DVB Logo
Home
မြန်မာသတင်း
အာဆီယံ ကုမ္ပဏီ ၅၄ ခု မြန်မာစစ်အုပ်စု၏ အကြမ်းဖက် ရာဇဝတ်မှုများကို အားပေးကူညီနေ
DVB
·
May 26, 2025
အာဆီယံ ကုမ္ပဏီ ၅၄ ခု မြန်မာစစ်အုပ်စု၏ အကြမ်းဖက် ရာဇဝတ်မှုများကို အားပေးကူညီနေ
Donate to DVB

အာဆီယံနိုင်ငံတွေက ကုမ္ပဏီ ၅၄ ခုဟာ မြန်မာစစ်အုပ်စုနဲ့ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေးဆက်နွှယ်နေပြီး စစ်အုပ်စုကျူးလွန်တဲ့ ရာဇဝတ်မှုကြီးတွေမှာ အားပေးကူညီနေတယ်လို့    Justice For Myanmar က အစီရင်ခံထုတ်ပြန်ပါတယ်။

အဲဒီကုမ္ပဏီတွေဟာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သစ်လုပ်ငန်း၊ မြေနေရာငှားရမ်းတာ၊ အခွန်ပေးချေတာကတဆင့် ဝင်ငွေပံ့ပိုးတာ၊ လေယာဉ်ဆီ၊ ဆက်သွယ်ရေးနဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာတွေ ထောက်ပံ့တာ စတာတို့နဲ့ ပြည်သူတွေအပေါ် စစ်အုပ်စုကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့က ကုမ္ပဏီတွေ ပါဝင်ပြီး သူတို့ရဲ့ အစိုးရတွေလည်း ကြံရာပါပတ်သက်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ဒီကုမ္ပဏီတွေထဲမှာ ထိုင်းအစိုးရ တစိတ်တပိုင်းပိုင် PTTEP က ထိပ်ဆုံးကပါဝင်ပြီး အရေးပါတဲ့ ကမ်းလွန်ဓာတ်ငွေ့စီမံကိန်းကြီး ၂ ခုကို ကြီးကြပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

မလေးရှားရဲ့ ရေနံတွင်းဝန်ဆောင်မှုကုမ္ပဏီ ENRA Group ကတော့ ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းအတွက် ဓာတ်ငွေ့သိုလှောင်တာနဲ့ ပို့လွှတ်အဆောက်အအုံတွေ ပံ့ပိုးပြီး ၂၀၂၃-၂၄ ခုနှစ်က မြန်မာနိုင်ငံဟာ သူတို့ရဲ့ အဓိကဝင်ငွေရင်းမြစ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗီယက်နမ်အစိုးရပိုင် လုပ်ငန်းတခုဖြစ်တဲ့ VNPT ဟာ မြန်မာစစ်တပ်ကို တိုက်ရိုက် ဂြိုဟ်တုဝန်ဆောင်မှု ပေးနေသလို ဗီယက်နမ်ဘဏ်တွေကလည်း စစ်အုပ်စုရဲ့ Mytel နဲ့ ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။

စင်ကာပူအခြေစိုက် Interra Resources ကုမ္ပဏီဟာလည်း ၂၀၂၁ ခုနှစ်က စစ်အုပ်စုကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ဖိုးရှိတဲ့ ရေနံစည်ပေါင်း ၃ သန်းကျော် ရောင်းချခဲ့သလို ဗီယက်နမ်နိုင်ငံပိုင်ကုမ္ပဏီ Viettel Global Investment ကလည်း စစ်အုပ်စုရဲ့ Mytel နဲ့ မိတ်ဖက်ဆောင်ရွက်ပြီး အခွန်ဝင်ငွေသာမက ထောက်လှမ်းရေးစွမ်းဆောင်နိုင်မှုတွေကိုလည်း ပေးနေတယ်လို့ ဆိုပါတယ်။

စင်ကာပူ သစ်လုပ်ငန်းကုမ္ပဏီတွေဖြစ်တဲ့ Greenply Alkemal, Natural Forest နှင့် Valency တို့ရဲ့ မြန်မာကုမ္ပဏီခွဲတွေဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်းကနေ သစ်တွေဝယ်ယူခဲ့ပြီး ၂၀၂၁ က ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် တန်ဖိုးရှိတဲ့ သစ်ထုတ်ကုန်တွေ တင်ပို့ခဲ့သလို စင်ကာပူကုမ္ပဏီ Krislite Group ကလည်း စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းစုကြီး MEC ဆီက ငှားရမ်းထားတဲ့ မြေနေရာပေါ်မှာ အိမ်ခြံမြေစီမံကိန်းတခုဖြစ်တဲ့ New Strand ကို ဖော်ဆောင်ပေးခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့ MAMEE-Double Decker နဲ့ ထိုင်းနိုင်ငံရဲ့ CP Group ကုမ္ပဏီတို့ဟာလည်း စစ်အုပ်စုရဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ထိန်းချုပ်ထားတဲ့ ပျဉ်းမပင်စက်မှုဇုန်မှာ ကုန်ထုတ်လုပ်ရေးစက်ရုံတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်အုပ်စုဆီကို ဘဏ္ဍာငွေနဲ့ လေယာဉ်ဆီ ပေးအပ်ရာမှာ အာဆီယံအခြေစိုက် စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့ဝင်အစိုးရတွေ ပါဝင်ပတ်သက်နေတာဟာ စစ်အုပ်စုဆီကို လက်နက်နဲ့ လေယာဉ်ဆီတင်ပို့တာ ပိတ်ပင်ဖို့၊ အခွန်ငွေစီးဆင်းတာ ရပ်တန့်ရေး အရေးယူဖို့ အာဆီယံက ပျက်ကွက်ခဲ့တာကြောင့်လို့ Justice For Myanmar က ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ကော်ပိုရိတ်တွေရဲ့ ကြံရာပါမှုကို ဖြေရှင်းဖို့ အာဆီယံရဲ့ ပျက်ကွက်မှုက စစ်အုပ်စုကို သူတို့ရဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စု အကြမ်းဖက် စစ်ဆင်ရေးအတွင်း အရပ်သားပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သန်းပေါင်းများစွာကို နေရပ်စွန့်ခွာစေခဲ့တာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အာဆီယံခေါင်းဆောင်တွေ စုဝေးကြချိန် သူတို့အနေနဲ့ ကိုယ့်အချုပ်အခြာအတွင်း လည်ပတ်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေက ပံ့ပိုးကူညီနေတဲ့ ဘဏ္ဍာငွေနဲ့ လေယာဉ်ဆီလမ်းကြောင်းကို ရပ်တန့်တာ အပါအဝင် မြန်မာစစ်အုပ်စုအတွက် ပံ့ပိုးကူညီမှုပုံစံ အားလုံးကို ရပ်တန့်ပြီး လူ့အခွင့်အရေးအတွက် ပြတ်ပြတ်သားသား ရပ်တည်ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေက စစ်အုပ်စုကို ဖယ်ကြဉ်ဖို့ ကြိုးပမ်းနေချိန်မှာ အာဆီယံ ဒေသတွင်းကုမ္ပဏီတွေက စစ်အုပ်စုနဲ့ ပုံမှန်အတိုင်း စီးပွားဆက်လုပ်နေကြပြီး စစ်အုပ်စုရဲ့ ဘဏ္ဍာငွေတွေနဲ့ လေယာဉ်ဆီရနေတာကို ပိတ်ပင်ဖို့အတွက် ကြိုးစားအားထုတ်မှု သေးသေးလေးကိုတောင် ထိခိုက်ပျက်ပြားစေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဆီယံအဖွဲ့ဝင် အစိုးရတွေအနေနဲ့ စစ်အုပ်စုရဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာ၊ နည်းပညာနဲ့ လေယာဉ်ဆီ ရရှိနေတာကို အမြန်ဆုံး ဖြတ်တောက်ဖို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့အတိုင်း မြန်မာလူထုကိုယ်တိုင် ဦးဆောင်တဲ့ ဖြေရှင်းနည်းလမ်းကြောင်းကို ပံ့ပိုးကူညီဖို့အတွက် မအောင်မြင်တဲ့ ဘုံသဘောထား ၅ ရပ်ကို ကျော်လွန်ချဉ်းကပ်ဖို့လည်း Justice For Myanmar က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013