
“ဖူလုံတဲ့ လုပ်ခရရှိရေး” ဆိုတဲ့ တောင်းဆိုသံတွေကို မကြာခင်ရက်ပိုင်းကစလို့ ကျယ်ကျယ်လောင်လောင် ကြားလာရပါတယ်။ ရရှိတဲ့ လုပ်ခနဲ့ တကိုယ်ရေစာတောင် လုံလောက်ဖို့ မလွယ်တဲ့ အလုပ်သမားတွေအဖို့ ဆက်မတောင့်ခံနိုင်တော့တဲ့အဆုံး လုပ်ခတိုးပေးဖို့ တောင်းဆိုသံတွေ ပွင့်ကျလာကြတာ ဖြစ်ပါတယ်။
အထူးသဖြင့် စက်ရုံအလုပ်သမားတွေက လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာဖြစ်သလို စက်ရုံ တရုံကနေ တရုံဆီ တောင်းဆိုသံတွေက ကူးစက်နေပါတယ်။ အာဏာသိမ်းကာလအတွင်း လူစုလူဝေးနဲ့ ဆန္ဒပြတာကို မလိုလားတဲ့ စစ်တပ်ရဲ့ရန်၊ အန္တရာယ်ကြားကနေ အလုပ်သမားတွေက ဝမ်းရေးအတွက် အရဲစွန့်တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
ဒီလိုစွန့်စားတောင်းဆိုတာဟာ အကျိုးမယုတ်ဘူးဆိုတာ တချို့စက်ရုံတွေက အလုပ်သမားတွေရဲ့တောင်းဆိုချက်ကို လိုက်လျောလိုက်တဲ့ ဖြစ်ရပ်က သက်သေပြထူနေပါတယ်။
ရွှေပြည်သာမြို့နယ်ရှိ GTIG(2) အထည်ချုပ်စက်ရုံ လုပ်သားတယောက်က “ကျနော်တို့ မျှော်မှန်းထားသလောက်တော့မရဘူး။ နဂိုကထက်တော့ တိုးသွားတယ်။ အလုပ်သမားတွေရဲ့ ညီညွတ်မှုကြောင့်ရတာလို့ ပြောရမယ်” လို့ ပြောပါတယ်။
GTIG(2) စက်ရုံရဲ့အလုပ်သမားတွေက တရက်လုပ် ၁၃,၀၀၀ ကျပ် ရရှိဖို့အတွက် အလုပ်မလုပ်ဘဲ ဆန္ဒပြတောင်းဆိုခဲ့ကာ ၃ ရက်အကြာမှာတော့ နှစ်ဖက်ညှိနိူင်းပြီး တရက်လုပ်ခ ၁၁,၅၀၀ ကျပ်နဲ့ ပြေလည်သွားခဲ့တာပါ။
အဲဒီစက်ရုံမှာ သဘောတူညီမှုတွေ ရရှိပြီးနောက်ရက်မှာပဲ ရုံခွဲဖြစ်တဲ့ GTIG(1) စက်ရုံအလုပ်သမားတွေက လုပ်ခတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုပြန်ပါတယ်။
GTIG(1) စက်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုကတော့ ၃ နာရီပဲ ကြာမြင့်ခဲ့ပြီး တရက်လုပ်ခ ၁၁,၅၀၀ ကျပ်နှုန်းနဲ့ သဘောတူညီမှုရရှိသွားပါတယ်။
GTIG စက်ရုံရဲ့ ရုံခွဲ ၂ ခုကနေ လုပ်ခတိုးမြှင့်ပေးရေးတောင်းဆိုမှဒက အပြည့်အဝမဟုတ်တောင် အတိုင်းအတာတခုအထိ တိုးရနိုင်ခဲ့တာပါ။ ထူးခြားချက်အနေနဲ့ ရုံခွဲ ၅ ခုရှိတဲ့ GTIG က ရုံခွဲ ၂ ခုကို တိုးပေးတဲ့ နှုန်းထားနည်းတူ ကျန်ရုံခွဲတွေကိုပါ တိုးပေးလိုက်ပါတယ်။
အဲဒီစက်ရုံ ၂ ရုံရဲ့ ဖြစ်ရပ်မတိုင်ခင်မှာ နာမည်ကြီးအမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်ကို ချုပ်၊ လုပ်၊ ထုတ်ပေးနေတဲ့ လှိုင်သာယာမြို့နယ်က ချန်းရိစက်ရုံအလုပ်သမားတွေရဲ့ လုပ်ခတိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုမှုကလည်း ဟိုးလေးတကြော်ရှိခဲ့ပါတယ်။
အဲဒီစက်ရုံက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ တရက်လုပ်ခ ၁၂,၀၀၀ ကျပ်ရရှိဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တပတ်အကြာမှာ တောင်းဆိုတဲ့နှုန်းအတိုင်း ပေးဖို့ စက်ရုံဘက်က လက်ခံသွားခဲ့ပါတယ်။
လုပ်ခတိုးပေးဖို့ ၈ ရက်ကြာတောင်းဆိုခဲ့ရတဲ့ Dishang Fashion (Myanmar) အထည်ချုပ်စက်ရုံ အလုပ်သမားတွေအနေနဲ့လည်း တရက်လုပ်ခ ၁၃,၀၀၀ ကျပ်ရရှိဖို့ တောင်းဆိုရာမှာ ထပ်ဆောင်းထောက်ပံ့ကြေးအပါ ၁၁,၀၀၀ ကျပ်နဲ့ ပြေလည်သွားခဲ့ပါတယ်။
အဲဒီလို လုပ်ခတိုးမြှင့်ရရှိရေးအတွက် အစောဆုံးတောင်းဆိုခဲ့တဲ့အထဲပါတဲ့ Tianjin Fashion Milestone အထည်ချုပ်စက်ရုံ အလုပ်သမားတွေအနေနဲ့ ၄ ရက်အကြာမှာ တောင်းခဲ့တဲ့ တရက်လုပ်ခ ၁၀,၀၀၀ ကျပ်နဲ့ အချိန်ပိုကြေး ၂,၂၀၀ ကျပ် ရရှိသွားခဲ့ပါတယ်။
တရက်လုပ်ခ ၁၀,၀၀၀ ကျပ်တိုးပေးဖို့ တောင်းဆိုခဲ့ကြတဲ့ True Green ကော်စေ့စက်ရုံက ဒီရက်ပိုင်း ဆန္ဒပြမှုတွေထဲ လုပ်သားအင်အား နဲ့ လုပ်ခ တိုးတောင်းတဲ့ ပမာဏအနည်းဆုံးလို့ ဆိုနိုင်ပါတယ်။
အဲဒီစက်ရုံအလုပ်သမား ၂၀၀ ကျော်ရဲ့ တရက်လုပ်ခ ၁၀,၀၀၀ ကျပ်ပေးရေးတောင်းဆိုမှုက ၄ ရက်ကြာခဲ့ပြီး ၈,၀၀၀ ကျပ်နဲ့ အဆုံးသတ်သွားခဲ့ရတာပါ။
မေလကုန်ပိုင်းမှာ သာဓုကန်စက်မူဇုန်ရှိ Bontech Manufacturing စက်ရုံလုပ်သားတွေရဲ့ တရက်လုပ်ခ ၁၃,၀၀၀ ကျပ်ရရှိရေးတောင်းဆိုမှုမှာလည်း ၃ ရက်အကြာမှာ ၁၁,၅၀၀ကျပ်နဲ့ သဘောတူညီသွားပါတယ်။
မကြာခင် ရက်ပိုင်းမှာ ပဲခူးတိုင်း၊သာယာဝတီမြို့က ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံ အလုပ်သမားတွေက တရက်လုပ်ခ ၁၂,၀၀၀ ကျပ်ပေးဖို့ တောင်းဆိုရာမှာ ၁၁,၅၀၀ကျပ်နဲ့ ပြေလည်မှုထပ်ရရှိခဲ့ပါတယ်။ ဒါက လုပ်ခတိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး ပြေလည်မှုရရှိသွားတဲ့ စက်ရုံတချို့ရဲ့ အဖြေရလဒ်ဖြစ်ပါတယ်။
အဲဒီလို ပြေလည်သွားတဲ့ စက်ရုံတွေရှိသလို ဆက်တောင်းဆိုနေဆဲနဲ့ တောင်းဆိုဖို့ စိုင်းပြင်းနေတာတွေရှိတယ်လို့ ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတွေဆီက သိရပါတယ်။
မြန်မာပြည်တွင်းစက်ရုံ အလုပ်သမားတွေဟာ မူလတရက်လုပ်ခ ၄,၈၀၀ ကျပ်၊ စစ်ကောင်စီအမိန့်အရ ပေးတဲ့ ထောက်ပံ့ကြေး ၂၀၀၀ ကျပ်နဲ့ ရပ်တည်ဖို့ တောင့်မခံနိုင်တဲ့အဆုံး လုပ်ခတိုးပေးဖို့ တောင်းဆိုတာတွေ ရှိလာတာဖြစ်ပါတယ်။
လက်တလောမှာ မတူကွဲပြားတဲ့ စက်ရုံ အလုပ်သမားတွေက တရက် လုပ်ခ ကျပ် ၁၀,၀၀၀ ကနေ ၁၃,၀၀၀ ကပ်ပေးဖို့ တောင်းဆိုခဲ့ကြတာတွေ့ရပါတယ်။
အဲဒီလို ဆန္ဒပြတောင်းဆိုတဲ့ဖြစ်ရပ်တွေအရ True Green ကော်စေ့စက်ရုံက တရက်လုပ် ၈၀၀၀ ကျပ်နဲ့ ပြီးပြတ်တာကလွဲလို့ ကျန်စက်ရုံလုပ်သားတွေအဖို့ ကျပ် ၁၀,၀၀၀ ထက်ပိုတဲ့ လုပ်ခရနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက ခွင့်ပြုပေးထားတဲ့ ထောက်ပံ့ကြေးအပါအဝင် တရက် ၆,၈၀၀ ကျပ်နှုန်းနဲ့ လုပ်ကိုင်နေရတာကို လက်မခံနိုင်တဲ့ အလုပ်သမားတွေရဲ့တောင်းဆိုမှုက အပြည့်မရတောင်မှ နဂိုအခြေအနေထက်တိုးပြီး အရွေ့တခုကို ဖြစ်လာစေခဲ့တာလို့ ဆိုနိုင်ပါတယ်။
ပြည်တွင်းအလုပ်သမားအရေးလူပ်ရှားသူတယောက်က “ဆန္ဒပြတာတွေရှိလာပြီးနောက်ပိုင်းမှ စက်ရုံတွေဘက်ကနေ တရက်လုပ်ခကို ၁၀,၀၀၀ ထက် မနည်း ပေးနိုင်တယ်ဆိုတဲ့ သဘောထားတွေ့လာရတာ။ ဒါက အလုပ်သမားတွေရဲ့ တောင်းဆိုမူကနေ ဖြစ်လာတဲ့ အရွေ့လို့လည်း ပြောနိုင်သလို နောက်ကျမှရတဲ့ ခံစားခွင့်လို့လည်းမြင်တယ်” လို့ ပြောပါတယ်။
အနည်းဆုံးအခကြေးငွေ ၄,၈၀၀ ကျပ်သတ်မှတ်ခဲ့တဲ့ ၂၀၁၈မှာ အမေရိကန် တဒေါ်လာကို ၁၃၀၀ ကျပ်နီးပါးရှိပြီး လုပ်ငန်းရှင်အများစုက အလုပ်သမားတယောက်ရဲ့ တရက်လုပ်ခကို ၃ ဒေါ်လာနှုန်းနဲ့ တွက်ချက်လက်ခံထားခဲ့တာဖြစ်လို့ အဲဒီအချိန်က ဖွဲ့စည်းခဲ့တဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှာ ပါဝင်ခဲ့သူတချို့က ဆိုပါတယ်။
မြန်မာနိုင်ငံက စက်ရုံအများစုဟာ နိုင်ငံတကာ အမှတ်တံဆိပ်တွေက အပ်တာကို တဆင့်ခံထုတ်ပေးတဲ့ လက်ခစားလုပ်ငန်း (CMP) တွေ ဖြစ်သလို အော်ဒါတောင်းခံရာမှာ အလုပ်သမားတယောက်ရဲ့ တရက်လုပ်ခကို ၃ ဒေါ်လာနှုန်းအခြေခံပြီး အဆိုပြုထားခဲ့တာလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“နာမည်ကြီးအမှတ်တံဆိပ်ချုပ်တဲ့ ရုံတွေတောင် လုပ်ခတွေ နှိမ်ထားတာ။ ဒီဘက်ကာလမှာ ပိုဆိုးတာပေါ့။"
လက်ရှိ အမေရိကန် တဒေါ်လာ ၅,၀၀၀ ကျပ်နီးပါးရှိနေချိန်မှာ ထောက်ပံ့ကြေးပါမှ တရက်လုပ်ခ ၆,၈၀၀ ကျပ်နှုန်းကို အခြေခံလုပ်ခအဖြစ်နဲ့ သတ်မှတ်ခံထားရပြီး အမှန်တကယ်ရသင့်တဲ့ လုပ်ခ ၃ ဒေါ်လာနှုန်းရဲ့ တဝက်လောက်ပဲ ရှိနေတာပါ။
အနည်းဆုံး အခကြေးငွေကို ၂ နှစ်မှာတကြိမ် ပြင်ဆင်ရမယ်ဆိုတဲ့ ဥပဒေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ မေလမှာ နှုန်းထားပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမဲ့ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းခဲ့ရတယ်ဆိုပြီး ရွှေ့ဆိုင်းခဲ့ပါတယ်။
ကိုဗစ်ကြောင့် အနည်းဆုံးလုပ်ခ တိုးခံစားခွင့်ဆုံးရူံးခဲ့ရတဲ့ အလုပ်သမားတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းဖြစ်ရပ်နဲ့အတူ သူတို့ရဲ့ မျှော်လင့်ချက်ဝေဝါးခဲ့ရပါတယ်။ အာဏာသိမ်းကာလမှာ လုပ်ခတိုးမလာဘဲ တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်စျေးနှုန်းကို လူးလှိမ့်ခံစားရတဲ့ ဒုက္ခထပ်တိုးလာစေခဲ့ပါတယ်။ ခက်ခဲကျပ်တည်းတဲ့ဒဏ်ကို မခံနိုင်တော့တဲ့ အလုပ်သမားတွေက ထိုက်သင့်တဲ့လုပ်ခရဖို့ တောင်းဆိုတဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ်။
အဲဒီလိုလုပ်ခတိုးပေးဖို့ စက်ရုံတရုံစ၊ နှစ်ရုံစ တောင်းဆိုရာကနေ မြန်မြန်ဆန်ဆန်ပဲ စက်ရုံပေါင်းများစွာဆီ ကူးစက်သွားခဲ့ပြီး လုပ်ခတိုးပေးရေး ဂယက်ကြီးထွားလာခဲ့ပါတယ်။
ဆန္ဒပြတာကို ကြောက်လန့်၊ မုန်းတီးတဲ့ စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလမှာ အလုပ်သမားတွေ ရွေးချယ်တဲ့ နည်းလမ်းက အန္တရာယ်ကြီးလွန်းပါတယ်။ ဒီလိုအန္တရာယ်ကြားကနေ မဆုတ်မနစ်တောင်းဆိုမူက အကျိုးမယုတ်စေဘူးဆိုတာကို လုပ်ခတိုးပေးဖို့ လက်ခံလိုက်တဲ့ စက်ရုံတွေရဲ့ ဖြစ်ရပ်က သက်သေခံနေပြန်ပါတယ်။
ဒါတင်မကဘဲ စက်ရုံတချို့က လုပ်သားခေါ်ရာမှာ အနည်းဆုံး တရက်လုပ်ခကို ကျပ် ၁၀,၀၀၀ ထက်မနည်းပေးမယ်ဆိုတဲ့ အသိပေးလာတာမျိုး ရှိလာသလို တချို့စက်ရုံတွေက အလုပ်သမားတွေဘက်က ဆန္ဒပြတောင်းဆိုမှာ မလိုလားလို့ အလိုက်သင့် လုပ်ခတိုးပေးတာမျိုး တွေ့လာရတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ဒါဟာ အလုပ်သမားထုရဲ့ ညီညွတ်မှုကနေ ဖြစ်တည်ပြောင်းလဲလာတဲ့ တိုးတက်မှုလို့ ဆိုနိုင်သလို တနည်းအားဖြင့် စနစ်ဆိုးအောက်က အလုပ်သမားတွေရဲ့အောင်မြင်မှု လမ်းစလည်း ဖြစ်ပါတယ်။
မင်းမခ