
ပင်လယ်ကွေ့ဒေသကို ပထမဆုံး ခြေချတဲ့ ၄ ရက်ကြာ ခရီးစဉ်အဖြစ် မေ ၁၃ ရက်မှာ ဆော်ဒီအာရေဗျနိုင်ငံ မြို့တော်ရီယာ့ဒ်ကို ရောက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကို ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမဒ် ဘင်န် ဆာလ်မန်က ကြိုဆိုခဲ့ပါတယ်။
မြို့တော် ရီယာ့ဒ်ရှိ ဆော်ဒီ တော်ဝင်တရားရုံးတော်မှာ အမေရိကန်သမ္မတအတွက် ကျင်းပပေးတဲ့ ဧည့်ခံပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမဒ် ဘင်န် ဆာလ်မန်ဟာ သိပ်ကိုပညာကြီးပြီး သူတို့ရဲ့ ဆက်ဆံရေးကလည်း အံ့မခန်းပါပဲလို့ ချီးမြှောက် ပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးဟာ စီးပွားရေးအရ အပြန်အလှန် ကူညီနေကြပြီး နိုင်ငံအချင်းချင်းလည်း ကျေနပ်နှစ်သက်ကြတယ်လို့ ယုံကြည်ကြောင်း ထရမ့်ပ်က ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဆော်ဒီအာရေဗျနဲ့ မဟာဗျူဟာမြောက် စီးပွားရေး သဘောတူညီချက်ကို မေ ၁၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီသဘောတူညီချက်ထဲမှာ စွမ်းအင်၊ ကာကွယ်ရေး၊ သတ္တုတွင်းနဲ့ တခြားကဏ္ဍတွေကို လွှမ်းခြုံထားကြောင်း ဆော်ဒီနိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်ပါတယ်။
ဆော်ဒီအာရေဗျဟာ ဒေါ်လာ ၁၄၂ ဘီလီယံနီးပါး တန်ဖိုးရှိ မဟာမိတ်တွေအကြား အကြီးဆုံးသော ကာကွယ်ရေးရောင်းချမှု သဘောတူညီချက် အပါအဝင် အမေရိကန်မှာ ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားကြောင်း အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်က ဆော်ဒီအာရေဗျကို ဒေါ်လာ ၁၄၂ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ လက်နက်ရောင်းချဖို့ သဘောတူလိုက်တာဖြစ်ပြီး ဒါကို ဝါရှင်တန်က လုပ်ဆောင်ဖူးသမျှထဲမှာ အကြီးမားဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်လို့ ခေါ်ဆိုကြောင်း အိမ်ဖြူတော် အချက်အလက်မှတ်တမ်းအရ သိရပါတယ်။
သဘောတူညီချက်ထဲမှာ ဝေဟင်နဲ့ ဒုံးကျည်ကာကွယ်ရေး၊ လေတပ်နဲ့ အာကာသဆိုင်ရာ တိုးတက်မှု၊ ရေကြောင်းလုံခြုံရေးနဲ့ ဆက်သွယ်ရေး အပါအဝင် နယ်ပယ်တွေမှာ အမေရိကန် ကာကွယ်ရေးကုမ္ပဏီ တဒါဇင်ကျော်နဲ့ သဘောတူညီချက်တွေ ပါရှိ အကျုံးဝင်ကြောင်း ဖော်ပြထားပါတယ်။
ဆော်ဒီအာရေဗျ ကလည်း အမေရိကန်နဲ့အတူ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ဒေါ်လာ ဘီလီယံ ၆၀၀ အထိ ရှာဖွေနေပြီး အဲဒီတန်ဖိုးကို ဒေါ်လာ ၁ ထရီလီယံအထိ မြှင့်တင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမဒ် ဘင်န် ဆာလ်မန်က မေ ၁၃ ရက် ဆော်ဒီ-အမေရိကန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အတွင်း ပြောကြားခဲ့ပါတယ်။
ဆော်ဒီအာရေဗျဟာ အမေရိကန်လက်နက်တွေအတွက် အကြီးဆုံး ဖောက်သည်နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။
Source: Reuters