DVB Logo
Home
မြန်မာသတင်း
လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်သူများကို အရှိန်မြှင့်အရေးယူမည်ဟု ဗဟိုဘဏ် ခြိမ်းခြောက်
DVB
·
June 13, 2025
လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်သူများကို အရှိန်မြှင့်အရေးယူမည်ဟု ဗဟိုဘဏ် ခြိမ်းခြောက်
Donate to DVB

လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းဝယ်၊ လဲလှယ်သူတွေ၊ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးဆောင်ရွက်နိုင်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇွန် ၁၂ ရက်မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Facebook Page တွေ၊ Facebook Group တွေ၊ Viber Group တွေနဲ့ Application တွေ USDT အပါအဝင် နိုင်ငံခြားငွေတွေ ဈေးနှုန်းတွေတင်နေတာ၊ အရောင်းအဝယ်လုပ်နေတာတွေဟာ နိုင်ငံခြားငွေဈေးနှုန်းတွေ မတည်ငြိမ်အောင် လုပ်နေတာဖြစ်တယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က စွပ်စွဲလိုက်ပြီး သူတို့အနေနဲ့ စောင့်ကြည့်ကာ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ဘဏ်အကောင့်တွေ၊ ဖုန်းကတ်တွေကို ပိတ်သိမ်းတာ၊ တရားစွဲတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း တဒေါ်လာ ၄,၃၀၀-၄,၄၀၀ ကျပ် ဝန်းကျင်မှာ ငြိမ်နေတဲ့ ဒေါ်လာဈေးဟာ ဇွန် ၁၁ ရက်က အနည်းငယ် တက်ရိပ်ပြပြီး ဇွန် ၁၂ ရက်နေ့မှာ တဒေါ်လာ ၄,၄၆၀-၄,၅၆၀ ကျပ်အထိ တက်လာခဲ့ပြီး ဒီနေ့ ဇွန် ၁၃ ရက် နေ့ပိုင်းမှာတော့ ၄,၄၈၀-၄,၅၈၀ ကျပ်အထိ မြင့်တက်လာနေပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကတော့ ဒေါ်လာဈေးကို ထိန်းချုပ်ဖို့ ပို့ကုန်လုပ်ငန်းရှင်တွေ၊ ပြည်ပရောက် အလုပ်သမားတွေဆီက ရထားတဲ့ ဒေါ်လာတွေကို သွင်းကုန်လုပ်ငန်းရှင်တွေဆီ တဒေါ်လာ ၃,၆၀၀ ကျပ်ဝန်းကျင်နဲ့ ‌ဒေါ်လာသန်းချီ မကြာခဏ ထုတ်ရောင်းနေပါတယ်။

ပြီးခဲ့တဲ့နှစ်က တ‌‌ဒေါ်လာ ကျပ် ၇,၀၀၀ ဝန်းကျင်အထိ မြင့်တက်ပြီးတဲ့နောက်မှာ စစ်ကောင်စီက ဒေါ်လာ ဝယ်ရောင်းလုပ်ငန်းတွေကို လိုက်လံဖမ်းဆီး နှိမ်နင်းတာ၊ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ‌ဒေါ်လာ သန်းရာပေါင်းများစွာ ထုတ်ရောင်းတာတွေ လုပ်ခဲ့ပါတယ်။

အဲဒီလို လုပ်ခဲ့တဲ့နောက်မှာတော့ ဒေါ်လာဈေး ပြန်လည်ကျဆင်းပြီး တဒေါ်လာ ၄,၄၀၀ ကျပ် ဝန်းကျင်မှာပဲ ကာလအတန်ကြာ ငြိမ်နေခဲ့ပါတယ်။

စီးပွားရေးပညာရှင်တယောက်က “ဒီလို ကျပ်နဲ့ဒေါ်လာ ငွေလဲနှုန်း ငြိမ်နေတာဟာ ငွေကြေးမူဝါဒတွေ ကောင်းမွန်လို့ မဟုတ်ဘဲ အတင်းလုပ်ယူထားလို့ ငြိမ်နေတာ။ ခိုင်မာကောင်းမွန်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ၊ ခိုင်မာတဲ့ မူဝါဒတွေ မရှိရင် ငွေလဲနှုန်း အမှန်တကယ်တည်ငြိမ်ဖို့က ခက်ပါတယ်” လို့ ထောက်ပြထားပါတယ်။

အခုလို ငွေလဲနှုန်း တည်ငြိမ်တာဟာ သွင်းကုန်တွေ တင်သွင်းခွင့် တင်းကျပ်ပိတ်ပင်ထားပြီး စိုက်ပျိုးရေးထွက်ကုန်တွေ ပိုမိုတင်ပို့လို့ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ရှိခဲ့တာကြောင့်လည်း တစိတ်တပိုင်းပါတယ်လို့ ကမ္ဘာ့ဘဏ်က ဇွန် ၁၂ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေတာ၊ ပို့ကုန်သွင်းကုန် ငွေပေးချေရာမှာ ဒေါ်လာအစား ထိုင်းဘတ်ငွေနဲ့ တရုတ်ယွမ်ငွေတွေကို ပိုမိုသုံးစွဲစေတာ၊ သွင်းကုန်လိုင်စင် လျှောက်ရာမှာ ပို့ကုန်ရငွေ အထောက်အထားပြနိုင်မှ လိုင်စင်ထုတ်ပေးလို့ နိုင်ငံခြားငွေ လိုအပ်ချက် လျော့ကျတာတွေကြောင့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း အမေရိကန်ဒေါ်လာ ၆၂၉ သန်း ထုတ်ရောင်းခဲ့ပြီး အဲဒီရောင်းချတဲ့ ပမာဏဟာ ဗဟိုဘဏ် တည်ထောင်ထားတဲ့ Online Trading ပလက်ဖောင်းမှာ ရောင်းချတဲ့ စုစုပေါင်း ပမာဏရဲ့ ၂၁ ရာခိုင်နှုန်း ရှိပါတယ်။

တဖက်မှာလည်း စစ်ကောင်စီဟာ နိုင်ငံခြားငွေ တရားမဝင်ရောင်းဝယ်လို့ဆိုပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ လူပုဂ္ဂိုလ် စုစုပေါင်း ၂၆ ယောက်ကို အရေးယူထားပါတယ်။

ဒ့ါအပြင် အခုရက်ပိုင်းအတွင်းမှာလည်း ရွှေလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ခေါ်ယူမေးမြန်းတာတွေ လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ပြည်တွင်းရွှေဈေးဟာ ၂၀၂၅ ခုနှစ် မေလလယ်လောက်ကစပြီး တဖြည်းဖြည်း မြင့်တက်နေကာ ဒီကနေ့ ဇွန် ၁၃ ရက်မှာ ၁၆ ပဲရည် တကျပ်သားဟာ ကျပ် ၇,၉၆၀,၀၀၀ အထိ ဈေးမြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013