
ဆက်ဇွန်ဟောက်ဇင် ချွေးတပ်စခန်းကနေ လွတ်မြောက်တဲ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် မေ ၄ ရက်မှာ ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ လွတ်မြောက်လာသူတွေက ရင်သပ်ရှုမောစရာ အမှတ်တရတွေကို ဝေမျှကြပြီး စစ်ပွဲနဲ့ နိုင်ငံရေး ခြယ်လှယ်မှု အန္တရာယ်တွေကို သတိပေးခဲ့ကြပါတယ်။
ဘလန်ကန်ဘော့ဂ်က စခန်းခွဲကနေ လွတ်မြောက်ချိန်မှာ အသက် ၁၃ နှစ်ရှိပြီဖြစ်တဲ့ ပိုလန်နိုင်ငံက အသက်ရှင်ကျန်ရစ်သူ ဘော့ဂ်ဒန် ဘာတနီကော့စကီက တခြားကလေးတွေကို သူတို့မိသားစုတွေနဲ့ ခွဲထားတာ မြင်ခဲ့ရပြီး ငတ်မွတ်မှုနဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင် တွန်းလှန်ခဲ့ရတာကို သတိရမိတယ်လို့ ပြောပါတယ်။
“လူသန်းပေါင်းများစွာ သေဆုံးခဲ့ရတဲ့ အဲဒီအဖြစ်ဆိုးကနေ လူသားတွေဟာ နည်းနည်းသာ သင်ယူခဲ့ကြတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်” လို့ သူကပြောပါတယ်။
အခုအချိန်မှာတောင် ကမ္ဘာပေါ်မှာ လက်နက်ကိုင်ပဋိပက္ခပေါင်း ၅၀ လောက် ဖြစ်နေပြီး လူတွေသေတာ၊ အိုးအိမ်က နှင်ထုတ်ခံရတာ၊ ချစ်ရတဲ့သူတွေကို ဆုံးရှုံးတာ၊ အစာငတ်ပြီး သေဆုံးတာတွေ ဖြစ်နေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
အထိမ်းအမှတ်ပွဲကို တက်လာသူတွေအတွက် သတင်းစကားကို မေးရာမှာ ဘာတနီကော့စကီက လူတွေ အတိတ်ကို သတိရရုံသာမက ပစ္စုပ္ပန်မှာ နေထိုင်ပြီး ပိုကောင်းတဲ့ အနာဂတ်ကို ပုံဖော်ရာမှာ တာဝန်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။
အသက်ရှင်ကျန်ရစ်တဲ့ အဖော်ဖြစ်သူ ယာဇီ ဇာဝဒ်ဇ်ကီကတော့ စခန်းထဲမှာ ဆေးဘက် အစမ်းသပ်ခံဖြစ်ခဲ့တဲ့ သူငယ်ချင်းတယောက်ရဲ့ ဝေဒနာကို ပြန်ပြောပြခဲ့ပါတယ်။
“သူတို့က သူ့ကို ခွဲစိတ်စားပွဲပေါ်တင်ပြီး ဘယ်ခြေထောက်ကို ချိုးလိုက်ကြတယ်” လို့ သူက ပြောပြပါတယ်။
လှပတဲ့လူဟာ ဒီကမ္ဘာကြီးမှာ လှပတဲ့အရာ၊ တန်ဖိုးရှိတဲ့ အရာတွေကို ရွေးချယ်သင့်တယ်လို့ သူက ဘာတနီကော့စကီလိုပဲ လူငယ်မျိုးဆက်သစ်တွေကို တိုက်ရိုက်ပန်ကြားခဲ့ပါတယ်။
ဆက်ဇွန်ဟောက်ဇင် ချွေးတပ်စခန်းကို တခြားစခန်းတွေက အကျဉ်းသားတွေကို အတင်းအကျပ် စေခိုင်းပြီး ၁၉၃၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။
၁၉၃၆ ကနေ ၁၉၄၅ ခုနှစ်အတွင်း လူပေါင်း ၂၀၀,၀၀၀ ကျော်ကို ဒီစခန်းထဲမှာ ထိန်းသိမ်းထားခဲ့ပါတယ်။
၁၉၄၄ ခုနှစ်မှာ အကျဉ်းသား ၉၀ ရာခိုင်နှုန်းက ဂျာမနီမဟုတ်တဲ့ တခြားနိုင်ငံတွေကဖြစ်ပြီး အများစုက ပိုလန်နဲ့ ဆိုဗီယက်နိုင်ငံတွေက အကျဉ်းသားတွေ ဖြစ်ပါတယ်။
Source: Reuters