
ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေဖြတ်တောက်မှုကြောင့် နိုင်ငံပေါင်း ၇၀ ထက်မနည်းက ပြည်သူတွေဟာ ဆေးကုသမှုခံယူခွင့် ပျောက်ဆုံးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ်က မေ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
နိုင်ငံပေါင်း ၇၀ ထက်မနည်းမှာ လူနာတွေ ဆေးကုခွင့် ပျောက်ဆုံးနေပြီး ကျန်းမာရေး အဆောက်အအုံတွေကို ပိတ်ထားရတယ်၊ ကျန်းမာရေးဝန်ထမ်းတွေ အလုပ်လက်မဲ့ဖြစ်ကြပြီး လူတွေက မကုန်သင့်ဘဲ ကုန်ရတဲ့ ကျန်းမာရေးအသုံးစရိတ် တိုးလာတယ်လို့ တေဒရိုစ် အဒါနွန် ဂေဘရီယေးဆပ်က ဂျီနီဗာမှာကျင်းပတဲ့ ၇၈ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ WHO အဖွဲ့ဝင်နိုင်ငံတွေကို ပြောခဲ့ပါတယ်။
WHO ဟာ နှစ်စဉ်ဘတ်ဂျက်မှာ ဒေါ်လာသန်း ၆၀၀ လိုငွေနဲ့ ရင်ဆိုင်နေရပြီး လာမယ့် ၂ နှစ်တာ ကာလအတွင်း ၂၁ ရာခိုင်နှုန်း ရန်ပုံငွေ လျှော့ချ ဖြတ်တောက်ထားရပါတယ်။
ရာနဲ့ချီတဲ့ WHO တာဝန်ရှိသူတွေဟာ အဓိကရန်ပုံငွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက ထည့်ဝင်တဲ့ ရန်ပုံငွေမပါဘဲ မျောက်ကျောက်ရောဂါကနေ ကာလဝမ်းရောဂါအထိ အကျပ်အတည်းတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ဆွေးနွေးဖို့ တနင်္လာနေ့ကစပြီး ဂျီနီဗာမှာ အလှူရှင်တွေ၊ သံတမန်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
အမေရိကန်ပြည်ထောင်စုက WHO ကနေ ထွက်ဖို့ပြင်နေချိန်မှာ တရုတ်နိုင်ငံက အလှူငွေတွေနဲ့အတူ WHO ရဲ့ အဓိက ရန်ပုံငွေပံ့ပိုးပေးတဲ့ လမ်းကြောင်းတွေထဲက တခုဖြစ်လာဖို့ စီစဉ်ထားပါတယ်။
Source: Reuters