Home
ဆောင်းပါး
ရိုးမတောင်ပေါ်က ရဲဘက်စခန်း
DVB
·
June 10, 2025
Design: DVB

သူ့ကို ရွာမှာ ဖောင်ခီ လို့ ခေါ်ကြတယ်။ ကရင်လိုခေါ်တဲ့နာမည်ပါ။ ဧရာဝတီတိုင်းက ကရင်တွေ ခေါ်တဲ့နာမည်လို့ ပြောလို့ရပါတယ်။ နာမည်ကို တိုက်ရိုက်ဘာသာပြန်ရရင် ဖောင်ဆိုတာ ပန်း၊ ခီဆိုတာ လှတာ။ ပန်းလှပေါ့။ ဒေါ်ပန်းလှလို့ပဲ ခေါ်လိုက်မယ်။ ရွာမှာတော့ ဒေါ်ဖောင်ခီပေါ့။

ဒေါ်ပန်းလှက ကုန်စိမ်းရောင်းသူပါ။ ကုန်စိမ်းရောင်းသူ ဆိုတာ မြို့ကြီးပြကြီးတွေမှာလို ဆိုင်ခန်းနဲ့ ဆိုင်းခင်းပြီး ထိုင်ရောင်းတာတော့ မဟုတ်ဘူး။ ကုန်စိမ်းတောင်းကို ခေါင်းပေါ်ရွက်ပြီး ရွာစဉ်လှည့် ရောင်းချတဲ့သူပါ။ ခေါင်းရွက်သည်ပေါ့။

မနက်မိုးမလင်းခင် အိမ်ကထွက်ပြီး ကိုယ်ဈေးရောင်းမယ့်ရွာကို အရောက်သွားရတာ။ ကုန်စိမ်းတွေ ရောင်းချမယ့်ရွာကို ရောက်တာနဲ့ ပါလာတဲ့ ကုန်စိမ်းအမယ်တွေကို အသံကျယ်ကျယ်ရွတ်ပြပြီး ရောင်းပါတော့တယ်။ ဈေးသွားရောင်းနေကြရွာတွေက ဒေါ်ပန်းလှကို သိနေကြတယ်။ တချို့ရက်တွေမှာ ဈေးရောင်းနားပြီး နောက်တရက်မှ ဈေးရောင်းထွက်တဲ့အခါ ဝယ်နေကျဖောက်သည်တွေက သူ့ကို မျှော်နေတတ်ပါတယ်။

“မနေ့က ဘာလို့ ဈေးရောင်းမထွက်တာလဲ။ ဒီဘက်ရွာမရောက်ခင် ရောင်းကောင်းလို့ ကုန်စိမ်း‌‌တွေ ကုန်သွားလို့ မရောက်တာလား။ နေမကောင်းလို့လား” ဆိုတာမျိုး ဝယ်ယူနေကျ ဖောက်သည်တွေက မေးးတတ်ကြပါတယ်။

ကုန်စိမ်းရောင်းတဲ့အလုပ်ကို ဒေါ်ပန်းလှ ဘယ်အရွယ်ကတည်းက စရောင်းခဲ့သလဲဆိုတာ မမှတ်မိတော့ပါဘူး။ သေချာတာတော့ နှစ်ပေါင်းများစွာ ကုန်စိမ်းရောင်းတဲ့ အတွေ့အကြုံ သူ့မှာရှိတယ်။

နေပူပူ၊ မိုးရွာရွာ ကုန်စိမ်းရောင်းတဲ့အလုပ်ကို မပျက်ကွက်ခဲ့ဘူး။ ဒီအလုပ်က သူ့မိသားစု စားဝတ်နေရေးနဲ့ မျက်စိနှစ်လုံး စကွယ်နေတဲ့ သူ့အဖေရဲ့ ကျန်းမာရေးစောင့်ရှောက်‌မှုတွေကို ပေး‌နေတာပါ။

ဒေါ်ပန်းလှ ဈေးရောင်းထွက်တဲ့အခါ မိုးမလင်းသေးတဲ့အချိန်တွေ များပါတယ်။ တခါတခါ ရေနံဆီမီးခွက်ကလေးနဲ့ မီးအုပ်ကို ကိုင်လာတတ်သလို တခါတခါ ဖယောင်းတိုင်မီးအုပ်ကလေးရဲ့ အလင်းရောင်ကို အားပြုပြီး ဈေးရောင်းထွက်လေ့ ရှိပါတယ်။ ဒါကလည်း တခါတရံမှပါ။ အမြဲတမ်းတော့ မဟုတ်ဘူး။ ပုံမှန်သွားလာနေကြလမ်းမှာ ဘာမီးအလင်းရောင်မှမရှိဘဲ ဈေးရောင်းထွက်လေ့ရှိတာပါ။

သူဈေးရောင်းထွက်တဲ့ လမ်းတွေက လယ်ကန်သင်းရိုးတွေပေါ်က လျှောက်သွားရတာပါ။‌ ဒီလမ်းတွေက သူအလွတ်ရနေတဲ့ လမ်းတွေလို့တောင် ပြောလို့ရပါတယ်။ နှစ်ပေါင်းဆယ်နဲ့ချီပြီး လျှောက်လာတဲ့လမ်းတွေ ဖြစ်တဲ့အတွက် ဘာအလင်းရောင်မှမပါဘဲ အမှောင်ထဲမှာ ဈေးတောင်း ခေါင်းပေါ်ရွက်ပြီး သွားတတ်တယ်။ အခုလို ဈေးရောင်းထွက်တာ သူ့အတွက်တော့ အဆန်းမဟုတ်တော့ပါဘူး။

သူဈေးရောင်းထွက်တဲ့လမ်းမှာ လယ်ထဲ အလုပ်စောစောဆင်းတဲ့သူတွေက သူ့ကို စနောက်တတ်ကြတယ်။ “ဒေါ်ပန်းလှတို့ စောလိုက်တာဗျာ၊” “နင်တို့လည်း မိုးမလင်းသေးဘူး မဟုတ်လား” ဒီလို တယောက်တခွန်းပြောပြီး ရယ်သံတချို့ထွက်လာတယ်။ ငြိမ်သက်နေတဲ့ မနက်ခင်းတခုကို အဲ့လိုရယ်သံတွေနဲ့ အစဖွင့်တဲ့နေ့မျိုးလည်း ရှိတယ်။

တနေ့မှာ ကံကြမ္မာက ဒေါ်ပန်းလှကို ထိုးနှက်ဖို့ ရောက်လာတယ်။ သူ့အမျိုးသားက အမှုတခုနဲ့ ရင်ဆိုင်ရတယ်။ အမှုရင်ဆိုင်ရတဲ့ အချိန်တွေမှာတော့ ဒေါ်ပန်းလှတယောက် ဘယ်လိုမှ မခံစားရတဲ့ ပုံမျိုးနဲ့ပါ။ ဈေးရောင်းလည်း မပျက်ခဲ့ပါဘူး။ သူ့အကြောင်းနဲ့သူ သွားပါစေ ဆိုပြီးတော့တောင် ပြောပါသေးတယ်။ ရင်ဆိုင်ရတဲ့အမှုက အမှုကြီးတခု ဖြစ်ပုံရတယ်။

သူ့အမျိုးသားကို ထောင်ဒဏ်အပြစ်ပေးလိုက်ပြီ ဆိုတာကို ဒေါ်ပန်းလှဆီ သတင်းရောက်တယ်။ ဘာအမှုဆိုတာလဲ သူမသိ။ ဘာကြောင့် အခုလိုဖြစ်တာလဲ သူမသိ။ သူ့အမျိုးသားရဲ့သတင်းကိုလည်း တခုတ်တရ မစုံစမ်းပါဘဲ ပုံမှန်တော့ သူ့ဆီ သတင်းရောက်တယ်။ သူ့မိသားစုကို အခုလို ကံကြမ္မာမျိုး ဝင်လာတော့ ဒေါပန်းလှတို့ သားအမိနှစ်ယောက်သား ဘဝကို ရုန်းကန်ကြရတာပေါ့။ အခြေအနေက ပိုပြီး အဆိုးဘက်ကို ဦးတည်လာတယ်။ ထောင်ကျနေတဲ့ သူ့အမျိုးသား ရဲဘက်စခန်းကို ရောက်သွားပြီဆိုတဲ့အကြောင်း သတင်းရောက်လာတယ်။

ဒီတခါမှာတော့ ဒေါ်ပန်းလှတယောက် သူ့ယောက်ျားကို ထောင်ဝင်စာတွေ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တယ်။ သားဖြစ်သူအတွက် အခုလို အရဲစွန့်ဖို့ ရွေးချယ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ရဲဘက်စခန်းကို ပို့လိုက်တယ်ဆိုတဲ့ သတင်းသာ ရတာပါ။ ဘယ်နေရာ ဘယ်ဒေသက ရဲဘက်စခန်းဆိုတာလဲ သူ့ဆီကို သတင်းရောက်မလာဘူး။

တဆင့်ချင်း သတင်းစုံစမ်းဖို့ ခရီးကို စတင်ပါတော့တယ်။ ပထမဆုံး စပြီးစုံစမ်းဖို့ အရောက်သွားရတဲ့နေရာက မအူပင်ထောင်ကိုပါ။ ဒီထောင်ကနေပဲ ရဲဘက်စခန်းကို ပို့တာဖြစ်လို့ပါ။ သူပထမဆုံး သတင်းစုံစမ်းတဲ့ နေရာမှာပဲ သူလိုချင်တဲ့ သတင်းအချက်အလက်ကို ရလိုက်ပါတယ်။ ရခိုင်ရိုးမတောင်ပေါ်က ရဲဘက်စခန်း။ ရဲဘက်စခန်း အမှတ်ဘယ်လောက်မှာရှိတဲ့ အကြောင်းကို သိလာရပါတယ်။ ခရီးဝေးဝေးမသွားဘူးတဲ့ သူ့အဖို့တော့ အဲဒီရဲဘက်စခန်း ဘယ်နေရာမှာရှိတယ် ဆိုတာကို သူမသိပါဘူး။ နေရာဒေသနဲ့ လမ်းခရီးအခြေအနေကို စုံစမ်းရဖို့ ဖြစ်လာပါတယ်။

တဆင့်စကား တဆင့်နားနဲ့ စပြီးစုံစမ်းတယ်။ သွားရမယ့် ခရီးအကွာအဝေး၊ စီးရမယ့်ကား၊ ဆင်းရမယ့်နေရာ၊ လမ်းလျှောက်သွားရမယ့် တောလမ်းခရီးပါအစ အသေးစိတ် တွက်ချက်သွားရမှာ ဖြစ်ပါတယ်။ ရခိုင်ရိုးမတောင်တန်းတွေဆိုတာ သူတကြိမ်တခါမှ မြင်ဖူးတွေ့ဖူးတာ မဟုတ်သလို ကြားတောင်မကြားဘူးတဲ့ နေရာပါ။

အခြေအနေတွေက သူ့ကို ဒီလမ်းခရီးကို တယောက်တည်းသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီခရီးက အမျိုးသမီးတယောက်အတွက်တော့ အတော်ကလေး စွန့်စားသွားရမှာဖြစ်ပေမဲ့ ဒေါ်ပန်းလှ အဖို့တော့ အသက်ပဲရင်းရရင်းရ သွားဖို့ကိုသာ ဆုံးဖြတ်လိုက်တယ်။

ဒီလမ်းဒီခရီးကို ဘယ်လိုသွားရမလဲ သူလိုက်မေးမိတဲ့သူတွေတိုင်းက သူ့ကို တယောက်တည်း မသွားဖို့ ဟန့်တားကြတယ်။ လမ်းခရီး ပိုင်နိုင်ကျွမ်းကျင်သူမရှိဘဲ မသွားသင့်တဲ့နေရာဖြစ်လို့လည်း အခုလို တားမြစ်ကြတာပါ။

ကားစီးသွားလို့ရတဲ့နေရာဆို လွယ်လင့်တကူ သွားလို့ရတယ် ဆိုပေမဲ့ အခုက ကားတဆင့်၊ ဆိုင်ကယ်တဆင့် စီးရမယ်။ ဒီအဆင့်နဲ့တင် မရောက်သေးပါဘူး။ နောက်ထပ် ကားလမ်းမပေါက်၊ ဆိုင်ကယ်လမ်းမပေါက်တဲ့နေရာကို ၁၀ မိုင်ကျော် လမ်းလျှောက်သွားရမှာ ဖြစ်ပါတယ်။

၁၀ မိုင်ကျော် လမ်းလျှောက်သွားရမယ့်နေရာက လူသူအရောက်အပေါက်နည်းတဲ့ နေရာပါ။ လူသူအရောက်အပေါက်မရှိတဲ့၊ ဝေးလံခေါင်ဖျားတဲ့ နေရာမို့လည်း ပြစ်မှု ပြစ်ဒဏ် ကြီးတဲ့သူတွေကို ပို့ထားတာမျိုးပါ။

ဒေါ်ပန်းလှကတော့ သူ့ယောက်ျား ရဲဘက်အပို့ခံရတယ်။ ရဲဘက်အပို့ခံရတဲ့ ယောက်ျားကို တနည်းမဟုတ်တနည်း အဆက်အသွယ်ရဖို့ ယတိပြတ် ဆုံးဖြတ်ထားသူ တယောက်ပါ။ ဒီလိုဆုံးဖြတ်ထားလို့လည်း ခရီးမိုင်တွေ ဘယ်လောက်ဝေးဝေး အရောက်သွားမှာ ဖြစ်ပါတယ်။

လမ်းခရီးအခြေအနေကို သတင်းစကားပါးကြတဲ့သူတွေက ၁၀ မိုင်ကျော် လမ်းလျှောက်သွားရမယ့် ခရီးမှာ တောဆင်ရိုင်းအန္တရာယ်ကို သတိပြုရမယ့်အကြောင်း ပြောပြကြတယ်။ ဘယ်လိုပဲပြောပြော ဒီလမ်းဒီခရီးကို အရောက်သွားဖို့ကိုသာ စိတ်စောနေပါတော့တယ်။

“မပန်းလှ ဈေးရောင်းမထွက်တာ ကြာပြီနော်” လို့ ဝယ်သူဖောက်သည်တွေက မေးလာပါတယ်။ တကယ်လည်း ဈေးရောင်းမထွက်တာ ကြာသွားတယ်။ ဘာကြောင့် ဈေးရောင်းမထွက်တာလဲ ဆိုတာကိုတော့ ဘယ်သူကမှ မသိကြဘူးပေါ့။ ဘယ်နှစ်ရက် ဈေးမထွက်ဘဲ နားဦးမယ်လို့ ကြိုပြောမသွားခဲ့တာလည်း ပါတယ်။ အခုတခါ ရက်ရှည်ရှည် ပျောက်သွားတာက ဒေါ်ပန်းလှတယောက် စွန့်စားခန်းခရီးတခုကို သွားနေလို့ပါ။

“ကျမဘဝရဲ့ စွန့်စွန့်စားစား ခရီးရှည်တခုကို သွားခဲ့တာလေ” လို့ ဈေးတောင်း ခေါင်းပေါ်ကချချခြင်း သူသွားခဲ့တဲ့ ခရီးစဉ်အ‌ကြောင်း အစချီပြီး ပြောပါတော့တယ်။

“ဒီလမ်းခရီးက ကလေးမျက်နှာကြောင့် သွားခဲ့တာ။ သူ့အဖေ ဒီလိုနေရာမှာ အသက်ရှိနေသေးတယ်ဆိုတာ သိရရင် ရပြီ။”

သူ ဒီခရီးကို ဘာကြောင့်သွားခဲ့ရလဲ ဆိုတာကို ပြောပြပါတယ်။ ဈေးဝယ်သူကတော့ ထူးဆန်းထွေလာတခုကို နားထောင်ရတော့မယ့်ဟန်နဲ့ စိတ်ဝင်တစား နားစွင့်နေပါတယ်။

“၁၀ မိုင်ကျော် လျှောက်ရတဲ့ခရီးက အတော်‌လေးဝေးတယ်။ ကျမအတွက်တော့ လမ်းလျှောက်ရတာ နှစ်ပေါင်းများစွာ အလေ့အကျင့်ဖြစ်နေပြီဆို‌တော့ လွယ်လွယ်ကူကူ လျှောက်နိုင်မယ်လို့ ထင်ထားတာ။ တောင်တက်တောင်ဆင်း လမ်းတွေက ခရီးမတွင်လှပါဘူး။”

ဒေါ်ပန်းလှတယောက် မြေပြန့်မှာ ဆယ်မိုင်ထက်မက ဝေးတဲ့နေရာတွေကို အိမ်ကနေ အသွားအပြန်လုပ်ပြီး ဈေးရောင်းထွက်တဲ့ ခေါင်းရွက်သည်တဦးပါ။ ဒီလိုခရီးပမာဏကို အမယ်စုံ၊ အမျိုးအစားစုံတဲ့ ဟင်းသီးဟင်းရွက်တွေကို တောင်းနဲ့ထည့် ခေါင်းပေါ်ရွက်ပြီး နေ့စဉ်လိုလို လမ်းလျှောက် ဈေးရောင်းထွက်တဲ့ အလေ့အကျင့်က သူ့မှာရှိပြီးသားပါ။

မြေပြန့်မဟုတ်တဲ့ တောင်တက်တောင်ဆင်းလမ်းမှာတော့ ကိုယ်လွတ်လက်လွတ် လျှောက်ရတယ် ဆိုပေမဲ့ သူ့စိတ်ကြိုက် ခရီးမတွင်လှပါဘူး။

“မုဆိုးတယောက်က ကျမကို စာရွက်ပေါ် မြေပုံဆွဲပြီး လမ်းညွှန်လိုက်တယ်။ သူလမ်းညွှန်တာက လမ်းကြောင်းနှစ်ခု။ ပထမလမ်းကြောင်းက တောဆင်ရိုင်းတွေ မကြာခဏ အန္တရာယ်ပေးတတ်တဲ့ နေရာတွေရှိတယ်။ ဒုတိယလမ်းကြောင်းက တောဆင်ရိုင်းတွေထက် ယဉ်ပါးအောင်လုပ်ထားတဲ့ ဆင်တွေ ရှိနေတယ်။”

ဒေါ်ပန်းလှအဖို့တော့ ဆင်ရိုင်းလား၊ ဆင်ယဉ်လားဆိုတာ ခွဲခြားတတ်မှာ မဟုတ်ပါဘူး။ သူက သူ့ကို အန္တရာယ်ပေးမယ့် တောဆင်ရိုင်းတွေရှိတဲ့လမ်းကို မရွေးဘဲ ဒုတိယလမ်းကို ရွေးလိုက်တယ်။ ရွေးထားတဲ့လမ်းအတိုင်း လျှောက်နေရင်း တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို ရေရွတ်တိုင်တည်တယ်။ လမ်းခရီး ဖြောင့်ဖြူးဖို့အတွက်‌ပေါ့။

“ကျမ လျှောက်နေရင်းနဲ့ ဆင်သွားတဲ့ခြေရာတခုကို တွေ့တယ်။ ဆက်လျှောက်ကြည့်တော့ ဆင်ချေးပုံတခု တွေ့တယ်။ ဘာလုပ်ရမှန်းမသိဘူး။ ကြောက်ကြောက်နဲ့ ဆင်ချေးပုံကို ထိုင်ရှိခိုးလိုက်ရော။”

သူတွေ့လိုက်တဲ့ ဆင်ချေးက ဆင်အရိုင်း‌တကောင်ရဲ့ချေးလား၊ လူတွေက ယဉ်ပါးအောင် လုပ်ထားတဲ့ ဆင်တကောင်ရဲ့ ချေးလားဆိုတာ သူ မခွဲခြားတတ်ပါဘူး။ မုဆိုးမှာလိုက်တဲ့ စကားထဲမှာ ဆင်ကို ဆင်လို့ မခေါ်ရဘူး။ အဘိုးလို့ ခေါ်ရတယ်ဆိုတဲ့ စကားကို စွဲမြဲနေအောင် မှတ်လာခဲ့တာ။ ဆင်ချေးပုံကိုတွေ့တော့ အဘိုးကိုတိုင်တည်ပြီး ရှိခိုးဦးချ ကန်တော့လိုက်ပါတော့တယ်။

“မုဆိုးပြောတဲ့အတိုင်း ခေါ်လိုက်လို့နေမယ်။ ဆင်ကို အဘိုးလို့ တိုင်တည်ပြီး ဆင်ချေးပုံကို ထိုင်ကန်တော့လိုက်တဲ့နောက်ပိုင်း ဆင်ခြေရာလည်း မတွေ့တော့ဘူး။ ဆင်ချေးပုံလည်း မတွေ့တော့ဘူး။”

“ဟိုရောက်တော့ ယောက်ျားဖြစ်သူနဲ့ တွေ့ခဲ့ရလား”

"ဟိုရောက်တော့ ဂိတ်မှာ ကျမကို စောင့်ခိုင်းတယ်။ အထဲပေးမဝင်ဘူး။ နောက်တော့ ကျမယောက်ျား ခြေထောက်မှာ သံကြိုးခတ်ထားတာကို စတွေ့လိုက်ရတယ်။ သူ့ကို ပါသွားတာလေးတွေပေးပြီး ပြန်လာခဲ့တယ်။”

ဒေါ်ပန်းလှတယောက် သူသွားခဲ့တဲ့ ခရီးစဉ်အကြောင်း တယောက်ယောက်က စကားစပြီး မေးလိုက်ရင် ဈေးရောင်းဖို့မေ့သွားပြီး မေးလာသူကို အချိန်ပေး ပြောပြနေတတ်တယ်။ တခါတခါ အိမ်တအိမ်ရှေ့ ဈေးတောင်းချပြီး ထိုင်ပြောနေလိုက်တာ နေမြင့်သွားလို့ ဈေးမရောင်းရဘဲ အိမ်ကိုပြန်လာရတဲ့ ရက်တွေတောင် ရှိလာပါတယ်။ သူ့ကိုယ်သူ သတိပြန်ကပ်ပြီး ဈေးရောင်းတဲ့အလုပ်ကို အားစိုက်ထုတ်ရပါတယ်။ နောက်တခါ သူ့ယောက်ျားရှိတဲ့ ရခိုင်ရိုးမတောင်ကုန်းပေါ်က ရဲဘက်စခန်းကိုသွားဖို့ လမ်းစရိတ် စုရဦးမှာမို့ပါ။

တာပလု

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024