
‘ဝ’ တိုင်းရင်းသားအဖွဲ့ဟာ ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ထိန်းချုပ်ထားသလို မြန်မာနိုင်ငံမှာ ရှိတဲ့ တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ပေးနေတဲ့ အဓိက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။
မူးယစ်ဆေးဝါး မှောင်ခိုကူးတာနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ ‘ဝ’ တပ်ဖွဲ့ ကို အရေးယူဖို့ ထိုင်းနိုင်ငံရဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။ ဒီကိစ္စတွေကို အဓိကကြိုးကိုင်ပံ့ပိုးသူဟာ တရုတ် ဖြစ်တယ်လို့လည်း သူတို့က သုံးသပ်နေကြပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရဆီကတော့ ဘာတရားဝင်တုံ့ပြန်မှုမှ မကြားရသေးပါဘူး။
မဲဆိုင်မြို့မှာ ရေကြီးပြီးတဲ့နောက် မယ်ဆိုင်မြစ်နဲ့ နမ့်ခုတ်မြစ်ထဲမှာ အဆိပ်အတောက်တွေ ဖြစ်နေတယ်လို့ NGO တွေက သတိပေးခဲ့ကြပါတယ်။ ဒါကြောင့် ထိုင်းအစိုးရအနေနဲ့ မြန်မာအာဏာပိုင်တွေရော ‘ဝ’ တပ်ဖွဲ့တွေနဲ့ပါ တွေ့ဆုံဆွေးနွေးပြီး သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်အောင် ဖိအားပေးဖို့ NGO တွေက တိုက်တွန်းခဲ့ကြတာပါ။
လက်ရှိမှာတော့ ထိုင်းအစိုးရနဲ့ လုံခြုံရေးအေဂျင်စီတွေဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ ‘ဝ’ တပ်ဖွဲ့တွေအကြောင်း သတင်းအချက်အလက် သိပ်မရသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ‘ဝ’ ပြဿနာဟာ လုံခြုံရေးအပြင် ပြည်သူ့ကျန်းမာရေးအတွက်လည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။
Greenpeace Thailand အဖွဲ့ကလည်း ထိုင်းအစိုးရကို မြန်မာအစိုးရ၊ တရုတ်အစိုးရအပြင် ‘ဝ’ တပ်ဖွဲ့တွေနဲ့ စကားပြောဆိုပြီး သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို အပြီးတိုင်ပိတ်သိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။
တရုတ် ဘာကြောင့် ပါဝင်ပတ်သက်နေတာလဲ
ထိုင်းမှာ ‘Red Wa’ လို့ လူသိများတဲ့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ကို တရုတ်နိုင်ငံက အဓိက ထောက်ပံ့ပေးနေပါတယ်။ UWSP ဟာ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ကြီးမားတဲ့ သြဇာလွှမ်းမိုးမှု ရှိနေပါတယ်။
ကိုးကန့်ကနေ ဘာတွေ သင်ခန်းစာယူနိုင်မလဲ
လွန်ခဲ့တဲ့ ၂ နှစ်ကဖြစ်ပွားခဲ့တဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ မှာ ကိုးကန့်၊ တအာင်းနဲ့ ရခိုင် မဟာမိတ် ၃ ဖွဲ့ဟာ မြန်မာစစ်တပ်အခြေစိုက်စခန်းတွေကို အောင်မြင်စွာ တိုက်ခိုက်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ မြန်မာစစ်ကောင်စီ အတွက်တော့ အကြီးမားဆုံး ထိုးနှက်ချက်တခု ဖြစ်သွားခဲ့ရပါတယ်။
ဒါပေမဲ့ အခုနှစ်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အဆိုပါအောင်ပွဲဟာ တရုတ် သြဇာလွှမ်းမိုးမှုကြောင့် မထင်မှတ်ထားတာတွေ ဖြစ်ခဲ့ရပါတယ်။ အကျိုးဆက်အနေနဲ့ ကိုးကန့်တပ်မတော်ဟာ မဟာဗျူဟာအရ အရေးပါတဲ့ လားရှိုးမြို့ကို မြန်မာစစ်တပ်ဆီ ပြန်လွှဲပေးခဲ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အဓိကမြို့ဖြစ်တဲ့ လားရှိုးဟာ ပထဝီနိုင်ငံရေးအရ အရေးပါလှပါတယ်။ မိုးမိတ်-ရွှေလီ ကုန်သွယ်ရေးဂိတ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွက်သာမက မြန်မာနိုင်ငံ အလယ်ပိုင်းအတွက် အဓိကဝင်ပေါက်နေရာတခု ဖြစ်နေပါတယ်။ ဒါ့အပြင် ရှမ်းမြောက်ဟာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ ဒီစင်္ကြံဟာ တရုတ်ရဲ့ ‘ရပ်ဝန်းနှင့် ပိုးလမ်းမ’ စီမံကိန်း(BRI) ထဲမှာ ပါဝင်ပြီး ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ရေနံသယ်ယူပို့ဆောင်ရေးနဲ့ အနာဂတ်အမြန်ရထားစီမံကိန်းတွေလည်း ပါဝင်ပါတယ်။
‘၁၀၂၇ စစ်ဆင်ရေး’ ကာလတုန်းက ပေးအပ်ခဲ့တဲ့ တရုတ်ရဲ့ ရန်ပုံငွေနဲ့ လက်နက်ထောက်ပံ့မှုဟာ တရုတ်နိုင်ငံကို ဆိုးကျိုးသက်ရောက်စေတဲ့ ရှမ်းမြောက်က ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းဖို့သာ အဓိက ရည်ရွယ်ခဲ့တာပါ။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လူတွေဟာ တရုတ် တိုင်းရင်းသားတွေ ဖြစ်ပြီး တရုတ်စကားပြောကြပါတယ်။ ဒါ့အပြင် ယူနန်ပြည်နယ်ကနေ ကုန်ပစ္စည်း၊ လျှပ်စစ်မီး၊ ရေနံနဲ့ အင်တာနက်ဝန်ဆောင်မှုတွေ မှီခိုနေရလို့ ကိုးကန့်တပ်မတော် ခေါင်းဆောင်တွေဟာ သူတို့အလိုရှိတဲ့အတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိဘဲ အားမတန် မာန်လျှော့ခဲ့ရပါတယ်။ ဒါက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အတူတူပါပဲ။
‘ဝ’ တိုင်းရင်းသားတွေရဲ့ သမိုင်းကို ပြောရမယ်ဆိုရင် ‘ဝ’ တွေဟာ ခေါင်းဖြတ်မုဆိုးတွေကနေ စစ်သည်တော်တွေအဖြစ် ပြောင်းလဲလာခဲ့ကြတာ ဖြစ်ပါတယ်။ မော်စီတုံးရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးခံရပြီး ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ရဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်လာခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ CPB က ‘ဝ’ အဖွဲ့ဝင်တွေဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး ‘အထူးဒေသ ၂’ လို့ သိကြတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ရရှိခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာတော့ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို တည်ထောင်ခဲ့ပါတယ်။ UWSP ဟာ သူတို့ရဲ့ အုပ်ချုပ်ရေးစနစ်ကို တရုတ်ကွန်မြူနစ်ပါတီ ပုံစံအတိုင်း ပုံဖော်ထားပြီး အုပ်ချုပ်ရေးကို နှစ်ပိုင်း ခွဲထားပါတယ်။
မြောက်ပိုင်း ‘ဝ’ (အထူးဒေသ ၂)
ဒီဒေသက မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သံလွင်မြစ်အရှေ့ဘက်မှာ တည်ရှိပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ပူအာမြို့နယ်၊ မယ်လီယံ တရုတ်လူမျိုး၊ လားဟူနဲ့ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရဲ့ မျက်နှာချင်းဆိုင် ဖြစ်ပါတယ်။ ‘ဝ’ မြောက်ပိုင်းမှာ လူဦးရေ ၆၀၀,၀၀၀ ဝန်းကျင်ရှိပြီး စစ်အင်အား ၃၀,၀၀၀ ကျော် ရှိပါတယ်။ မြို့တော်ကတော့ ပန်ဆန်း(ပန်ခမ်း) ဖြစ်ပါတယ်။
တောင်ပိုင်း ‘ဝ’
ဒီဒေသဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာ သြဇာလွှမ်းမိုးမှု ရှိပြီး ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်က ဖန်၊ မယ်အိုင်၊ ဝင်းဟိုင်း၊ ချင်းဒေါင်ခရိုင်တွေအပြင် မယ်ဟောင်ဆောင် ပြည်နယ်က ပန်မာဖာခရိုင်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ယွန်မြို့ဟာ တောင်ပိုင်း ‘ဝ’ ရဲ့ မြို့တော်ဖြစ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရေး ဗဟိုဌာနလည်း ဖြစ်ပါတယ်။ ဒီဒေသကို တောင်ပိုင်း ‘ဝ’ တပ်ဖွဲ့ရဲ့ တပ်မှူးဖြစ်တဲ့ ဝေဆယ်ယင်း(ဝေဆယ်ကံရဲ့ ညီ) က ထိန်းချုပ်ထားပါတယ်။
‘ဝ’ တပ်ဖွဲ့များ တောင်ဘက်သို့ ချီတက်ခြင်း
စစ်အေးခေတ်အတွင်းတုန်းက ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ ထိုင်းစစ်တပ်ဟာ မြန်မာစစ်တပ်ကို တားဆီးဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စဝ်ယွဒ်ဆစ်ခ့်(ယွက်ဆစ်) ဦးဆောင်တဲ့ တောင်ပိုင်းရှမ်းတိုင်းရင်းသားတပ်မတော် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကို ကြားခံအဖြစ် အားကိုးခဲ့ရပါတယ်။
စစ်အေးခေတ် ပြီးတဲ့နောက်မှာတော့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဟာ UWSP နဲ့ ညှိနှိုင်းခဲ့ပါတယ်။ ပန်ဆန်းနဲ့ တရုတ်နယ်စပ်အနီးက တခြားမြို့ငယ်လေးတွေက ‘ဝ’ လူမျိုးတွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်နဲ့ ချင်းရိုင်းပြည်နယ်တွေနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ မိုင်းဆတ်နဲ့ မိုင်းတုံမြို့တွေမှာ ပြန်လည်နေရာချထားပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ‘ဝ’ လူမျိုး ၈၀,၀၀၀ ကျော်ဟာ မြောက်ပိုင်းမြန်မာကနေ တောင်ဘက်ကို ပြောင်းရွှေ့လာပြီး အခြေချနေထိုင်ခဲ့ကြပါတယ်။ ဒါဟာ စဝ်ယွဒ်ဆစ်ခ့်(ယွက်ဆစ်) ဦးဆောင်တဲ့ တောင်ပိုင်းရှမ်းတပ်မတော် (RCSS) ရဲ့ အင်အားကို အင်အားချိန်ခွင်လျှာ ညှိဖို့ ရည်ရွယ်တဲ့ မူဝါဒတခုကြောင့် ဖြစ်ပါတယ်။
တရုတ်ရဲ့ ဩဇာခံ ရှမ်းတောင်ပိုင်း တိုင်းရင်းသားတပ်မတော်များ
၂၀၂၅ ခုနှစ် ဧပြီလက ကျင်းပခဲ့တဲ့ UWSP ပါတီကွန်ဂရက်မှာ ပေါက်ယူချန်း (ဝဘာသာစကားနဲ့ Tax Log Pang လို့ လူသိများ) ကို ပါတီဥက္ကဋ္ဌနဲ့ စစ်ဘက်အကြီးအကဲအဖြစ် အတည်ပြုခဲ့ပါတယ်။ UWSP နဲ့ UWSA တို့ဟာ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို ပံ့ပိုးပေးနေပါတယ်။
အဲဒီအဖွဲ့တွေကတော့-
- အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) သို့မဟုတ် မိုင်းလားတပ်မတော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၄ (ရှမ်းပြည်နယ်အရှေ့ပိုင်းက ရှမ်းတိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်)။
- မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သို့မဟုတ် ကိုးကန့်တပ်မတော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁ (ကိုးကန့်တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်)။
- ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) (ရှမ်းမြောက်၊ ကချင်ပြည်နယ်၊ ဟဲရွာမှာ ရုံးချုပ်စိုက်ပါတယ်)။
-ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၃ (ပလောင်တိုင်းရင်းသားတွေကို ကိုယ်စားပြုပါတယ်)။
‘ဝ’ တပ်ဖွဲ့နဲ့ အဆိုပါ တိုင်းရင်းသားတပ်မတော်တွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေကို အဓိက ကာကွယ်ပေးနေတာပါ။ သူတို့ဟာ ‘ရပ်ဝန်းနှင့် ပိုးလမ်းမ’ စီမံကိန်း (BRI) ရဲ့ အရေးကြီးလမ်းကြောင်းတွေ ဖြစ်တဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ရေနံသယ်ယူပို့ဆောင်ရေး၊ ဆိပ်ကမ်းတွေနဲ့ အနာဂတ် အမြန်ရထားစီမံကိန်းတွေကို ကာကွယ်ပေးနေပါတယ်။
တရုတ်အစိုးရဟာ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးမှု ရှိနေတာဟာ မြန်မာစစ်အစိုးရအတွက်လည်း အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ ‘ဝ’ တပ်ဖွဲ့နဲ့ သူ့ရဲ့ မဟာမိတ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းမှုမရှိတာကြောင့်ပါပဲ။
ပရချာ ဘူရာပါဝီထိ
Ref: The Nation Thailand