
စစ်ကောင်စီတပ်က နိုင်ငံနေရာအနှံ့ကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထိခိုက်သေဆုံးမှုနည်းအောင် နည်းလမ်းမျိုးစုံ အသုံးပြု ကာကွယ်နေရပါတယ်။
အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာထားပေမဲ့ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ဆက်တိုက် ပြုလုပ်နေပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လေကြောင်းသတင်းတွေကို ပြည်သူလုထုဆီ အချိန်နဲ့အမျှ ပေးပို့နေပေမဲ့ လက်တွေ့မှာတော့ နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးနေပါတယ်။
ငလျင်လှုပ်ပြီးကတည်းကနေ မေ ၁၄ ရက်အထိ စစ်ကောင်စီက စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေကို ဂျက်တိုက်လေယာဉ်နဲ့ရော စက်တပ်လေထီး (ပါရာမော်တာ) တွေပါ အသုံးပြုပြီး လေကြောင်းတိုက်ခိုက်နေတာ ၉၅ ကြိမ်ထက်မနည်း ရှိနေပြီလို့ DVB က ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒီပဲယင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဆရာမ ၂ ယောက် အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ပါတယ်။
ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကိုလည်း မေ ၁၂ ရက်မှာပဲ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
ချောင်းဦးမြို့နယ်မှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးအတွက် ကာကွယ်ရေးတပ်ဖွဲ့တွေက စကားပြောစက် (အိုင်ကွန်) တွေကတဆင့် ပြည်သူတွေဆီ အချိန်နဲ့အမျှ သတင်းပေးပို့ပေးနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လေကြောင်းသတင်းရတာနဲ့ ဗုံးခိုကျင်းတွေဆီ ပုန်းကြဖို့ သတိပေးထားပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသန့်က “ကျနော်တို့ မြို့နယ်မှာတော့ ပါရာမော်တာနဲ့ ထိခိုက်တာ ၄ ကြိမ်ရှိသွားပြီ။ ပါရာမော်တာက ကတုတ်ကျင်းထဲကို ကွတ်တိကျအောင် ချနိုင်တယ် ဆိုတာကတော့ တော်တော်မလွယ်ကူလှဘူး။ ကတုတ်ကျင်းကတော့ လောလောဆယ် ကျနော်တို့မှာရှိတဲ့ ကာကွယ်ရေးနည်းလမ်းထဲမှာတော့ အကောင်းဆုံးလို့ မြင်တယ်။ ကျနော်တို့က သူတို့ကို အချိန်မီ သတင်းရအောင် ပို့ပေးမယ်။ သူတို့က အချိန်မီ ကတုတ်ကျင်းထဲ ဝင်ပုန်းမယ်ဆိုရင်တော့ ကောင်းကောင်းကာကွယ်နိုင်တယ်လို့ ယူဆပါတယ်။ ကျနော်တို့မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီးမှ အသက်ဆုံးရှုံးတာတို့၊ ဒဏ်ရာရတာတို့က ကတုတ်ကျင်းထဲမှာ ရှိမနေတဲ့ ပြည်သူတွေပါပဲ” လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာကိုလည်း စစ်ကောင်စီက ဧပြီ ၁၉ ရက်မှ မေ ၇ ရက်အထိ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
ရေထွက်ကျေးရွာမှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက စကားပြောစက် အိုင်ကွန်တွေအပြင် အသံချဲ့စက်တွေကိုပါ အသုံးပြုပြီး လေကြောင်းအန္တရာယ် သတိပေးဖို့အတွက် အသုံးပြုနေကြပါတယ်။
လေကြောင်းသတင်းတွေ ပြည်သူတွေဆီကို မြန်မြန်ဆန်ဆန် ပေးပို့နိုင်ပြီး ဗုံးခိုကျင်းတွေဆီ ဝင်ပုန်းနိုင်ရင်တော့ ထိခိုက်မှုနည်းမှာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ သတင်းအချက်အလက် ပေးပို့ရမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
ပြည်သူတချို့ကသာ ဗုံးခိုကျင်းတူးနိုင်ပြီး ဗုံးခိုကျင်းမရှိတဲ့သူတွေက လေကြောင်းတိုက်ခိုက်မှု ဖြစ်တဲ့အခါ အန္တရာယ်များနိုင်တယ်လို့ သပိတ်ကျင်းမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။
“အဓိကကတော့ဗျာ အော်တယ် မအော်ဘူး ဆိုတာထက်၊ သူတို့ ဗုံးခိုကျင်းတွေရှိနေရင် သေချာပေါက် အသက်အန္တရာယ်ကင်းမယ်လို့တော့ မြင်တာပဲ။ နောက်တချက်ကတော့ သူတို့ အသိပေးတဲ့ကိစ္စပေါ့၊ အော်တာမဟုတ်ဘဲနဲ့ သူတို့အတွက်ကို စကားပြောစက် ဖန်တီးပေးတာ ဖြစ်ဖြစ်ပေါ့။ ဒီက အင်ဖော်မေးရှင်းကို ရအောင် တခြားနည်းလမ်းနဲ့လည်း ဖန်တီးပေးလို့ ရကြတာပေါ့နော်။ အဲလိုဖန်တီးပေးမယ်ဆိုရင် အထိအခိုက်တွေ နည်းလိမ့်မယ်လို့တော့ မျှော်လင့်မိတာပဲဗျာ။ အဓိက လိုအပ်ချက်ရှိတယ်ဆိုတဲ့ကိစ္စက ဘတ်ဂျက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့လည်း တော်လှန်ရေးအစုအဖွဲ့တွေ ဖြစ်တဲ့အတွက် တချို့ကိစ္စတွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရုန်းကန်နေရတဲ့ အခြေအနေတွေလည်း အများကြီးရှိတာကိုးဗျ၊ ဒီအခြေအနေက တောင်မင်းကို မြောက်မင်း မကယ်နိုင်ဖြစ်နေတာဗျာ။”
လေကြောင်းတိုက်ခိုက်မှု ဖြစ်တဲ့အခါ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေမှာ စနစ်တကျ ပုန်းခိုကြဖို့ လိုအပ်ပြီး NUG အစိုးရအနေနဲ့လည်း ပြည်သူတွေဆီ သတင်းအချက်အလက် ရရှိဖို့ အကူအညီပေးနိုင်တဲ့အခါ ထိခိုက်သေဆုံးမှု နည်းနိုင်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုနွေဦးက သုံးသပ်ပါတယ်။
“အစိုးရယန္တရားတွေထဲမှာပါတဲ့ ဌာနတွေဆိုရင် ဒီပစ္စည်းတွေက တပ်ဆင်ပေးထားတာမျိုးရှိတဲ့ အတွက်ကြောင့် ဒါတွေက ကိုင်နိုင် သုံးနိုင်တယ်။ ပြည်သူတွေမှာကျတော့ အဲဒီလိုမျိုး ဝယ်ကိုင်ဖို့ ငွေကြေးကလည်း ကုန်ကျစရိတ်က ရှိတယ်လေ။ အဲဒီတော့ ဝယ်ပြီးတော့ မသုံးနိုင်ဘူး၊ အဲဒါက တပိုင်းပေါ့လေ။ နောက်တပိုင်းကကျတော့ သတင်းရတဲ့သူတွေက သတင်းမရတဲ့သူတွေကို ပြန်ပြီးတော့ သတင်းရအောင် ကူညီပေးရမှာပေါ့။ အစိုးရအနေနဲ့ကလည်း ရွာတိုင်းရွာတိုင်းမှာ သတင်းစီးဆင်းမှုကို ကောင်းကောင်းလေးလုပ်ပြီး အချိန်နဲ့တပြေးညီ တိတိကျကျ မှန်မှန်ကန်ကန် လုပ်ဆောင်ပေးနိုင်မယ်၊ ပြည်သူတွေအပေါ် ဝန်ဆောင်မှုတွေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ ထိခိုက်ကျဆုံးမှုအတွက်ကတော့ တော်တော်လေး အထောက်အကူ ဖြစ်သွားမှာလို့ ထင်တာပေါ့။”
အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်မှ မေ ၁၄ ရက်အထိ စစ်ကောင်စီက နိုင်ငံ နေရာအနှံ့ကို လေကြောင်းတိုက်ခိုက်မှု ၄၇၈ ကြိမ် ပြုလုပ်ခဲ့တဲ့အတွက် ကာကွယ်ရေးရဲဘော် အပါအဝင် ပြည်သူ ၃၉၈ ယောက် သေဆုံးခဲ့ပြီး ၈၂၉ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သီရိ