
ရန်ကုန်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ပြီးခဲ့တဲ့နှစ်ထက် မြင့်တက်လာနေပြီး သေဆုံးသူတွေ ရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတယောက်က “ဒီနှစ်ကတော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူများလာတယ်။ သွေးသွင်းရတာ ပိုများလာတယ်။ ဆေးရုံကရှိတဲ့ သွေးနဲ့တင်မလောက်ဘူး။ အဆင့် ၄ လောက်ဖြစ်မှ ဆေးရုံကို ရောက်လာကြတာများတယ်။ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက ဒီနှစ်မှာ ၄၀ ရာခိုင်နှုန်းလောက်က မြင့်လာတယ်လို့ ပြောလို့ရတယ်။ အဓိက နေ့ခင်းဘက် နဲ့ ညနေပိုင်းလောက်ကိုက်တဲ့ ခြင်တွေက သွေးလွန်တုပ်ကွေးဖြစ်စေတာပေါ့။ အခုရပ်ကွက်တွေကို ခြင်ဆေးဖြန်းဖို့၊ စာသင်ကျောင်းတွေမှာ ခြင်ဆေးဖြန်းဖို့ လုပ်နေတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၁၄၇ ဦးရှိပြီး သေဆုံးသူ ၁၁ ဦးအထိ ရှိပြီလို့ ဆိုပါတယ်။
သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးရသူကလေးတွေက ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့ကဖြစ်ကြပြီး ဆေးရုံကိုရောက်ရှိလာတဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားနေတဲ့ ကလေးအများစုမှာ သွေးသွင်းရတာ များနေတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မေလအထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၂၀၇ ဦးရှိပြီး သေဆုံးသူ ၅ ဦးသာရှိတဲ့အတွက် နှိုင်းယှဥ်ပါက သေဆုံးသူဦးရေ မြင့်တက်လာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
သွေးလှူဒါန်းသူတယောက် “ဒီရက်ပိုင်းမှာ သွေးတော်တော်လှူရတယ်။ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတွေမှာ သွေးမလောက်လို့။ တခါသွင်းရင် ၃ လုံး ၄ လုံးလောက်ရှိတယ်။ လှူမယ့်သူတွေကိုလည်း အဆင်သင့်ပြင်ထားရတယ် အဆင်ပြေအောင်လို့။ ကလေးတွေကို ဂရုစိုက်စေချင်တယ်” လို့ ပြောပါတယ်။
အသက် ၁၅ နှစ်အောက် ကလေးများမှာ သွေးလွန်တုပ်ကွေးရောဂါ အများဆုံး ဖြစ်ပွားလေ့ရှိပါတယ်။