်းစဉ်တပ်တာပေါ့နော်။ ဒါပေမဲ့ တကယ်လုပ်သွားတာက ကြံ့ခိုင်ရေးက ဒေါက်တာမောင်သင်းလေ၊ ဒီက စစ်ထွက်တွေနဲ့ ဗိုလ်ချုပ်ထွက်တွေနဲ့လာပြီး လပ်သွားတဲ့ကိစ္စဆိုတော့ မန္တလေးတက္ကသိုလ်ကျောင်းသားကျောင်းသူဟောင်းလည်း ဟုတ်ချင်လည်း ဟုတ်မယ် မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့။ အဲ့ဒါလည်း မဲဆွယ်စည်းရုံးရေး တမျိုးပဲလေ၊ သွယ်ဝိုက်ပြီးတော့ မဲဆွယ်စည်းရုံးရေး လုပ်နေတာတော့ရှိတယ်” လို့ ပြောပါတယ်။

၂၀၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းမှာ မန္တလေးတိုင်း ၂၈ မြို့နယ်မှာ စစ်ရေးမတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မန္တလေးမြို့ကို သိမ်းယူဖို့အထိ ခြိမ်းခြောက်မှုတွေပြုလုပ်ခဲ့တာပါ။ 

စစ်ရေးမတည်ငြိမ်မှုတွေကြောင့် ကြံ့ခိုင်ရေးပါတီက မန္တလေးတိုင်းထဲမှာ ပေါ်ပေါ်ထင်ထင် မဲဆွယ်စည်းရုံးရေးတွေ မပြုလုပ်သေးပေမဲ့ ဖြစ်ပေါ်ခဲ့တဲ့ သဘာဘေးဒဏ်တွေနဲ့ ပြည်သူတွေရဲ့ အခက်အခဲအပေါ်မူတည်ပြီး ချဉ်းကပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်း မြို့ပေါ်နေရာတွေမှာလည်း ကြံ့ခိုင်ရေးပါတီက အလားတူဆောင်ရွက်နေတယ်လို့ ကိုစိုးဝင်းဆွေ (စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်) က ပြောပါတယ်။

“စစ်ကိုင်းတိုင်းအတွင်းမှာတော့ စစ်ကောင်စီခန့် UEC က ရွေးကောက်ပွဲအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ညွှန်ကြားတဲ့အတိုင်းပဲ ပြင်ဆင်မှုတချို့ ဆောင်ရွက်နေတယ်တိုတာတော့ ကြားရတယ်။ ပါတီတွေကတော့ ပြန်ပြီးမှတ်ပုံတင်တဲ့ပါတီက နည်းနည်းပဲရှိတာဆိုတော့ ပါတီတွေရဲ့ ပြင်ဆင်မှုကတော့ အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့်တွေ့ရတာမျိုး မရှိပါဘူး။ စစ်ကိုင်းတိုင်းအတွင်းမှာတော့ သူတို့ အတင်းအဓမ္မ ဖိအားပေးစေခိုင်းတဲ့အတွက်ကြောင့် ဆောင်ရွက်နေကြတဲ့လူတွေပဲ ရှိနိုင်တယ်ပေါ့။ ပြည်သူ့ဆန္ဒအစစ်အမှန်ကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအပေါ်မှာ လုံးဝအသိအမှတ်ပြုမှာလည်းမဟုတ်ဘူး၊ ပါဝင်ကြမှာလည်းမဟုတ်ဘူး။ တော်လှန်ရေးအင်အားစုတွေဘက်မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အားပျော့သွားတဲ့အချိန်မှာ ဒီနိုင်ငံရေးဟာကွက်ကို ထိထိမိမိ ထိုးနှက်ချက်ချင်တဲ့အနေနဲ့လည်း ရွေးကောက်ပွဲကို အားချင်းဆောင်ရွက်တယ်လို့ မြင်ပါတယ်။ သို့သော် ဒေသတွင်းအရ ကျနော်တို့ အများကြီးအားကောင်းပါတယ်။ အခြေခံဒေသတွေကိုပဲ ခိုင်အောင်လုပ်ပြီးတော့ အဲ့ဒီကနေမှတဆင့် နိုင်ငံတော်အဆင့်မဟာဗျူဟာကို ဖော်ဆောင်နိုင်မယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး စစ်ကိုင်းတိုင်း ၃၇ မြို့နယ်နဲ့ မကွေးတိုင်း ၂၅ မြို့နယ်စလုံးမှာ လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့တွေ ပေါ်ပေါက်ခဲ့တာကြောင့် စစ်ကောင်စီက ဒီဒေသတွေမှာ ရွေးကောက်ပွဲအောင်မြင်အောင် ပြုလုပ်နိုင်စရာအကြောင်းမရှိဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ကိုဥက္ကာ (ကျားသစ်နက်တပ်မတော်) က “မကွေးတိုင်းဘက်မှာတော့ ပါတီတွေ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားတာ သိပ်မတွေ့ရဘူးဗျ၊ လှုပ်ရှားမှုလည်း မတွေ့နိုင်ပါဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ မကွေးတိုင်း မြို့နယ်ပေါင်း ၂၅ ခုရှိတဲ့အထဲမှာ စစ်ကောင်စီ စိုးမိုးတာဆိုလို့ မြို့ပေါ်လောက်ပဲရှိမယ်ပေါ့နော်။ ရပ်ကျေးတွေ၊ နယ်ဘက်တွေမှာတော့ တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတာဖြစ်တဲ့အတွက် မြို့ပေါ်လောက်ပဲ သူတို့ ရပ်တည်လို့ ရမယ်ထင်ပါတယ်။ ၂၀၂၄ ခုနှစ်ကလည်း သူတို့ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့ ကြိုးစားခဲ့တယ်၊ သန်းခေါင်စာရင်းတွေ ကောက်ခဲ့တယ်။ သန်းခေါင်စာရင်းကောက်တဲ့ မှတ်တမ်းမှာတောင်မှ သူတို့စိုးမိုးတာက တနိုင်ငံလုံးအတိုင်းအတာအရဆိုရင် ၃ ပုံ ၁ ပုံလောက်ပဲ သူတို့တွေစိုးမိုးတယ်။ ခုဆို ဧရာဝတီတိုင်းဘက်ကို ပြည်သူ့တော်လှန်ရေးအင်အားစုတွေကနေ ထိုးစစ်တွေဆင်လာတယ်၊ စခန်းတွေတခုပြီးတခု သူတို့စွန့်လွှတ်နေရတယ်ပေါ့နော်၊ တော်လှန်ရေးအင်အားစုတွေဘက်က သိမ်းဆည်းထားတဲ့မြို့တွေ ပြန်လည်ထိုးစစ်ဆင်သိမ်းဆည်းပြီးတော့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။

စွမ်းသူမောင် (ယင်းမာပင်ခရိုင်တပ်ရင်း-၂၈) က “စကစလုပ်တဲ့ရွေးကောက်ပွဲက အတုအယောင်လို့လည်း မပြောချင်ဘူး ဘာမှကိုအဓိပ္ပာယ်မရှိဘူး၊ စကစက ရွာတွေမှာမီးရှို့တယ်၊ မြို့တွေမှာလည်း ပေါ်တာဆွဲတယ်၊ ဒုက္ခပေးတယ်။ ဒီ စကစက ကျင်းပမယ့် ကလိန်ကကျစ်ရွေးကောက်ပွဲကို ဘယ်ပါတီတွေကလိုက်ပြီးတော့ ထောက်ခံချင်တာလဲ၊ အားပေးချင်တာလဲ၊ ကျနော်ကတော့ ပြတ်ပြတ်ပဲ။ အဲ့ဒီထောက်ခံတဲ့ပါတီ၊ အသိုက်အဝန်း အားလုံးကို အကုန်ချေမှုန်းပစ်မယ်၊ ရှင်းလင်းပစ်မယ်၊ ကျနော်က ပြတ်ပြတ်သားသားပဲ” လို့ ပြောပါတယ်။

စစ်အာဏာစသိမ်းကတည်းက စစ်ကောင်စီက အချိန်တိုအတွင်း ရွေးကောက်ပွဲကျင်းပပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ အချိန် ၄ နှစ်ကျော်လာတဲ့အထိ ရွေးကောက်ပွဲမပြုလုပ်နိုင်ခဲ့ပါဘူး။ 

၂၀၂၄ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်းအတွက် သန်းခေါင်စာရင်းပြန်ကောက်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံတဝန်း မြို့နယ် ၃၃၀ မှာ မြို့နယ် ၁၀၀ ဝန်းကျင်လောက်ကိုပဲ စာရင်းကောက်နိုင်ခဲ့ပါတယ်။ 

လက်ရှိအချိန်မှာ ၂၀၂၄ စာရင်းကောက်တုန်းကထက် စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ နယ်မြေပိုများလာတဲ့အတွက် ရွေးကောက်ပွဲလုပ်နိုင်ခဲ့တယ်ဆိုရင်တောင် နိုင်ငံတဝန်းမဲဆန္ဒနယ် ၃ ပုံ ၁ ပုံထက်နည်းတဲ့ ပမာဏမှာပဲ ရွေးကောက်ပွဲပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024