Home
နိုင်ငံတကာ
ဖိလစ်ပိုင်တွင် သွေးလွန်တုပ်ကွေး ကူးစက်မှု မြင့်တက်
DVB
·
February 26, 2025
Photo: Reuters

ဖိလစ်ပိုင်နိုင်ငံတဝန်းမှာ ခြင်ကနေတဆင့် ရောဂါတွေ အရှိန်အဟုန်နဲ့ ကူးစက်နေလို့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု တိုက်ဖျက်ရေးအတွက် ဆန်းသစ် တီထွင်ထားတဲ့ ဖြေရှင်းနည်းတွေကို ဖိလစ်ပိုင် လူ့အဖွဲ့အစည်းတွေက ဆောင်ရွက်နေပါတယ်။

ဖိလစ်ပိုင် ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ် အလားတူကာလမှာ ကူးစက်ခံ အယောက် ၂၈,၀၀၀ ရှိခဲ့ပေမဲ့ တနိုင်ငံလုံး အတိုင်းအတာအရ ဇန်နဝါရီလမှ ဖေဖော်ဝါရီလလယ်အထိ သွေးလွန်တုပ်ကွေး ကူးစက်ခံဦးရေ ၄၃,၀၀၀ ကျော် ရှိနေပါတယ်။

အပူချိန်မြင့်တက်မှုနဲ့ မှန်းဆမရနိုင်တဲ့ ရာသီဥတုပုံစံတွေဟာ ခြင်တွေအတွက် မျိုးပွားဖို့ စံပြအခြေအနေတွေကို ဖန်တီးပေးရင်း အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့ ကျန်းမာရေး အရာရှိတွေက သတိပေးထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ကမ္ဘာတဝန်းက အပူပိုင်းဒေသ နိုင်ငံတွေမှာ ခြင်ကတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ကူးစက်မှုပါ။

အဆစ်အမြစ်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်းနဲ့ အဖုအပိန့်တွေ ဖြစ်စေနိုင်ပြီး ပြင်းထန်တဲ့ အခြေအနေတွေမှာ အသက်ရှူပြဿနာတွေ၊ သွေးယိုစီးတာနဲ့ ကိုယ်တွင်းအင်္ဂါ ချို့ယွင်းတာတွေ ဖြစ်စေနိုင်ကာ ရောဂါအတွက် တိကျတဲ့ ကုသမှု မရှိပါဘူး။

ဖိလစ်ပိုင်မှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှု တိုးလာချိန်မှာ သေဆုံးမှုနှုန်း လျော့ကျအောင် ထိန်းထားနိုင်ပေမဲ့ ကလေးငယ်လေးတွေဟာ အထိခိုက်နိုင်ဆုံး အဆင့်မှာ ရှိနေပါသေးတယ်။

သွေးလွန်တုပ်ကွေးရောဂါရဲ့ ပထမဆုံးလက္ခဏာ ပေါ်တာနဲ့ ပြည်သူတွေ ချက်ချင်း ဆေးကုသမှုခံယူဖို့ ဖိလစ်ပိုင် ကျန်းမာရေးဌာနက တိုက်တွန်းထားပါတယ်။

ရောဂါဖြစ်ပွားမှု လျော့နည်းစေဖို့ အစိုးရဆေးရုံတွေမှာ သွေးလွန်တုပ်ကွေးရောဂါကို နာမည်တပ် ဖော်ထုတ် ကုသရာမှာ မြန်ဆန်စေဖို့ အမြန်လမ်းကြောင်းတွေ ဖွင့်ထားဖို့ကိုလည်း ညွှန်ကြားထားပါတယ်။

ထောက်လှမ်းမှုနဲ့ တုံ့ပြန်မှုကို အရှိန်မြှင့်ဖို့ အမြန်စမ်းသပ်ကိရိယာတွေကို ဖြန့်ကျက် ချထားခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှုဟာ ဖိလစ်ပိုင်မှာ တနှစ်ပတ်လုံး သွေးလွန်တုပ်ကွေး အကျပ်အတည်းကို ဖြစ်စေတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ပူနွေးတဲ့အပူချိန်နဲ့ ကြာရှည်မိုးရွာသွန်းမှုဟာ ခြင်တွေပေါက်ဖွားဖို့ အကောင်းဆုံး အခြေအနေတွေကို ဖန်တီးပေးတဲ့အပြင် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို အရှိန်မြှင့်ပေးနေတာပါ။

ခန့်မှန်းမရတဲ့ ရာသီဥတုပုံစံတွေကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုဟာ ရာသီအလိုက် မဟုတ်တော့ဘဲ အဆက်မပြတ် ခြိမ်းခြောက်မှုဖြစ်လာတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024