DVB Logo
Home
မြန်မာသတင်း
ရှမ်းတောင်တွင် တပ်သားသစ်စုဆောင်းနေသဖြင့် ပြည်သူ့စစ်နှင့်တော်လှန်ရေးအဖွဲ့များထံ ဝင်ရောက်သူများလာ
DVB
·
June 24, 2025
ရှမ်းတောင်တွင် တပ်သားသစ်စုဆောင်းနေသဖြင့် ပြည်သူ့စစ်နှင့်တော်လှန်ရေးအဖွဲ့များထံ ဝင်ရောက်သူများလာ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီတပ်က တပ်သားသစ်စုဆောင်းနေတဲ့အတွက် ဒေသခံ အမျိုးသားတွေအနေနဲ့ ပြည်သူ့စစ်ထဲဝင်ရောက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဆီ ဝင်ရောက်သူတွေ  ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဟိုပုံး၊ ပင်လုံ၊ မိုင်းပွန်၊ လွိုင်လင်၊ မိုင်းရှူး၊ မိုင်းကိုင်၊ လယ်ချား စတဲ့ ရှမ်းပြည်တောင်ပိုင်းက မြို့နယ်တွေမှာ ဇွန်လ အစောပိုင်းကစလို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြား အရွယ်ရောက်ပြီးသား အမျိုးသားတွေကို စစ်ကောင်စီက အလှည့်ကျတန်းစီစနစ်နဲ့ မဖြစ်မနေ စစ်မှုထမ်းခိုင်းနေတာပါ။

အရင်က မြို့ပေါ်ရပ်ကွက်တွေမှာ လူစားထိုးငှားရမ်းပုံစံနဲ့ စစ်မှုထမ်းရှောင်လွဲလို့ ရခဲ့ပေမဲ့ လက်ရှိမှာတော့ လက်နက်ကိုင် ထိန်းချုပ်နယ်မြေကလွဲလို့ အသက်ပြည့်ပြီးသူတိုင်း မဲနှိုက်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီဆီမှာ စစ်မှုမထမ်းလိုတဲ့ လူငယ်တွေကို တိုင်းရင်းသားမျိုးနွယ်စုအလိုက် လုပ်ပိုင်ခွင့်ရရှိတဲ့ ပြည်သူ့စစ်တွေဆီမှာ မိဘတွေက စစ်မှုထမ်းခိုင်းတာတွေရှိတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသခံတယောက်က “ရွေးချယ်စရာက မိဘတွေအနေနဲ့ တပိုင်း လူငယ်တွေအနေနဲ့က တပိုင်းဖြစ်သွားပြီ။ ဒီက မိဘအတော်များများက နီးစပ်ရာ ပြည်သူ့စစ်တွေထဲ ထည့်ပစ်တာများတယ်။ ကျပ်တည်းတဲ့ ကာလလည်းဖြစ်၊ သားသမီးလည်း ကိုယ့်မျက်စိအောက်မှာ ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပြည်သူ့စစ်ထဲ ဝင်တာများတယ်။ မိဘဆန္ဒ မလွန်ဆန်တာရော အမြင်ရော မရှိတဲ့ လူငယ်အတော်များများကတော့ ကိုယ်လွတ်ရုန်းပြီး ယာယီပြဿနာကို ဖြေရှင်းပစ်တာများတယ်။ ဥပမာ ပအိုဝ်းလူမျိုးဆိုရင် PNO/ PNA ထဲဝင်တာများတယ်။ ရှမ်းတွေကျတော့ မိခင်လက်နက်ကိုင် အဖွဲ့အစည်းတွေထဲဝင်တယ်၊ အများအားဖြင့်တော့ ရှာစားရလွယ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဆီ ဝင်တာများတယ်” လို့ ပြောပါတယ်။

ပြည်သူ့စစ်ဟာလည်း စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံတပ်တခုဖြစ်ပြီး စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော် ကျင့်သုံးပြီး နောက်ပိုင်း ရောက်ရှိလာတဲ့လူငယ်တွေကြောင့် ပိုမိုအင်အားကြီးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်မှုမထမ်းလိုသူ၊ ပြည်သူ့စစ်မထဲ မဝင်လိုတဲ့ လူငယ်တွေကတော့  စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဆီ ဝင်ရောက်ကြတာတွေရှိပါတယ်။

ကျောင်းဆရာဘဝကနေ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထဲ ဝင်ရောက်ခဲ့တဲ့ အဆမ်က “ဆိုင်ရာ ဆိုင်ရာ လူမျိုးစု လက်နက်ကိုင်ထဲမဝင်ရင်တောင်ဗျာ၊ စစ်တပ်က တပ်သားသစ် စုဆောင်းတာတွေရှိတယ်။ အဲ့ထဲရောက်သွားရင်တော့ ကိုယ်ပါရောယောင်ပြီးတော့ သမိုင်းတရားခံ ဖြစ်သွားနိုင်တယ်ပေါ့နော်။ အဲ့ဒါကြောင့်မလို့ အဆိုးထဲက အကောင်းလို့ပြောရမှာပေါ့။ ကိုယ့်လူမျိုးစု ကိုယ်စားပြုတဲ့ စစ်သားလုပ်တာ ပိုအဆင်ပြေတယ်ပေါ့။ အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့။ ဘာလို့ဆိုတော့ ဖြစ်ချင်တာ ဖြစ်နေရတာမှ မဟုတ်ဘဲ။ ပုံစံခွက်အတိုင်းနေရတာပေါ့၊ စစ်တပ်ထဲဆိုတော့၊ လူတိုင်းကြုံပါတယ်၊ ဘယ်လက်နက်ကိုင်မဆိုပေါ့” လို့ ပြောပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်ကောင်စီက စစ်မှုထမ်းခိုင်းတာအပြင်၊ ပြည်သူ့စစ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကပါ တပ်သားသစ် စုဆောင်းတာတွေ ခံနေရတဲ့အတွက် နောက်ပိုင်းမှာ ယောကျ်ားလေးဦးရေ နည်းပါးပြီး လူငယ်တွေ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ရှမ်းနိုင်ငံရေးလေ့လာသူတယောက်က ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံက လူငယ်ကို မျိုးတုံးအောင် လုပ်နေသလားလို့တောင် ပြောလို့ရပြီလေ။ စစ်ရေး ပဋိပက္ခတွေကြောင့် တိုက်ပွဲတွေကြောင့်၊ လူမျိုးတိုင်းလိုလို၊ ဘာသာတိုင်းလိုလို အလွှာတိုင်းလိုလို အသက် ၄၅ နှစ်အောက်တွေ ၅၀ အောက်တွေ၊ အရှင်းဆုံးပြောမယ်ဗျာ လက်နက်ကိုင်ပေါင်းစုံကောက်တယ်၊ ပြည်သူ့စစ်တွေလည်းကောက်တယ်၊ တပ်မတော် တခုတည်း မဟုတ်ဘူး၊ ဒီစစ်ပွဲကြီး မပြီးမချင်းကတော့ ဒီဒဏ်ကို ပြည်သူတွေက ခါးစည်းခံနေရမှာပဲ။ နောက်ဆုံး ဘာဖြစ်သွားမလဲဆိုတော့ ယောကျ်ားလေး လူဦးရေတွေနည်းသွားမယ်၊ လူငယ်တွေဆို လုံခြုံမှုမရှိဘူး အဲ့လိုမျိုးတွေဖြစ်သွားမှာပေါ့လေ။”

စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေတာ အခုဇွန်လမှာ အပတ်စဉ် ၁၄ အထိ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013