
အခုဆိုရင် မြန်မာနိုင်ငံဟာ သမိုင်းဝင် အလှည့်အပြောင်းကာလတခုကို ရောက်ရှိနေပါပြီ။ ဒါဟာ မြောက်ဘက်အိမ်နီးချင်းနိုင်ငံ (တရုတ်နိုင်ငံ) ရဲ့ ပြောင်းလဲတိုးတက်ရေး ခရီးစဥ်နဲ့ ဆင်တူပါလိမ့်မယ်။
လက်ရှိ တရုတ်ခေါင်းဆောင်တွေအနေနဲ့ ၁၉၂၇ ကနေ ၁၉၄၉ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်တွင်းစစ်ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေကို ပြန်လည်သတိရမိကြမှာပါ။ ဒီစစ်ပွဲဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်နိုင်ခဲ့ခြင်းနဲ့ အဆုံးသတ်ခဲ့တာပါ။ ခံနိုင်ရည်နဲ့ သန္နိဋ္ဌာန်ခိုင်မာမှု ပြယုဂ်ဖြစ်တဲ့ တရုတ်ပြည်ကွန်မြူနစ် တပ်နီတော်ရဲ့ ခရီးရှည်ချီတက်ပွဲ (Long March) ကိုလည်း တရုတ်ခေါင်းဆောင်တွေ အမှတ်ရနေပါလိမ့်မယ်။ ဒါဟာ ဖိနှိပ်တဲ့ အစိုးရတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ခက်ခဲကြမ်းတမ်းတဲ့ လှုပ်ရှားရုန်းကန်မှု မှတ်တိုင်တခု ဖြစ်ပါတယ်။ တရုတ်ပြည်သူတွေဟာ ပြည်သူ့ဆန္ဒထက် ကိုယ်ကျိုးစီးပွားကိုပဲ ဦးထိပ်ထားတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ထောက်ပံ့ခံ အစိုးရကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံဟာလည်း တချိန်က တရုတ်နိုင်ငံနည်းတူ သမိုင်းရဲ့ အလှည့်အပြောင်းကာလ တခုကို ကြုံတွေ့ ရင်ဆိုင်နေရပါပြီ။ မြန်မာပြည်သူတွေဟာ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေနဲ့ ကမ်းကုန်အောင် ယုတ်မာနေတဲ့ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေကြရပါတယ်။ ဒါဟာ တချိန်က ချန်ကေရှိတ်ရဲ့ ကူမင်တန် (Kuomintang) အစိုးရလက်အောက်က အာဏာရှင်ဆန်မှုနဲ့ စစ်တပ်အုပ်ချုပ်မှုကို ပြန်ပြောင်းသတိရစေပါတယ်။ လက်ရှိ မြန်မာ့တော်လှန်ရေးရဲ့ ရည်မှန်းချက်ဟာ ပြည်သူတွေရဲ့ အလိုဆန္ဒအတိုင်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ တရားမျှတမှု ရရှိဖို့ ဖြစ်ပါတယ်။ တခြားပြည်ပနိုင်ငံတွေရဲ့ အလိုဆန္ဒအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားမှာ မဟုတ်ပါဘူး။
မော်စီတုန်းဟာ လယ်သမား၊ အလုပ်သမားတွေရဲ့ တခဲနက်ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဒီလို ထောက်ခံပါဝင်မှုကြောင့်သာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်နိုင်ခဲ့တာပါ။ မြန်မာ့တော်လှန်ရေးဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ တည်ငြိမ်မှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ခရီးဟာ တရုတ်ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ရည်မှန်းချက်တွေမှာပဲ အခြေခံခဲ့ရတာပါ။ မြန်မာနိုင်ငံကလည်း အလားတူ လမ်းကြောင်းမျိုး (ပြည်သူ့လိုအင်ဆန္ဒ) လိုက်ဖို့ မျှော်လင့်နေပါတယ်။
လမ်းပေါ် ဆန္ဒပြပွဲတွေ၊ ကိုယ်တိုင်လုပ် လက်နက်တွေနဲ့ စခဲ့တဲ့ မြန်မာ့တော်လှန်ရေးဟာ အခုဆိုရင် အရှေ့တောင်အာရှရဲ့ အကြီးဆုံး စစ်တပ်တွေထဲက တခုကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တိုက်ခိုက်နေတဲ့ ထိုးစစ်အသွင်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလှုပ်ရှားမှုဟာ ပြည်သူတွေရဲ့ ဇွဲ၊ တီထွင်ဖန်တီးမှုနဲ့ မယိမ်းမယိုင်တဲ့ စိတ်ဓာတ်တွေကြောင့် အောင်မြင်ခဲ့ရတာပါ။ ယခုအခါမှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံနဲ့ ဘယ်လိုဆက်ဆံမလဲ ဆိုတာကို စဉ်းစားတဲ့အခါ ရိုးရှင်းတဲ့ အမှန်တရားနှစ်ခုကို အသိအမှတ်ပြုသင့်ပါပြီ။ ပထမတခုက ပြည်သူ့တော်လှန်ရေးဟာ အောင်မြင်ဖို့များတယ် ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒုတိယနဲ့ အရေးကြီးဆုံး အချက်ကတော့ ဒီတော်လှန်ရေးကသာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပေးနိုင်မယ့် တခုတည်းသော လမ်းကြောင်းဖြစ်တယ် ဆိုတဲ့ အချက်ပါပဲ။
မြန်မာစစ်တပ်က စစ်ဗိုလ်ချုပ်တွေနဲ့ မတူတာကတော့ လက်ရှိ တော်လှန်ရေးကို ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေ ရွေးချယ်တင်မြှောက်ခဲ့တဲ့ တရားဝင် လွှတ်တော်ကိုယ်စားလှယ်တွေက ဦးဆောင်တာပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ ဒီစစ်အစိုးရကို လုံးဝ လက်မခံတော့ဘူး ဆိုတာကို အမြဲတမ်း ပြသခဲ့ကြပါတယ်။ အဲဒီအတွက် တော်လှန်ရေးကို ထောက်ခံကြပြီး တော်လှန်ရေးအောင်ပွဲ မခံမချင်း ဆက်လက် တိုက်ပွဲဝင်နေဦးမှာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ပြည်သူတွေရဲ့ ရည်မှန်းချက်က စစ်တပ်ကို လုံးဝဖျက်ဆီးပစ်ဖို့ မဟုတ်ပါဘူး။ ပြည်သူတွေအတွက် အလုပ်အကျွေးပြုမယ့်၊ ရွေးကောက်ခံ အရပ်သားအစိုးရကို တာဝန်ခံမယ့် ပရော်ဖက်ရှင်နယ်ပီသတဲ့ စစ်တပ်တခုအဖြစ် ပြောင်းလဲဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက ကြမ်းတမ်းတဲ့ သမိုင်းတလျှောက် ဒီလိုအခြေအနေမျိုး မရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံတွေအဖို့ ဒီရည်မှန်းချက်ဟာ ဆန်းသစ်လွန်းပြီး မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။
ဒီရည်မှန်းချက်ဟာ တရုတ်နိုင်ငံရဲ့ “ငြိမ်းချမ်းတဲ့ လူ့အသိုက်အဝန်း” (community of common destiny) ဆိုတဲ့ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီပါတယ်။ မြန်မာနိုင်ငံရဲ့ တည်ငြိမ်မှုဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ရေရှည်တည်ငြိမ်ရေး၊ သာယာဝပြောရေးအတွက် အဓိကကျပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံအတွက်လည်း အရေးပါပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့ တရုတ်ရဲ့ဆန္ဒကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အသိအမှတ်ပြုပါတယ်။ မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပြန်လည်ကောင်းမွန်စေချင်တာကိုလည်း နားလည်ပါတယ်။
ဒါပေမဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် အနေနဲ့ လက်ရှိ မြန်မာ့ပဋိပက္ခကို ဖန်တီးခဲ့သူ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံတာဟာ တရုတ်အစိုးရ ပြောနေတဲ့ တည်ငြိမ်မှုကို ထိခိုက်စေပါတယ်။
ပြည်သူလူထုကို နေ့စဉ်သတ်ဖြတ်နေတဲ့ ရက်စက်တဲ့ စစ်ခေါင်းဆောင်တဦးနဲ့ ဒီလို ထိတွေ့ဆက်ဆံနေတာဟာ ရေတိုရော ရေရှည်မှာပါ တရုတ်-မြန်မာ ဆက်ဆံရေးကို သိသိသာသာ ထိခိုက်ပျက်စီးစေနိုင်တာမို့ အလွန်စိုးရိမ်စရာ ကောင်းပါတယ်။
ဒါ့အပြင် အပေါ်ယံ ဟန်ပြ ယာယီအပစ်အခတ်ရပ်စဲမှုတွေဟာ ပဋိပက္ခကို ပိုပြီး ရှည်ကြာစေပါတယ်။ အားကောင်းတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ ဒီလို အတင်းအကျပ် လုပ်ဆောင်မှုတွေဟာ ရေရှည်တည်ငြိမ်ရေးအတွက် တခုတည်းသော လမ်းကြောင်းဖြစ်တဲ့ တော်လှန်ရေးကို ကွဲပြဲစေပါတယ်။ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လုံးဝရပ်တန့်စေခဲ့တာ မဟုတ်ပါဘူး။ စစ်ကောင်စီတပ်ဟာ ယာယီအပစ်အခတ်ရပ်ထားတာ မဟုတ်တဲ့ တခြားနေရာတွေကို ဆက်လက်တိုက်ခိုက်မြဲ တိုက်ခိုက်လျက်ရှိပါတယ်။ နောက်ဆုံးမှာတော့ ဒီလုပ်ရပ်တွေဟာ တရုတ်အစိုးရ ပြောပြောနေတဲ့ တိုးတက်မှုတွေကိုပဲ ထိခိုက်စေတာ ဖြစ်ပါတယ်။
အဲဒီလို လုပ်ဆောင်နေမယ့်အစား တရုတ်ပြည်အနေနဲ့ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အလေးထားပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင် ဆောင်ရွက်သင့်ပါတယ်။ တရုတ်ပြည်အနေနဲ့ စစ်အစိုးရရဲ့ “ခွဲခြားအုပ်ချုပ်ရေး” မဟာဗျူဟာကို ကူညီတာမျိုး ရှောင်ရှားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာနိုင်ငံရှိ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံဖို့ စဉ်းစားသင့်ပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေဟာ အဓိကကျပါတယ်။ တရုတ်ရဲ့ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှု အများအပြားရှိတဲ့ ဒေသတွေမှာ အဲဒီရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ဆိုရင် NUG၊ PDF နဲ့ တရုတ်တို့ကြားက ဆက်ဆံရေးဟာ အရေးကြီးပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်မှုမရှိအောင် ကာကွယ်ဖို့ ဦးစားပေး ဆောင်ရွက်နေပါတယ်။ တည်ငြိမ်မှုဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။
NUG နဲ့ PDF တွေဟာ အနောက်နိုင်ငံတွေရဲ့ လက်ဝေခံကိုယ်စားလှယ်တွေ မဟုတ်ပါဘူး။ NUG၊ PDF တွေဟာ ဘယ်နိုင်ငံခြားအစိုးရကိုမှ တာဝန်ခံတာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေကိုသာ တာဝန်ခံပါတယ်။ ပြည်သူ့တော်လှန်ရေးကို အထောက်အကူပြုမယ့် ဘယ်နိုင်ငံတကာ အစုအဖွဲ့နဲ့မဆို ပွင့်ပွင့်လင်းလင်း ဆက်ဆံဖို့ အဆင်သင့်ရှိပါတယ်။ ၂၀၂၁ ခုနှစ် မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။ အခုချိန်အထိလည်း ဒီအချက်ကို ဦးစားပေးအဖြစ် ဆက်လက်ထားရှိနေတုန်းပါပဲ။
ဒါပေမဲ့လည်း တရုတ်နိုင်ငံဟာ ဒေသတွင်း အဖွဲ့အစည်းတွေကို NUG နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ခိုင်းဘဲ စစ်တပ်နဲ့ပူးပေါင်းဖို့ ဖိအားပေးနေတယ်ဆိုတဲ့ စိတ်မချမ်းမြေ့စရာ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ တရုတ်ရဲ့ ကြာရှည်စွာ ဆုပ်ကိုင်ခဲ့တဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးမူကို ထိခိုက်စေရုံသာမက မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ တရုတ်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားကိုပါ ထိခိုက်စေပါတယ်။
နောက်ဆုံးမှာတော့ တရုတ်နိုင်ငံဟာ အရေးကြီးတဲ့ မေးခွန်းနှစ်ခုကို စဉ်းစားဖြေဆိုရပါတော့မယ်။
၁။ ပဋိပက္ခတွေပြီးတဲ့နောက် တိုင်းပြည်ဟာ တော်လှန်ရေးအစိုးရ အုပ်ချုပ်မှုအောက်မှာ ပိုပြီးတည်ငြိမ်မလား၊ ဒါမှမဟုတ် စစ်အာဏာရှင်စနစ်အောက်မှာ ပိုပြီးတည်ငြိမ်မလား၊
၂။ ဘယ်အဖွဲ့က တော်လှန်ရေးမှာ အနိုင်ရဖို့ ပိုဖြစ်နိုင်ခြေရှိမလဲ ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
ဒီတော်လှန်ရေး လေးနှစ်တာကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ အုပ်ချုပ်တဲ့ ဒေသတွေဟာ စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေထက် ပိုတည်ငြိမ်ပြီး စီးပွားရေးအရ ပိုမိုဖွံ့ဖြိုး တိုးတက်ခဲ့ပါတယ်။ ပြည်သူတွေကတော့ စစ်တပ်အာဏာရနေသမျှ လွတ်မြောက်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေဦးမှာပါ။ စစ်တပ်ထိန်းချုပ်နိုင်တဲ့ နယ်မြေဟာလည်း တနေ့တခြား လျော့နည်းလာနေတယ် ဆိုတာကို တွေ့မြင်နေရပါပြီ။ စစ်ကောင်စီဟာ အခုဆိုရင် နိုင်ငံရဲ့ လေးပုံတပုံအောက်ကိုသာ ထိန်းချုပ်နိုင်တော့တာပါ။ အချုပ်အားဖြင့် ပြောရရင် ပြည်သူတွေဟာ စစ်တပ်ကို အနိုင်ယူနိုင်ပါတယ်။ သေချာပေါက် အနိုင်ယူမှာလည်း ဖြစ်ပါတယ်။ ဒါက တရုတ်အတွက် ပိုကောင်းတဲ့ရလဒ် ဖြစ်လာစေမှာပါ။
ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ NUG၊ PDF တွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင် တန်းတူညီမျှ ဆက်ဆံသင့်ပါတယ်။ ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ မြန်မာနိုင်ငံဖြစ်လာဖို့ ထောက်ခံတာဟာ မြန်မာပြည်သူတွေအတွက်သာမက တရုတ်နိုင်ငံနဲ့ ဒေသတခုလုံးအတွက်ပါ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် မဟာဗျူဟာတခု ဖြစ်ပါတယ်။
မြန်မာပြည်သူတွေဟာ ဒီတော်လှန်ရေးကို ခိုင်မာပြတ်သားစွာ ဆက်လက်ဆင်နွှဲနေကြပါတယ်။ ဂုဏ်သိက္ခာ၊ သာယာဝပြောမှု၊ တရားမျှတမှုတို့နဲ့ ပြည့်စုံတဲ့ အနာဂတ်အတွက် သူတို့ တိုက်ပွဲဝင်နေကြတာပါ။ ရှေ့ဆက်သွားရမယ့် တော်လှန်ရေးလမ်းခရီးဟာ ခက်ခဲကြမ်းတမ်းနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူ့ဆန္ဒအပေါ် အခြေခံတဲ့ အနာဂတ်ကပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ယူဆောင်လာနိုင်မှာ ဖြစ်ပါပေတယ်။
ဇင်မာအောင်
Ref: Bangkok Post