DVB Logo
Home
နိုင်ငံတကာ
Golden Dome ဒုံးကျည်ကာကွယ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ကနေဒါ စိတ်ဝင်စား
DVB
·
May 23, 2025
Golden Dome ဒုံးကျည်ကာကွယ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် ကနေဒါ စိတ်ဝင်စား
Donate to DVB

အမေရိကသမ္မတ ဒေါ်နယ်ထရမ့်ပ် အဆိုပြုထားတဲ့ ဒေါ်လာ ၁၇၅ ဘီလီယံ Golden Dome ဒုံးကျည်ကာကွယ်ရေးမှာ ကနေဒါနိုင်ငံက ရင်းနှီးမြှုပ်နှံမှု အလားအလာတွေကို ကြည့်နေကြောင်း ဝန်ကြီးချုပ် မာ့ခ်ကာနေးက ပြောပါတယ်။

ထရမ့်ပ်က ဒုံးကျည်ကာကွယ်ရေးစနစ် ဒီဇိုင်းရွေးချယ်ထားမှုနဲ့ ဒီအစီအစဉ်ကို ဘယ်သူဦးဆောင်မလဲ ဆိုတာတွေ မေ ၂၀ ရက်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဒီ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ တရုတ်၊ ရုရှားတို့ရဲ့ ခြိမ်းခြောက်က်မှုတွေကို ကာကွယ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဧပြီ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကာနေးက ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုတွေကို မားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်မယ်လို့ ကတိပြုထားသူ ဖြစ်ပြီး ကာနေးဟာ ဒီ Golden Dome နဲ့ပတ်သက်ပြီး ထရမ့်ပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ဖူးတယ်လို့လည်း ပြောပါတယ်။

“Golden Dome ရင်းနှီးမြှုပ်နှံမှုမှာ မိတ်ဖက်အနေနဲ့ ပါဝင်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ကျနော်တို့မှာ ပါဝင်နိုင်တဲ့စွမ်းရည် ရှိပါတယ်။ ထိပ်တန်းအဆင့် ဆွေးနွေးမှုတွေတော့ ဆက်ပြီး ပြုလုပ်နေပါတယ်။ တချို့အရာတွေ ကျနော်တို့ ကြည့်နေဆဲပါ” လို့ ကာနေးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Dome အစီအစဉ်မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကနေဒါအနေနဲ့ ဘယ်လောက်ပမာဏ ပါဝင်မလဲဆိုတာ ထုတ်ဖော်ကြေညာပေးမယ်လို့ ကာနေးက ပြောခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဒုံးကျည်ကာကွယ်ရေးစနစ် ဖွံ့ဖြိုးမှုနဲ့ အသုံးချမှုကို စွန့်လွှတ်ဖို့ အမေရိကန်ကို တရုတ်နိုင်ငံက တိုက်တွန်းခဲ့ပါတယ်။

မေ ၂၀ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကြေညာခဲ့တဲ့ Golden Dome အစီအစဉ်ပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက အခုလို မှတ်ချက်ပေး တိုက်တွန်းခဲ့တာပါ။

အမေရိကန်အနေနဲ့ တကမ္ဘာလုံး တည်ငြိမ်ရေးဗျူဟာကို ကာကွယ်ဖို့နဲ့ အဓိကနိုင်ငံတွေကြား ယုံကြည်မှုရရှိရေး ဗျူဟာကိုပဲ အာရုံစိုက်ဖို့ တရုတ်နိုင်ငံက မှတ်ချက်ပေးခဲ့တာပါ။

‌မော်နင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ Golden Dome အစီအစဉ်ဟာ အာကာသစစ်ပွဲတွေ ပိုများလာဖို့ ထင်ရှားတဲ့ လုပ်ဆောင်မှုဖြစ်ကြောင်း၊ အဲဒီအထဲမှ  အာကာသပတ်လမ်းထဲကနေ ကြားဖြတ်လုပ်ဆောင်တဲ့စနစ်တွေ ဖွံ့ဖြိုးဖို့နဲ့ ပိုမိုလုပ်ဆောင်မှုတွေလည်း ပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါဟာ အာကာသစာချုပ်ပါ အချက်တွေအရ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်တာဖြစ်ကြောင်း၊ အာကာသထဲမှာ စစ်ပွဲတွေကို အရှိန်မြှင့်မှုနဲ့ လက်နက် အပြိုင်တပ်ဆင်တာတွေ ဖြစ်စေကြောင်း၊ နိုင်ငံတကာရဲ့ လုံခြုံရေးနဲ့ လက်နက်ထိန်းချုပ်မှုကို ဖောက်ဖျက်တာလည်း ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။

အာကာသစာချုပ်ကို ၁၉၆၇ အောက်တိုဘာ ၁၀ ရက်က အမေရိကန်၊ ဗြိတိန်၊ ဆိုဗီယက်ပြည်ထောင်စုတို့က ချုပ်ဆိုခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၅၇ နှစ်ကြာပြီ ဖြစ်ပါတယ်။

၂၀၂၄ မတ်လမှာတော့ ဒီသဘောတူညီချက်မှာ အာကာသယာဉ်ပိုင်ဆိုင်တဲ့ နိုင်ငံအားလုံးပါဝင်ပြီး နိုင်ငံပေါင်း ၁၁၅ နိုင်ငံအထိ ပါဝင်လာတာ တွေ့ရပါတယ်။

၁၉၅၇ ခုနှစ်က ဆိုဗီယက်က ဂြိုဟ်တုတလုံး လွှတ်တင်ခဲ့မှုအပြီး အာကာသထဲမှာ လက်နက်တပ်ဆင်တာမျိုးနဲ့ တိုက်ချင်းပစ် ဘစ်လစ်စတစ်ဒုံးကျည်တွေ ဖွံ့ဖြိုးလာမှုက အာကာသစာချုပ် ချုပ်ဆိုဖို့ ဖြစ်လာတာပါ။

အမေရိကန်ရဲ့ Golden Dome စနစ်ဟာ အမေရိကန်သာ ပထမဆိုတဲ့ ပေါ်လစီကို အကောင်အထည်ဖော်တာ ဖြစ်တယ်ဆိုတာ တရုတ်က စိုးရိမ်နေမှုကို ‌မော်နင်းက ဖော်ပြခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုဟာ ကမ္ဘာကြီးရဲ့ ဟန်ချက်ညီမှုနဲ့ တည်ငြိမ်မှုတို့ကို ဖျက်ဆီးဖို့ အရွေ့တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013