Home
ဆောင်းပါး
မတူသော ညီမျှခြင်းနဲ့ ပိုနီးလာတဲ့ ရင်ဘတ်များ
DVB
·
May 20, 2025
Design: DVB

“အနူး... ဒီပြာတွေကို စားလို့ရလားဟင်၊” လေးနှစ်သားကလေးရဲ့ မေးခွန်းက မိခင်ကို ဆွံ့အစေတယ်။ မနေ့ည မမှောင်ခင်လေးမှာပဲ စစ်ကြောင်းတွေဝင်လာလို့ နီတာရဲသမီးလေးကို ရင်ခွင်ထဲပွေ့၊ သားငယ်ကို လက်ကဆွဲနဲ့ ခြေဦးတည့်ရာ ဘေးလွတ်မယ်ထင်တဲ့နေရာကို ပြေးလာတယ်။ မပြေးနိုင်သေးတဲ့သားကို ပိုးနိုင်ဖို့ ထဘီကို ဒူးအောက်ကနေ ဆွဲဖြဲလို့ရတဲ့ အစနဲ့ သမီးကို ရင်ခွင်မှာ ခိုင်ခိုင်ချည်၊ သားငယ်ကို ကျောပိုးရင်း စစ်ကြောင်းနဲ့ ဝေးရာကို ပြေးလာလိုက်တာ။ သူ့အမေဆီမှာ သူ့ကိုပေးဖို့ စားစရာမရှိမှန်း နားလည်နေပြီဖြစ်တဲ့ သားလေးက ဖြူဖွေးနေတဲ့ ဝါးပြာကိုကြည့်ရင်း မွတ်သိပ်မှုကြောင့် စားစရာမဟုတ်မှန်းသိသိ မျှော်လင့်တကြီး မေးလာတဲ့စကား။ မိခင်ရဲ့ရင်ကို ဓားနဲ့မွှန်းသလို။ ခုထိ အဲဒီညက သားရဲ့စကားကို ပြန်ကြားယောင်မိရင်း သနားလို့ကို မဆုံးသေးဘူးလို့ ပြောပြခဲ့ဖူးတဲ့ အမေတယောက်။ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်လောက်က တောရိပ်မည်းမည်း ဝါးရုံလျှိုလေးထဲ ပြေးပုန်းခဲ့စဥ်တညရဲ့ အဖြစ်အပျက်က ခုထိ ခြောက်အိပ်မက် ဖြစ်နေဆဲ။ လူသူမသိ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ပုံမှန်အခြေအနေတခုပေါ့။ ဟော… ခုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒါ တကယ်ဖြစ်ခဲ့တာလို့ ဘုရားစူးလို့ ကျိန်တွယ်ပြစရာမလိုတော့တဲ့ လူတိုင်း နားလည်လက်ခံနိုင်ပြီဖြစ်တဲ့ အဖြစ်အပျက်တွေ။ အဲဒီလို နားလည်ပေးနိုင်ဖို့ နှစ် ၇၀ လောက်တော့ စောင့်ခဲ့ရတယ်ပေါ့။ အညာမှာ စစ်ကိုင်းတိုင်းထဲမှာ ချင်းတောင်ပေါ်မှာ ကရင်နီမှာ.. ဘယ်လို အခွင့်အရေးချိုးဖောက်နေနေ ချက်ချင်းသိတာတောင် မဟုတ်ပါဘူး၊ ဇွတ်ငြင်းနေသူတွေ ဗြောင်ငြင်းနေသူတွေ ရှိနေသေးတာပဲ။ ဟိုးအရင် နှစ် ၇၀ လောက်တုန်းက ဖြစ်တာ ဘယ်ယုံခဲ့ကြမှာလဲလေ။

တကျော့ပြန်စစ်တောင် ဆယ်နှစ်ကျော် တဆယ့်ငါးဘက် ရောက်လာလုပြီ။ အိမ်ပြန်လမ်းဝေးနေဆဲ သူတွေက သဘာဝဘေးအန္တရာယ် ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူချင်းရဲ့ ဒုက္ခကို ကိုယ်ချင်းစာနိုင်ရင်တောင် စစ်ဘေးကြောင့် ကိုယ်သင့်နေတဲ့ ဘေးဒုက္ခတွင်းနက်ထဲက အော်နေရဆဲ မဟုတ်လား။ ဆာနေရှာမယ့်သူတွေအကြောင်း ပြာကိုတောင် စားမရမှန်းသိသိ မွတ်သိပ်မှုနဲ့ စားချင်စိတ်ပေါက်ခဲ့တဲ့ ကလေးတွေနဲ့ အဲလောက်ဆာလောင်နေတဲ့ ကလေးတွေကို ကျွေးစရာ ဘာဆိုဘာမှ မရှိခဲ့ဘူးတဲ့ မိခင်ပေါင်းများစွာ ရှိခဲ့တဲ့ ကချင်၊ ကရင် လူမျိုးတွေက ပိုသိတာပေါ့။ ကိုယ်ချင်းပိုစာနိုင်တာပေါ့။ ဒီလိုပဲ မြေဆီမြေသြဇာမကောင်းတဲ့ ကျောက်စရစ်မြေနီတွေအပေါ် ထွန်ယက်ပြီး အစာရေစာခေါင်းပါး ဖြစ်သလိုစားရင်း ဘဝကို ပုံသေနည်းတခုလို ဖြတ်သန်းလာတဲ့ လူမှုဘဝတွေ ဒုနဲ့ဒေး။ ဘယ်သူ့ကိုမှ အကူအညီတောင်းဖို့မရှိခဲ့။ ဝေးလံခေါင်ခက်တဲ့ ဒေသတွေမှာ ကောင်းတာလေးတခုရဖို့ တောင်းဆိုခွင့်ရှိတယ်ဆိုတာ သိဖို့ ဝေးလေစွ။ ငါတို့ဘဝ ငါတို့ရုန်းကန်ရမယ်ဆိုတဲ့ အတွေးအပြင် ဘာမျှော်လင့်ချက်မှ မရှိခဲ့။ ဒီနှစ်ခုတ်ထားတဲ့ တောင်ယာ မီးသေသေချာချာ လောင်ပါစေ။ ကျွန်းခွေလို့ မခက်ပါစေနဲ့။ (ကျွန်းခွေတယ်ဆိုတာ မီးရှို့ပြီးသား တောင်ယာကွက်မှာ မလောင်ဘဲကျန်ခဲ့တဲ့ အကြွင်းအကျန်တွေကို ခုတ်ထစ် မီးရှို့ ရှင်းလင်းတာကို ပြောတာ) ပေါင်းမထူပါစေနဲ့။ စပါးအထွက်တိုးပါစေ ဆိုတာ သူတို့အတွက် အမြင့်ဆုံး လူ့အခွင့်အရေးဆုတောင်းနည်းပဲ။ သူတို့ချင်းမှာ လူသားချင်းစာနာမှုက တောင်ယာအဲရင် အားသွန်ခွန်စိုက်ကူညီတာ။ လက်စားလိုက်တယ်လည်း ခေါ်တာပေါ့။ မျိုးစေ့တွေ ဝေမျှပေးတာ။ အရင်ပေါ်တဲ့ ကောက်ဦးစပါးတွေကို ဝေမျှစားတာ၊ တောင်ယာတဲလုပ်ဖို့ ဝါးရှာကူတာ၊ တောင်ယာခုတ်ကူတာ အဲလောက်ပါပဲ။ အဲလိုလူတွေက စစ်ဘေးကြောင့် အိမ်ရာစွန့်ပစ်ခဲ့ရပြီး ဘေးလွတ်ရာကို အဝတ်တထည် ကိုယ်တခုနဲ့ ဘဝကြီးကို လက်ဗလာနဲ့ တစ်က​နေ ပြန်ပြန်စနေရတာ မငြီးငွေ့ဘူးလား၊ မနာကျင်ရဘူးလား ဆိုရင် ပြန်မစဥ်းစားချင်လောက်အောင် နာကျင်မွန်းကျပ်ရတာပဲလေ။

ခု မြေပြန့်နဲ့ ရှမ်းကုန်းမြင့်မှာ မတ်လ ၂၈ ရက်နေ့ကနေ ဆက်တိုက် အရှိန်လျော့လိုက် ပြန်တက်လိုက်နဲ့ မြန်မာ့မြေမှာ လှုပ်နေဆဲ ငလျင်တွေက မြန်မာ့လူမှုဘဝကို ခြိမ်းခြောက်နေဆဲ။ ကမ္ဘာ့ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုတွေကြောင့် အလဲလဲအပြိုပြို ဖြစ်နေပြီးသား ဘဝတွေကို လုံလုံလောက်လောက် ဒုက္ခမပေးရသေးတဲ့ နတ်ဆိုးတကောင်လို ပြေးလွှားသောင်းကျန်းနေဆဲ၊ ငလျင်ကြောင့် မြန်မာပြည်သူတွေ အထိနာပြီးရင်း နာနေရတယ်။ မပြီးသေးဘူး။ လာဦးမယ်တဲ့။ လာဦးမယ်တဲ့ ဆိုတဲ့နေရာမှာလည်း ငလျင်လား၊ စစ်ဘေးလားဆိုတာ မသဲကွဲသေး။ ငလျင်ရင်လည်း အရင်လာမယ်။ စစ်ဘေးရင်လည်း အရင်ဖြစ်နိုင်သေးတယ် ဆိုတော့ကာ ငါတို့ ဘယ်ဘဝက ဝဋ်ကြွေးတွေလဲလို့ အာခေါင်ခြစ် အော်ဟစ်နေရမလို ဖြစ်နေရော။

ကူပါ ကယ်ပါ.... ဆိုရင်လည်း စစ်ဘေးကိုကယ်ရင်း ရေဘေး၊ ရေဘေးကနေ စစ်ဘေး၊ စစ်ဘေးကနေ ငလျင်ဘေး၊ ငလျင်ဘေး ပြောနေရင်းက လူစိတ်ဆိုပြီး ပြစရာ မြူတမှုံစာတောင် မရှိတဲ့ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲပြန်တော့ စစ်ဘေး။ စစ်ဘေးပြောနေရင်း ငလျင်ဘေး နောက်ဆက်တွဲတွေ။ ပြောရင်းတောင် ဂျာအေးကို သူ့အမေရိုက် မုန့်လုံးစက္ကူကပ်နေတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်မက သိန်းခြောက်သောင်းလောက် ဆိုက်နေတဲ့ မြန်မာပြည်ကြီး။ စင်ပေါ်က မျောက်ကလေးကလည်း ဆင်းပြေးပြန် ခုန်တက်ပြန်။ ဂျာအေးကို သူ့အမေက ရိုက်လိုက်။ ကိုလူပျိုက ထရံပေါက်က ခြေထောက်ကိုဆွဲလိုက်။ ခြေထောက်က တွဲလွဲပါဆို မိုးတောင်ကချုန်းလို့ လန့်ရပြန်သေး။ ကြာကလပ်နဲ့ ဆွမ်းတော်တင်လိုက်။ ရွှေဘုန်းပွင့်ကနေ ဟိုဟာကြဲချ ဒီဟာကြဲချ။ မျောက်စိတ်ဆိုတော့လည်း ငလျင်နဲ့ သောကရောက်နေရတဲ့သူတွေကို လေယာဥ်ဗုံးကြဲပြီး မိုက်ကြေးခွဲ​ပြလိုက်။ ပြည်သူတွေလည်း စစ်ဘေးလွတ်အောင် ရှောင်လာရင်း မန္တလေးငလျင်ဘေးမှာ သေပစ်လိုက်ကြတာ နည်းလား။ ငလျင်မှာသေလို့ အေးပြီမှတ်လား။ ဇာတိမြို့လေးမှာ လေယာဥ်ဗုံးကြဲချလိုက်တော့ ကျန်တဲ့မိသားစုက ဘယ်သူ့ကို တပြီး ငိုရမှန်းမသိ ငိုလိုက်။ ပြေးလိုက်။ ငတ်လိုက်နဲ့ မုန့်လုံးစက္ကူကပ်ရပြန်။ အဆင်မပြေမှုတွေနဲ့ ဂျာအေးကို သူ့အမေကရိုက်ပြန်။ ကိုလူပျိုက ဆွဲပြန်။ မိုးကချုန်းပြန်။ မျောက်က ဆတ်ဆတ်ဆော့ဆော့နဲ့ ဗုံးကြဲလိုက် လက်နက်ကြီးထုလိုက်။ ဒရုန်းနဲ့ ဆော့လိုက်နဲ့ မျောက်ပီသနေလိုက်တာ။ အုန်းသီးရထားပြီး ခွဲမစားတတ်တော့ ဟိုဘက်ထုလိုက် ဒီဘက်ပေါက်လိုက်။ ကိုက်လိုက်။ အုန်းဆံဖတ်ကို ထွေးလိုက်နဲ့။ ကိုလူပျို ထရမ့်ပ်ကလည်း အထောက်အပံ့တွေ ရပ်လိုက်။ ဟော ငလျင်ဘေးသင့်တော့ လာလှူခိုင်းလိုက်နဲ့ တွဲလောင်းကြီးပါလေ။ ဝမ်းသာရမလို။ စိတ်ခုရမလို။ ဘာနေနေ ပလ္လင်ပေါ်တက်လိုက် ဆင်းလိုက်နဲ့ မျောက်ကလည်း ကြည့်မိရုံ မူးလဲလောက်အောင် ကဲနေဆဲ။ သူက ကူလားဆိုတော့လည်း ပရဟိတမင်းသမီးကြီးတောင် စိုးရိမ်နေသူတသိုက် သဘောကျမဟုတ်ရင် မလှူပြန်။ မြန်မာ့မြေထဲက ပိုတဲ့သူလှူ လိုတဲ့သူယူ ဆိုရင်လည်း sky villa လို ကြော်ငြာကောင်းကောင်းနဲ့ တိုက်ကြီးတောင် ပြိုသွားသေးတော့ ဆင်းရဲသားတွေအတွက် မချိသွားဖြဲလေးနဲ့။ လူလတ်တန်းစားတွေကလည်း သိက္ခာလေးနဲ့ လာလှူကြပါစေကြောင်း ဆုတောင် တောင်းဝံ့မယ်မထင်။ ဆင်းရဲ ချမ်းသာ မရွေးတဲ့ သဘာဝဘေးအန္တရာယ်က သူဌေးတွေကိုလည်း အလွတ်မပေးတော့ သူဌေးတွေလည်း ငုတ်တုတ်မေ့။ ကိုဗစ်ကပ်ရောဂါကြောင့် မင်းဆိုးအမိန့်ကြောင့် လမ်းမအပြင်မထွက်ခဲ့ရသမျှ ငလျင်က အတိုးနဲ့ အရွဲ့တိုက်သလို မိသားစုလိုက် အိမ်တိုင်း ရပ်ကွက်တိုင်းလမ်းမပေါ်ပို့ချပစ်တာပဲ။

ဘယ်လိုဖြစ်ဖြစ် ကူရမယ်။ နိုင်ငံခြားရောက်နေတဲ့သူတွေ ကယ်ပါ ကူပါ။ အိမ်ကို ပို့နိုင်သလောက်လေးထဲက ခွဲတန်ခွဲ မျှတန်မျှ ကိုယ်သုံးမယ့်ထဲက လျှော့တန်လျှော့ပြီး မျှဝေ လှူတန်း။ ကူကြပြန်။ ကဲ ကဲ နိုင်ငံထဲမှာလည်း ရှိတာမျှစားကြတာပေါ့ ဆိုတဲ့ စည်းလုံးစိတ်လေးနဲ့ လှူကြ မျှကြပြန်တော့လည်း မလိုလားအပ်သူတွေ ရောက်လာမှာ စိုးရိမ်ကြောင့်ကြနေရရှာတဲ့ လက်နက်စုံ ကျည်အစုံနဲ့ သူတွေက ဟန့်ပြန် နှောင့်ယှက်ပြန်။ ငလျင်ကယ်ဆယ်ရေးမှာ ရွှေရောင်အချိန်တွေကို နှောင့်နှေးပြီး ရှင်သန်ခွင့်ရနိုင်တဲ့ အသက်တွေကို အရှင်လတ်လတ် ငရဲငယ်ထဲ ပို့ရက်တာ။ ဘယ်လောက်ကြောက်လန့်ခဲ့မလဲ။ ဘယ်လောက်ဆာလောင်ခဲ့ရမလဲ။ ဘယ်လောက် မျှော်လင့်နေခဲ့ကြရှာမလဲ။

နောက်ဆုံးထွက်သက်ထိ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရင်း ဘဝကူးသွားသူတွေ၊ မျှော်လင့်ချက်ကို လွှတ်ချလိုက်ကြသူတွေ ဘယ်လောက်များခဲ့ပြီလဲ။ ကိုဗစ်ကာလမှာ လူ့လောကရောက်လာပြီး ကိုစစ်သောင်းကျန်းတဲ့ခေတ်မှာ တီတီတာတာ စကားပြောသွားလာ။ ကျောင်းလေးတက်ဖူးခါစ အရွယ်လေးမှာ သေဆုံးသွားရတဲ့ ကလေးငယ်လေးတွေကို တွေးမိရင် ရင်တောင် အောင့်တယ်။ ဘာကြောင့်လဲ။

အနိမ့်ဆုံးဒုက္ခက စတွေးမယ်ဆိုရင်တောင် ရေသောက်များတဲ့သူ ဆီးရွှင်ပြီး ခဏခဏ အခင်းလေး ဖြေရှင်းနေရသူတွေ။ ဘယ်လောက်စိတ်ဆင်းရဲရမလဲ။ သန့်စင်ခန်းဝင်မှ အဆင်ပြေမယ့် ဒုက္ခမျိုးကို လမ်းမပေါ် ဘယ်လိုဖြေရှင်းကြမလဲ။ ဒါ အသေးစား မည်ကာမတ္တ ဒုက္ခပေါက်စလေးတွေသာ ဖြစ်တယ်။ အသက်ကလွဲရင် ဘာမှ မရလိုက်သူတွေကျတော့ မှတ်ပုံတင် ငွေကြေး နေထိုင်သွားလာရေး ဘယ်လိုဖြေရှင်းကြပြီလဲ။ ဒုက္ခခါးခါးကို ရေနဲ့မျှောချမရဘူး မဟုတ်လား။

စောင်းနေတဲ့တိုက် နေလို့မဖြစ်တော့တဲ့ ​အဆောက်အအုံ Dead body တွေကို ဖော်ဖို့ ကျန်ရစ်သူ အများစုက ကိုယ်ထူကိုယ်ထပဲ ရုန်းကြရတယ်။ အဲလိုချိန်မှာ ဟိုးအရင် လက်နက်ကြီးထိလို့ သေနတ်ကျည်သင့်လို့ ဘဝတပါး ပြောင်းသွားတဲ့ ကိုယ့်ရင်သွေး ကိုယ့်မိဘကို ဒီလိုလေး ဖြစ်သလို ရှိတာလေးနဲ့ အုပ်ထား ပြေးခဲ့ရတဲ့ စစ်ဘေးဒဏ်သင့်ခဲ့သူတွေ ပြန်တွေးမိပြီး ငိုကြရမှာပါ။ ပြေးရင်း လူစုကွဲသွား။ စစ်တပ်က ဖမ်းမိပြီး နှိပ်စက်ခံရလို့ သေသွားတဲ့သူရဲ့အလောင်းကို ပြန်ရှာတွေ့ပြီး ရင်ကွဲမတတ် ငိုဖူးသူတွေက ငလျင်ဘေးကြောင့် ပိတ်မိပြီး အချိန်မီ မကယ်နိုင်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ အလောင်းကို မြင်ရင် ခံစားရမယ့် ခံစားချက်ကို ကောင်း​ကောင်းကြီး ကိုယ်ချင်းစာနိုင်ပါတယ်။

ခုချိန် စစ်ဘေးသင့်ဖူးသူတွေ ပိုစိတ်မကောင်းဖြစ်ရတဲ့အချက်က ငါတို့တုန်းကတော့ သူတို့တွေ ကူနိုင်သလောက် ကူခဲ့ကြတယ်။ သူတို့ဒုက္ခရောက်တော့ ငါတို့ မကူညီနိုင်ခဲ့ဘူးဆိုတဲ့ အချက်ပေါ့။ တချို့ဆို ငလျင်ဘေးမှာ ဘယ်လောက်ဒုက္ခရောက်နေသလဲ မသိရဘဲ စစ်ဘေးကြောင့် ငါတို့ကို မေ့နေကြပြီလား။ ငါတို့ရှိနေသေးတာ သိကြရဲ့လားဆိုပြီး မျှော်လင့်နေမယ့်သူတွေတောင် ရှိနေနိုင်သေးတာ ဘယ်လောက်ရင်နာစရာကောင်းလဲ။ ငလျင်မတိုင်မီက ကူနေ လှူနေသူတွေကလည်း စစ်ဘေးသင့်တဲ့သူတွေ ငါတို့ကို မျှော်လင့်နေကြမှာပဲလို့ တွေးမိရင်း စိတ်မကောင်းဖြစ်မယ်။ စစ်ဘေးသင့်နေသူတွေကျလည်း camp ထဲက မထွက်ရတဲ့ ဘဝတွေ ရှိနေသေးသလို ငါတို့ ဘယ်လိုကူညီရမလဲလို့ ကိုယ့်အနာ ကိုယ်ဆေးထည့်ရင်း တွေးနေမိကြမှာပါ။ ပရဟိတအဖွဲ့တွေလည်း ကူနေကြနေရာလေးတွေ ပြောင်းသွားချိန် လိုအပ်နေသူတွေကို စေ့ငအောင် လှူတန်းချင်စိတ်နဲ့ များလွန်းတဲ့ ကွက်လပ်တွေကြား ယောက်ယက်ခတ်နေမယ်။

ဘဝတွေက စုတ်ပြတ်သတ်သွားပေမဲ့ ငလျင်ဘေး စစ်ဘေး ကပ်ရောဂါဘေးတွေက ရင်သွေးငယ်လေးတွေကို စာနာတရားအကြောင်းကို သင်ပေးနိုင်ခဲ့တယ်။ ဒီလိုပဲ တဖက်မှာ ခေါင်းကျက်ခေါင်းစား အမြီးကျက်အမြီးစား ရသလောက်ဖြတ် ခေါင်းတုံးပေါ်ထိပ်ကွက် ငတေမာပြီးရော သမားတွေ ဘယ်လောက်ရှက်စရာကောင်းသလဲ ဆိုတာတွေကို ကလေးငယ်တွေ လူငယ်တွေ ပိုသိမြင်နိုင်သွားတယ် မဟုတ်လား။ ဘယ်ခေတ်မှာဖြစ်ဖြစ် တောကြောင်တွေ ခြစားတဲ့သူတွေ အချောင်အလစ်သမားတွေ ရှိနေတာကို ဒီဘေးအမျိုးမျိုးက ပြောပြနိုင်ခဲ့တာပဲလေ။ တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံသားတွေဟာ ငါတို့ဖြစ်တာ ပိုဆိုးတယ် ဆိုတဲ့ အတွေးမျိုးနေရာမှာ ငါတို့က ဒီအာဏာရူးတသိုက် အဆက်ဆက်မှာ မတူညီတဲ့ ဒုက္ခတွေကို အချင်းချင်း မသိနိုင်လောက်အောင် ခါးခါးသီးသီး ခံစားခဲ့ကြဖူးတာပဲဆိုတာ ပိုမြင်လာကြပြီလေ။ နင့်အနာသည်းသလို ငါ့အနာလည်း အတော်ခံစားရတာလို့ အချင်းချင်း ပိုခဲသားပေးနိုင်လာခဲ့ပြီ။ ခုချိန် အင်တာနက်လိုင်း ဖုန်းလိုင်း ဖြတ်ထားခံရတဲ့မြို့တွေထဲက ဖရိုဖရဲ ဘဝတွေ အများကြီးက မြန်မာနိုင်ငံမှာ ဘာဖြစ်နေသလဲ မသိနိုင်ကြပေမဲ့ သိနိုင်သလောက်လေးနဲ့ ဒေါသထွက် တောက်ခေါက်နဲ့ပေါ့။ စစ်ဘေးကင်းနေသေးပေမဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ် အလူးအလဲ ခံနေရသူတွေ မကူနိုင်တာကို အားနာနေသလို ရှင်သန်ကျော်ဖြတ်ဖို့ ခက်ခဲတဲ့ဘဝတွေ။ ငါ့အနာ ငါမကုနိုင်ဘဲ ညည်းနေရတဲ့ဘဝတွေ။ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရပ်ခြားမှာ တရားမဝင်ရောက်ပြီး နေ့စဥ် မတူညီတဲ့ ထိတ်လန့်မှုနဲ့ နေနေရတဲ့ လူငယ်တွေ။ ပြောင်းပြန်စီးဆင်းသွားတဲ့ လူ့စွမ်းအားရင်းမြစ်တွေ။ ဦးနှောက်ယိုစိမ့်မှု ပြင်းထန်လွန်းတဲ့ ဂယက်တွေထဲ လူးလှိမ့်နေတဲ့ ငါတို့နိုင်ငံ။ အဲလိုဘဝတွေကို ရိုးရိုးလေးတွေးကြည့်ရင်း သဟဇာတဖြစ်ဖို့ မလွယ်ကူခဲ့ရာက တောင်မင်း မြောက်မင်း မကယ်နိုင်တဲ့ အနေအထားမှာ အချင်းချင်း ပိုမြင်နိုင်တာ ပိုမြင်ခွင့်ရတာက အမြတ်ပဲ မဟုတ်လား။ ငါတို့တွေ ရင်ဘတ်ချင်းနီးလို့ ရတယ်။ ငါတို့တွေ အချင်းချင်း ပိုစာနာနားလည်လာကြတယ်။ ငါတို့တွေ ရပ်တည်ချက်တူနေသရွေ့ ငါတို့မရှုံးဘူး။ ငါတို့တွေ နိုင်ကို နိုင်ရမယ်။ ငါတို့မှာ ငါတို့ပဲရှိတာမို့ ငါတို့အချင်းချင်း တွဲလက်တွေကို ပိုခိုင်မြဲစေကြမယ်။ အဝေးကနေ စိတ်ခွန်အားတွေပေးရင်း ကျော်ဖြတ်ကြမယ်ဆိုရင် အတွေးနဲ့တင် ငါတို့နိုင်တယ်လို့ပဲ ပြောပါရစေ။

ဒီဆိုင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024