DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်
DVB
·
May 9, 2025
ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်−ထားဝယ်ခရိုင်ရှိ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသကို အလုံးစုံ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က  ဒီကနေ့ မေ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၉ ရက်နဲ့ မေ ၉ ရက်နေ့တွေမှာ ထီးခီးဒေသက ထီးထာဗျူဟာစခန်းနဲ့ ထီးခီးဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက အလုံးစုံ သိမ်းပိုက်ရရှိခဲ့တာပါ။

ထိုင်း-မြန်မာနယ်စပ်က အရေးပါတဲ့ စစ်ကောင်စီရဲ့ ထီးခီးတပ်စခန်းကို  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေ ၉ ရက် မနက် ၉ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်နိုင်တာလို့ တိုက်ခိုက်မှုမှာပါဝင်တဲ့ Force For Federal Democracy-FFD တပ်ဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က ပြောပါတယ်။

“ထီးခီးစခန်းကို ဒရုန်းပစ်ကူ၊ ၁၂၀ လက်နက်ကြီးပစ်ကူ အားကောင်းကောင်းနဲ့ ခက်ခက်ခဲခဲ သိမ်းပိုက်ခဲ့တာ ဖြစ်တယ်။ ဘာလို့ဆိုတော့ ထီးခီးစခန်းရဲ့ ၄ ပုံ ၃ ပုံလောက်က ထိုင်းနိုင်ငံထဲ ရှိနေသလို ထိုင်းနိုင်ငံ နယ်စပ်မျဉ်းပေါ်မှာ ရှိနေတယ်။ ထိုင်းနိုင်ငံရဲ့ ဖိအားတချို့လည်း ရှိခဲ့တယ်။”

ထီးခီးစခန်းကို တိုက်ခိုက်မှုအတွင်း ထိုင်းနိုင်ငံဘက်မှ စစ်ကောင်စီဘက်ကို ဆီတွေတင်ပေးတာ၊ မီးစက်တွေတင်ပေးတာကို လုပ်ပေးခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ရဟတ်ယာဉ် ၄ စီးနဲ့ လက်နက်ကြီးအင်အား၊ လူအင်အားတွေ ဖြည့်တင်းခုခံခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လူအင်အားတွေ၊ ဒရုန်းတွေကို အသုံးမပြုနိုင်အောင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်ဦးမှုရယူပြီး ဒရုန်းတွေအသုံးပြု ဖျက်ဆီးနိုင်ခဲ့သလို ကာကွယ်ရေးစနစ်တွေကို ချထားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်းများစွာ ဆုံးရှုံးခံပြီး တိုက်ယူခဲ့ရတာလို့ ဒုတာဝန်ခံ ကိုအောင်အောင်က ဆိုပါတယ်။

“ပြီးခဲ့တဲ့လမှာ ထီးထဗျူဟာကို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်တဲ့နောက်မှာ ကမ်းရိုးတန်းတိုင်းမှူး ကျော်ကျော်ဟန်က တပ်မဟာ ၄ ဧရိယာကို အမှုန့်ချေဖျက်မယ်ဆိုပြီး ကြုံးဝါးထားတာ ရှိပါတယ်။ ဒါပေမဲ့ အမှုန့်ကြေသွားတာကတော့ သူတို့ရဲ့ ထီးခီးစခန်းပဲ ဖြစ်ပါတယ်။”

ထီးခီးစခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်တွေ အကျအဆုံး၊ လက်နက်သိမ်းဆည်းရမိမှုနဲ့ သုံ့ပန်းဖမ်းမိမှု အခြေအနေတွေကို အတည်မပြုနိုင်သေးပါဘူး။

ရက်ပေါင်း ၂၀ ကျော် တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တဲ့ ထီးခီးတပ်စခန်းမှာ စစ်ကောင်စီအင်အား ၁၅၀ လောက် အထိရှိပြီး  တပ်ရင်း ၂၅ ရဲ့ တပ်ရင်းမှူး ကိုယ်တိုင်ထိုင်တဲ့ အခိုင်အမာ တပ်စခန်းတခုလည်း ဖြစ်ပါတယ်။

ထီးခီးဒေသမှာ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်ရုံးတွေ တည်ရှိပြီးတော့ ထီးထာမှာ တော့ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရုံးအဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ နေထိုင်ခဲ့ကြတယ်လို့ KNU ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၁၉၇၄ ခုနှစ်က ထီးခီးဒေသမှာ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ် တည်ဆောက်ဖို့ စတင် စီစဉ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှာတော့ စတင်တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၁၉၉၇ ခုနှစ်မှာ ထီးခီးဒေသကို မြန်မာ့တပ်မတော် တပ်မ ၅၅ နဲ့ တပ်မ ၆၆ ဦးဆောင်တဲ့ တပ်ရင်း ၂၀ လောက်က မေဂျာအော်ပရေးရှင်းအနေနဲ့ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013