
မဆလ ခေတ်၊ ဖက်ဆစ်ကြိုးစင်
ရင်ကော့ဝင်ခဲ့၊ နီလွင်သမိုင်း
တော်လှန်လှိုင်းသစ်၊ ဆလိုင်းတင်မောင်ဦး
သတ္တိထူးစွ၊ အာဏာရူးကို
ဒူးမထောက်ခဲ့၊ ကျဆုံးလှည့်ရာ
လေးဆယ့်ကိုးနှစ် ပြည့်မြောက်ပြီ။ ။
၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက် မနက်က မဆလ လမ်းစဉ်ပါတီ စစ်တပိုင်းအစိုးရက အင်းစိန်ထောင်တွင်းမှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မတရား ကြိုးပေး သတ်ဖြတ်လို့ ကျဆုံးခဲ့တာ ၄၉ နှစ် ရှိပါပြီ။
ဆလိုင်းတင်မောင်ဦးကို ၄၉ နှစ်တိုင် ဘာကြောင့် မမေ့ကြသလဲ
ဒီ ချင်းအမျိုးသားဟာ
တိုင်းရင်းသား လူငယ်တွေရဲ့
သန့်စင်သော မီးရှူးတန်ဆောင်ပါပဲ။
လောက်တဖွားဖွားခေတ်ထဲက
မကြောက်တရားပြသူ ယောက်ျားမြတ်ပါပဲ။
အာဏာရှင်ကုပ်ပိုးကို ပုတ်နှိုးလိုက်တဲ့
စူးစူးဝါးဝါး တောက်ပတဲ့ နေအလင်းရောင်ပါပဲ။
လင်းခါး
ချင်းလူမျိုး ဦးလှဒင်နဲ့ ဒေါ်နှင်းမြိုင်တို့ရဲ့ ရင်သွေး ၈ ယောက်မှာ သူက အကြီးဆုံးပါ။ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒ အဓိကနဲ့ ကျောင်းတက်ခဲ့ပြီး ပထမနှစ်တက်တဲ့ ၁၉၇၂ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားလို့ အဖမ်းခံခဲ့ရတယ်။ ၁၉၇၄ ဒီဇင်ဘာလ ဦးသန့်အရေးအခင်းကို သူဦးဆောင်ခဲ့တယ်။ တနှစ်ကျော်ကြာ ၁၉၇၄ ဇန်နဝါရီလ ၃ ရက်နေ့မှာ ပြန်လွှတ်တယ်။ ၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ငြိမ်းချမ်းရေးစာဆိုကြီး သခင်ကိုယ်တောင်မှိုင်း ရာပြည့်ပွဲ မတိုင်ခင် တရက်အလို အဖမ်းခံရတယ်။ ၁၉၇၆ ခုနှစ် ဇူလိုင် ၂၆ ရက် မနက် ၄ နာရီမှာ ကြိုးပေးအသတ်ခံခဲ့ရတယ်။ အထူးထောက်လှမ်းရေး အရာရှိဟောင်း ဦးသောင်းအေး ကတော့ ကျောင်းသားလှုပ်ရှားမှုတွေ (၁၉၇၄၊ ၇၅၊ ၇၆) ပြင်းထန်နေချိန်မှာ ကြိုးပေးသတ်ပြလိုက်ရင် ကျောင်းသားထုတခုလုံး ကြောက်ရွံ့ နောက်တွန့်သွားစေဖို့ ဦးနေဝင်းစစ်အုပ်စုက ရည်ရွယ်တာလို့ သုံးသပ်ပါတယ်။ ဒါပေမဲ့ အဲသည်ခေတ် ကျောင်းသားတွေဟာ ဆလိုင်းတင်မောင်ဦးကို ကြိုးပေးခဲ့တာကြောင့် စစ်အာဏာရှင်ကို ပိုမိုနာကြည်းသွားပြီး ပိုမိုပြင်းထန်တဲ့ တော်လှန်ရေးကြီးတွေ ဖြစ်လာရတယ်လို့ ဦးသောင်းအေးက ဆက်ပြောပါတယ်။ နွေဦးတော်လှန်ရေးမှာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ ၄ ဦးကို ကြိုးပေးသတ်လိုက်ရင် နောက်လူတွေ ကြောက်သွားမယ်လို့ မင်းအောင်လှိုင် တွေးခေါ်ပုံနဲ့ အတူတူပါပဲ။ ဒါပေမဲ့ နွေဦးတော်လှန်ရေးမှာ ကိုဂျင်မီတို့ကို သေဒဏ်ပေးလိုက်တဲ့နောက် အရှိန်လျော့မသွားဘဲ တော်လှန်စိတ်တွေ ပြင်းထန်လာနေကြတာ ငြင်းမရပါဘူး။
အထူးသဖြင့် ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်ကစတဲ့ ဦးသန့်အရေးအခင်းမှာ ဦးဆောင်ခဲ့သူ ဆလိုင်းတင်မောင်ဦးကို အာဏာရှင်ကြီး ဦးနေဝင်းက အမုန်းထားပြီး မတရားကြိုးပေး သတ်ခဲ့သလို (ဆလိုင်းတင်မောင်ဦးက ကြိုးကွင်းကို သူ့လည်ပင်းက ခံနိုင်ရည်ရှိအောင် အံကြိတ် အသက်အောင့် လေ့ကျင့်ထားလို့) စက်တိုင်မှာ မသေခဲ့ပေမဲ့ အောက်ကိုရောက်မှ မသေ သေအောင်ကို သတ်ပစ်ခဲ့တာပါ။ ဒီအကြောင်းကို ပြန်ပြောပြခဲ့တဲ့ ဝန်ထမ်းတဦးရဲ့ အင်တာဗျူးလည်း အွန်လိုင်းမှာ ရှိနေပါတယ်။
ဆလိုင်းကိုကြိုးပေးခဲ့တဲ့ ဇွန်လ ၂၆ ရက် ၁၉၇၆
သူ့ကြိုးတိုက်တံခါးကို ဖွင့်ကြတော့
သူက အားလုံးကို နှုတ်ဆက်တယ်
သူ့မှာ ကျန်နေတဲ့ ထန်းလျက်ခဲလေးတွေကို
ကျောင်းသားအကျဥ်းသားတွေကို မျှပေးဖို့ မှာတယ်
အာဏာရှင်တွေကို အသက်ထက်ဆုံး တိုက်ပွဲဝင်ဖို့ မှာတယ်
သူ့လက်ကို ချုပ်ထားကြတဲ့
အာဏာပါးကွက်သားတွေရဲ့ လက်တွေက တဆတ်ဆတ်တုန်လို့။
ဦးသန့် အရေးအခင်း ခေါင်းဆောင်မှုနဲ့ ဆလိုင်းကို ကြိုးပေးဖို့ တရားသူကြီးက စီရင်ချက်ချတော့ သူက မဲ့ပြုံးပြုံးနေခဲ့တယ်လို့ ဦးသန့်သပိတ်ကျောင်းသား (နောင် ABSDF) ဗဟိုကော်မတီဝင် ကိုမောင်မောင်တိတ်က ပြန်ပြောပြပါတယ်။ ကြိုးပေးတဲ့ မနက်မှာ ဆလိုင်းတင်မောင်ဦးကို ခေါ်ထုတ်လာပြီး ကြိုးစင်ကို အသွားမှာ ထောင်ဝန်ထမ်းအင်အား တော်တော်များများနဲ့ ဝိုင်းခေါ်သွားတယ်တဲ့။ အဲသည်အချိန်မှာ ရွာအလှူတွေမှာ လော်စပီကာ အကျယ်ကြီးဖွင့်ထားသလို တွံတေးသိန်းတန် သီချင်းတွေလည်း ဖွင့်ထားတယ်တဲ့။ ထောင်တွင်းလူသတ်ပွဲကို သီချင်းသံနဲ့ ဖုံးချင်တဲ့အတွက်တဲ့။ တထောင်လုံးကတော့ အဲသည်လို သီချင်းဖွင့်သံကြားရင် ထောင်အာဏာပိုင်တွေ မဟုတ်တာလုပ်တော့မယ်ဆိုတာ သိနေကြသတဲ့။ ဆလိုင်းက
ရဲဘော်တို့ ငါ့ကို ဒီကောင်တွေ
လူမသိသူမသိ သတ်ဖို့ခေါ်သွားပြီ။
ငါတော့ သွားပြီ
မင်းတို့ ဆက်တိုက်ကြ။ ။
လို့ အော်လိုက်ရင်ပဲ ထောင်ဝန်ထမ်းတွေက ဆလိုင်းတင်မောင်ဦးရဲ့ အသံကို ဖုံးသွားအောင် ဟေး ဟေး ဟေး ဟေး ဆိုပြီး ဝိုင်းအော်ကြသတဲ့။ ဒီလိုနဲ့ ဆလိုင်းက ရဲဘော်တို့လို့ အော်လိုက်။ ဝန်ထမ်းတွေက ဟေးဟေး ဟေးဟေးနဲ့ အော်လိုက်နဲ့ ကြိုးစင်ကို ရောက်သွားပါတယ် တဲ့။
ဆလိုင်းရဲ့ ရဲရဲတောက်စကား
“မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊
ငါ့ရဲ့ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့
ဘယ်တော့မှ သတ်လို့မရဘူး။
မင်းတို့ စစ်ဖိနပ်အောက်
ငါ ဘယ်တော့မှ ဒူးမထောက်ဘူး။” (၂၆ ဇွန် ၁၉၇၆)
ကြိုးပေးဖို့ အမိန့်ချအပြီးမှာ စစ်အာဏာရှင်ကြီး ဦးနေဝင်းရဲ့လူတွေက လာပြီး ညှိတယ်တဲ့။ ဆလိုင်းတင်မောင်ဦးက မှားကြောင်း မဆလအစိုးရကို တောင်းပန်ရမယ်တဲ့။ ဒါဆိုရင် သေဒဏ်ကနေ လျှော့ပေးပြီး တသက်တကျွန်းက တဆင့် ထောင်က လွှတ်ပေးမယ်ပေါ့။ အခွင့်အရေးတွေ ပေးမယ်ပေါ့။ ဆလိုင်းကတော့ မင်းတို့က ဘီလူးကြီးကို ငါက မင်းသားလေးပါလို့ လိမ်ညာမပြောနိုင်ဘူးလို့ ပြန်ပြောသတဲ့။ ကြိုးပေးခါနီးလည်း “မင်းတို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊ ငါ့ရဲ့ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့မရဘူး။ မင်းတို့ စစ်ဖိနပ်အောက် ငါ ဘယ်တော့မှ ဒူးမထောက်ဘူး” လို့ ပြောသွားခဲ့တာပါ။ တချိန်က ရဲရဲတောက် ကျောင်းသားတော်လှန်သူတွေ ဖြစ်ခဲ့ပြီး အခုမှ စစ်တပ်ဘက် လိုက်သွားကြတဲ့ မိုးဟိန်းတို့လို တခြားကျောင်းသားခေါင်းဆောင် ထောင်တွင်းမှာ လက်မြှောက်အရှုံးပေးသွားခဲ့သူတွေနဲ့ ဆလိုင်းတင်မောင်ဦးဟာ နှိုင်းမရပါ။ မိုးနဲ့ မြေ။ သဲမှုန့်နဲ့ ထွီဖာဝီကျိုးတောင်ကြီးလောက် ကွာခြားတာပါ။
သမိုင်းတွင်တဲ့ ဆလိုင်းတင်မောင်ဦး
ဆလိုင်း !
ခင်ဗျားသမိုင်း ခင်ဗျားရေးတာပါ။
ဒါပေမဲ့ ခင်ဗျားသမိုင်း က
ကျုပ်တို့ သမိုင်းဖြစ်
ကျုပ်တို့ကို အာဏာရှင် မှိုင်းလွတ်အောင်
သမိုင်းသစ် ရေးတဲ့ အထဲ
ခင်ဗျားပါတယ်။ ။ (ပခုက္ကူသင်းကြူ)
အောက်ချင်းဟာ သစ္စာသင်္ကေတပြတဲ့ ချင်းတိုင်းရင်းသားတို့ရဲ့ အထွတ်အမြတ်ပါ။ ခွပ်ဒေါင်းကလည်း ကျောင်းသားတော်လှန်ရေးရဲ့ မဟာကြီးမြတ်တဲ့ အမှတ်အသားပေါ့။ ရန်ကုန်တက္ကသိုလ် ချင်းကျောင်းသားအသင်း အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ခွပ်ဒေါင်း ကျောင်းသားဦးဆောင်သူလည်း ဖြစ်တဲ့ သူဟာ အောက်ချင်း ခွပ်ဒေါင်း နှစ်ထပ်ကွမ်းတဲ့သူပါ။ သူ့ရဲ့ ဘဝရာဇဝင် မျိုးရိုးစဉ် ငယ်စဉ်ဘဝ သမိုင်းဖြစ်စဉ်တွေကို ရေးချရရင်တော့ ကျမ်းတစောင် ပေတဖွဲ့ စာတအုပ်လောက်နဲ့လည်း လောက်မည်မထင်ပါဘူး။ ဒါပေမဲ့ သူဟာ သမိုင်းတွင်သွားခဲ့ပါပြီ။ သူ့ကို ကြိုးပေးခဲ့တဲ့ ဇွန်လ ၂၆ ရက် ဒီကနေ့မှာ သူ့ လုပ်ဖော်ကိုင်ဖက်တွေက အမှတ်တရ ဂုဏ်ပြုအခမ်းအနားတွေ ကျင်းပနေကြပါပြီ။ ချင်းတိုင်းရင်းသားတွေ ချင်းလူငယ် ကျောင်းသားတွေကလည်း ဆလိုင်းတင်မောင်ဦး နှစ်ပတ်လည်ပွဲတွေကို ပြုလုပ်နေကြချိန်ပါ။
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက သိစေ။
ဆလိုင်းတင်မောင်ဦး တဲ့ဟေ့
ကမ္ဘာက ကြားစေ။
သူရဲကောင်းတွေရဲ့ ကမ္ပည်းနံရံပေါ်
သူရဲကောင်းတွေရဲ့ မော်ကွန်းကျောက်သားပေါ်
သူ့ကို ထည့်မှတ်ကြ။
သူ့ နာမည်ကို ရေးထိုးကြ
စိတ်ဓာတ်ခွန်အားကသာ ရုပ်ကမ္ဘာကို ပြောင်းလဲစေတယ်။
တရားမျှတမှု မေတ္တာ လူ့ဂုဏ်သိက္ခာ လွတ်လပ်မှု အကြောင်း
ဆလိုင်းတင်မောင်ဦး ပို့ချချက်
ကမ္ဘာသူ ကမ္ဘာသား အောက်မေ့ကြစေမယ်။ ။ (လင်းခါး)
ဆလိုင်းစကား ရင်ဝယ်ထားလျက် ရှေ့ဆက်ချီဖို့လို
မြန်မာနိုင်ငံ ကျောင်းသားသမိုင်းမှာ ပထမဆုံး ကြိုးပေးခံခဲ့ရသူဟာ ဆလိုင်းတင်မောင်ဦးပါ။ မိသားစုဘဝ သူ့ရဲ့တက်လမ်း လူငယ်ဘဝတွေကို စတေးပြီး လူထုဆန့်ကျင် အာဏာရှင်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူပေါ့။ သူလို လူများကတော့ အခုနွေဦးတော်လှန်ရေးမှာ ဆလိုင်းကဲ့သို့ ရဲရင့်ခဲ့ကြတဲ့ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ဦးပေါ့။ သူတို့လည်း စစ်အာဏာရှင်ရဲ့ လူမဆန်မှုကို ကြုံခဲ့ကြရတယ်လေ။ အလားတူ လက်ရှိမှာ ကြွေလွင့်ခဲ့ကြရသူတွေလည်း အများအပြားပေါ့။ အခုဆိုရင် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အသံတွေ ကြားနေရတယ်။ အဲသည်လို စစ်တပ်နဲ့ ဆွေးနွေးရေး ပြောနေရင်းကပဲ ဆလိုင်းတင်မောင်ဦးလို ကိုဂျင်မီတို့လို ကြုံနေကြရတာပါ။ ကြိုးစင်ပို့တာ မဟုတ်ဘဲ စစ်ကြောရေးမှာပဲ အစပျောက်သွားတာတွေ၊ လမ်းတွေပေါ်မှာ ကြွေလွင့်ရသူတွေကလည်း အထောင်အသောင်းပါ။ ဒါကြောင့် ဆလိုင်းတင်မောင်ဦးရဲ့ ရဲရဲတောက် ပြောစကားတွေကို ရင်မှာထား ဆက်သွားကြဖို့ လိုပါတယ်။ စစ်ဖိနပ်အောက် ဒူးမထောက်ဘူး ဆိုတဲ့ ဆလိုင်းတင်မောင်ဦး လမ်းစဉ်ကိုသာ လိုက်ကြမယ်လို့ သူ့ရဲ့ ကွယ်လွန်ခြင်း ၄၉ နှစ်မြောက်မှာ ပြောပါရစေ။ ။
တို့မြန်မာတွေ သိက္ခာမနွမ်းရအောင်
ကျောင်းသားခေါင်းဆောင်
တင်မောင်ဦးက ဦးဆောင်ပြခဲ့သည်
ညီ ညီ ညီ ညီ . . . . ချီ ချီ ချီ ချီ
ခွပ်ဒေါင်းသွေးတို့ နီရဲခဲ့ကြသည်။ ။ (ဦးသန့်သပိတ် သီချင်းမှ)