DVB Logo
Home
မြန်မာသတင်း
ပြည်ပကို တရားမဝင်လုပ်သား စေလွှတ်နေသည့် အေဂျင်စီများကို စစ်ကောင်စီ အရေးမယူ
DVB
·
June 2, 2025
ပြည်ပကို တရားမဝင်လုပ်သား စေလွှတ်နေသည့် အေဂျင်စီများကို စစ်ကောင်စီ အရေးမယူ
Donate to DVB

မြန်မာအမျိုးသမီးအလုပ်သမားတွေကို အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ တရားမဝင် စေလွှတ်နေတဲ့ အလုပ်အကိုင်အေဂျင်စီတွေကို စစ်ကောင်စီက အရေးမယူဘဲ လျစ်လျူရှုထားတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးတဲ့ ပြဿနာကြောင့် လူငယ်အများအပြား ပြည်ပကို အလုပ်အကိုင်အတွက် ထွက်ခွာခဲ့ကြတာပါ။

ပြည်ပကို အခြေခံလုပ်သား စေလွှတ်ဖို့အတွက် အစိုးရချင်း ၂ နိုင်ငံသဘောတူစာချုပ်ထားတဲ့ နိုင်ငံတွေဆီ တရားဝင်သွားတဲ့သူတွေသာ ပြဿနာဖြစ်လာရင် ဥပဒေရဲ့အကာအကွယ် ရနိုင်မှာ ဖြစ်ပါတယ်။

ဒူဘိုင်းကနေတဆင့် အီရတ်နိုင်ငံကို အပို့ခံထားရတဲ့ ချင်းတိုင်းရင်းသူ အမျိုးသမီးငယ်တယောက်ဟာ ဇွန် ၁ ရက်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သူ့ကိုအကူအညီပေးဖို့ Live လွှင့်ပြီး တောင်းဆိုခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ အလုပ်သမားပွဲစားတွေက အဆင့်ဆင့် ပို့ဆောင်တာတွေကြောင့် အီရတ်နိုင်ငံကို ရောက်မှန်းမသိ ရောက်ခဲ့တာဖြစ်ပြီး အလားတူဖြစ်ရပ်မျိုးတွေလည်း အများကြီးရှိတယ်လို့ ဆိုပါတယ်။

အီရတ်နိုင်ငံရောက်မြန်မာအလုပ်သမား ပိစိက “ဒီရောက်လာတာတောင်မှ​ ကိုယ့်ဟာနဲ့ကိုယ် မသိသေးဘူး၊ ၁ လ ၂ လ နေပြီးမှသိတာ၊ မပြောရဲဘူး။ ဒီတခါပြောလိုက်လို့ရှိရင် အရင်တခါတုန်းကလိုမျိုး အရိုက်ခံရပြီးတော့ ဖုန်းသိမ်းမယ်ဆို ပြန်မပေးတော့ဘူးနော်။ အဲဒါကြောင့် ဒီတခါတော့ သတ္တိတွေအကုန်မွေးပြီးမှ ပြောရမှာ။ ၂၀၂၄ ကလစာ သမီးမတောင်းတော့ဘူး၊ ဘယ်လောက်ပဲပြောပြော သူတို့က ပေးပြီးပြီပဲ ပြောတယ်၊ သမီး ဒီအတိုင်းပဲ ထားလိုက်တော့တယ်။ ဒါပေမဲ့ လိုချင်တာပေ့ါ ကိုယ့်ပိုက်ဆံကို”လို့ ပြောပါတယ်။

ရန်ကုန်မြို့စက်ရုံတွေမှာ အလုပ်လုပ်ခဲ့တဲ့ လုပ်သားတွေထဲက ထက်ဝက်နီးပါးဟာ အိမ်နီးချင်းနိုင်ငံတွေဆီကို အလုပ်အကိုင်အတွက် ထွက်ခွာခဲ့ကြတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

လက်ရှိ ပြည်တွင်းပဋိပက္ခအခြေအနေမှာ အလုပ်သမား စေလွှတ်တဲ့ အေဂျင်စီတချို့ဟာ တရားဝင်လုပ်သားပို့ခွင့် မရှိတဲ့ ဒူဘိုင်း၊ အိုမန်၊ အီရတ်၊ ဆော်ဒီ စတဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီကို အလည်ဗီဇာနဲ့ လုပ်သားတွေ ပို့ဆောင်နေတာပါ။

စိုင်းယုမောင်က “ဒူဘိုင်း၊ အိုမန်၊ အီရတ်၊ ဆော်ဒီတို့ ဒီနိုင်ငံမှာရှိတဲ့သူတွေနဲ့ ချိတ်ဆက်ထားတယ်။ ဒီကလူတွေကို သူတို့က အလည်ဗီဇာနဲ့ပတ်စ်ပို့လုပ်ပြီးတော့ တသုတ်ချင်း ပို့ပေးလိုက်တယ်။ ဒီမှာပြောတုန်းကတော့ အကုန်လုံး တာဝန်ယူပေးတယ်။ ဟိုရောက်တော့ တာဝန်မယူတော့ဘူး၊ စင်္ကာပူကို သွားမယ်ဆိုတဲ့သူတွေကလည်း ၄-၅-၆ လ ဖြစ်လာတယ်။ မသွားရဘူး။ ဒူဘိုင်း-အိုမန်ဆို သူတို့ Free ဖွင့်ထားတယ်။ ဒီဘက်သွားမယ်ဆိုရင်တော့ နင်တို့ မြန်တယ်၊ ဟိုဘက်ဆိုရင်တော့ ကြာမယ်။ အဲဒီလိုမျိုး။ အဲဒီကိုပို့တဲ့သူတော်တော်များများက အိမ်ရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့  ငါ မြန်မာနိုင်ငံမှာ လူခေါ်ပေးလို့ရတယ်။ အဲဒီလိုမျိုးလုပ်ရင်းလုပ်ရင်းနဲ့ အလုပ်သမားဘဝကနေပြီးတော့ အေးဂျင့်ပုံစံမျိုး ဖြစ်သွားကြတယ်။ တရားမဝင်တဲ့ အေးဂျင့်တွေပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ အေးဂျင့်တွေလည်း တရားမဝင်ဘူး၊ တကယ်တမ်းဆိုရင် ဒူဘိုင်း-အိုမန်-အီရတ် အရှေ့အလယ်ပိုင်းတွေ ဆိုရင် အလုပ်သမားပို့လို့ရတဲ့နိုင်ငံတွေ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ သံရုံးတွေကလည်း မရှိဘူး။ သူတို့က အလည်ဗီဇာဆိုပြီးတော့ အေးဂျင့်ဘက်ကပဲ အကုန်အကျခံပြီးတော့ လုပ်ပေးတယ်၊ ဟိုဘက်ကို ပို့ပေးလိုက်တယ်။ တချို့ကျတော့လည်း မြန်မာနိုင်ငံမှာ လိုင်စင်တော့ လုပ်ထားတယ်။ စင်္ကာပူတို့ ဘာတို့ ပို့လို့ရတဲ့လိုင်စင် ရှိတယ်။ ဒါပေမဲ့ အဲဒီလိုလိုင်စင်တွေရှိပေမဲ့ ဟိုနိုင်ငံတွေကို ထပ်ပို့တဲ့ဟာကျတော့ တရားမဝင်ဘူး၊ အဲဒီလိုမျိုး ၂ မျိုး ရှိတယ်။ တရားဝင် လုပ်ထားပေမယ့် တရားမဝင်ဘူး”လို့ ပြောပါတယ်။

ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကြောင့် ရွှေ့ပြောင်းလုပ်သားတွေနဲ့ဆက်စပ်တဲ့ ကိန်းဂဏန်းအချက်အလက်တွေကို အတိအကျမှတ်တမ်းပြုလုပ်ဖို့ အခက်အခဲရှိနေတယ်လို့ အလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ 

အလုပ်သမားတွေအခက်အခဲဖြစ်ရင် မတရားအနိုင်ကျင့်ခံရတာမျိုးရှိရင် အချက်အလက်နဲ့ သတင်းပေးပို့တိုင်ကြားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမား ဝန်ကြီးဌာနနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေဆီကို ဒုဝန်ကြီး​ဦးကျော်နီက ပြောပါတယ်။

ပြဿနာတွေကို လတ်တလော မဖြေရှင်းပေးနိုင်ရင်တောင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ဆီမှာ စစ်ကောင်စီရဲ့ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့ လုပ်ရပ်တွေကို သက်သေအဖြစ် တင်သွင်းနိုင်ဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ကြိုးစားနေတယ်လို့ ဆိုပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013