DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းကြေးနီစီမံကိန်းကို လုံခြုံရေးအင်အား အများအပြားချပြီး ဆက်လက်လည်ပတ် 
DVB
·
May 4, 2025
လက်ပံတောင်းကြေးနီစီမံကိန်းကို လုံခြုံရေးအင်အား အများအပြားချပြီး ဆက်လက်လည်ပတ် 
Donate to DVB

ငလျင်ဒဏ်ကြောင့် ထိခိုက်မှုတွေရှိခဲ့ပေမဲ့ လက်နက်ရရှိရေးအတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို စစ်ကောင်စီက ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေပြီး လုံခြုံရေးအင်အားအများအပြားချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁ ခု အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒေသခံကျွမ်းကျင်ဝန်ထမ်းတွေကို လစာ ၂ ဆ၊ ၃ဆ ပိုပေးပြီး အလုပ်ပြန်ခန့်ပေမဲ့ လတ်တလောမှာ ဒေသခံအနည်းငယ်သာ စားဝတ်နေရေးကြောင့် စီမံကိန်းမှာ အလုပ်ပြန်ဝင်နေတယ်လို့ သိရပါတယ်။

လက်ပံတောင်းဒေသခံတယောက်က “ငလျင်လှုပ်ပြီးနောက်ပိုင်း လည်ပတ်မှုက ရှိတယ်၊ နေ့တိုင်း လည်နေတယ်၊ ကုန်ကြမ်းတွေကို သူတို့က မုံရွာနမခမှာ ခဏနားပြီးတာနဲ့ မန္တလေး-စစ်ကိုင်းလမ်းကို တခါတည်း ထုတ်တယ်။ တရက်မှ မနားဘူး။ နေ့တိုင်းပဲ အလုပ်လုပ်နေတယ်။ အစောင့်အရှောက်တွေကတော့ များတယ်၊ ဗမာစစ်သားတွေအပြင်ကို တရုတ်စစ်သားတွေလည်း ရှိတယ်။ အဲဒါ သေချာတယ်၊ အနည်းဆုံးကတော့ ၅၀ ပတ်ဝန်းကျင်ကတော့ ရှိတယ်။ သူတို့ကတော့ အပြင်မထွက်ကြဘူး၊ ဗမာစစ်သားတွေကတော့ တလကို ၂ ခါလောက် အပြင်ထွက်တယ်။ သူတို့စစ်ကြောင်းထိုးပြီဆိုရင်တော့ လက်နက်ငယ် ဖောက်တာတွေရှိတယ်။ ဝမ်ပေါင်ထဲကနေ ရိက္ခာလိုလို့ ထွက်ပြီဆိုရင် ညောင်ပင်ကြီးဇက်ဆိပ်ကို ထွက်တယ်။ လက်နက်ငယ် ဖောက်တယ်၊ စစ်ကြောင်း ၂ ကြောင်း ခွဲထွက်တယ်၊ လက်ပံတောင်းတောင်က အရေးကြီးတာပေ့ါ။ သူတို့အတွက် ‘ကြေး’  ကို ကျည်ခွံလည်း ထုတ်သလို လက်နက်နဲ့လည်း အလဲအလှယ်လုပ်တာလေ။ တလတခါ ‘ကြေး’ ရပြီဆိုမှ လေယာဉ်ပစ်လက်နက်တို့၊ Y12 လက်နက်တို့က အဲဒီကနေပဲ ဝယ်ရတာကိုး။ အဲဒါကြောင့်မို့ သူတို့က တလ တခါ ပုံမှန်ထုတ်နေတာ၊ အရင်တုန်းကလို သူတို့က လှိုင်လှိုင်ကြီး မလုပ်တော့ဘူးလေ။ အရင်က ကားအစီး ၁၀၀ လောက်လုပ်တယ်ဆိုရင် အခုကတော့ ကားအစီး ၅၀ တို့၊ ၃၀ တို့ အဲဒီလောက်ပဲလုပ်တော့တာလေ။ ပြီးတော့ ဆားလင်းကြီး-ယင်းမာပင်ဘက်က အလုပ်သမားတွေက ထောင်နဲ့ချီရှိတာကိုး၊ အခုဟာက ဆားလင်းကြီးဘက်က အလုပ်သမားက နည်းတယ်၊ များတာက ဧရာဝတီ၊ ပဲခူး၊ ပုသိမ်ကြီးတို့က လူကများတယ်။”

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲက တကောင်းနီကယ်စီမံကိန်းကတော့ တော်လှန်ရေးအင်အားစုတွေ သိမ်းယူခဲ့ပြီး အချိန် ၉ လနီးပါးကြာတဲ့အထိ ပြန်မလည်ပတ်နိုင်သေးပါဘူး။ 

တကောင်းနီကယ်စီမံကိန်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတွေ လက်နက်ချ အညံ့ခံခဲ့တာကြောင့် ဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ဇူလိုင်လကုန်ပိုင်းမှာ ထိန်းချုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်းကနေ လက်ရှိအချိန်အထိ လုပ်ငန်းပြန်မလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းထားရတာဖြစ်ပါတယ်။ 

စစ်ကောင်စီက တင်ပို့တဲ့ တကောင်းနီကယ်စီမံကိန်းအတွက် လိုအပ်တဲ့ ကျောက်မီးသွေးနဲ့ ဓာတုဗေဒ လိုအပ်ချက်တချို့ကို စီမံကိန်းဘက်က ပြန်လည်ရရှိထားပေမဲ့ ဘယ်လို လိုအပ်ချက်ရှိနေတာကြောင့် ပြန်မလည်ပတ်နိုင်သေးတာလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

“စက်ရုံလည်ပတ်မှုတော့ မရှိဘူးဗျ၊ ကြာပြီ ရပ်ထားတာပေါ့နော်။ ပြန်လည်လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။ စက်ရုံက ရပ်ပြီးလို့ရှိရင် လည်ပတ်ဖို့က တော်တော် အချိန်ယူရတာဆိုတော့ ကျန်တဲ့ လိုအပ်ချက်ရှိတာတော့ ကျနော်တို့ အသေးစိတ်မသိပါဘူးဗျ။ ဝန်ထမ်းတွေနဲ့ပတ်သက်လို့ ၂ ပိုင်းပေါ့နော်၊ မဖြစ်မနေ မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်းတချို့ကိုတော့ စက်ရုံထဲမှာ ထားပြီးတော့ ပုံမှန်လစာပေးတယ်လို့ ကြားပါတယ်။ လောလောဆယ် စက်ရုံလည်ပတ်နေတာ မဟုတ်တဲ့အတွက် အပိုဖြစ်မယ့်ဝန်ထမ်းတွေကိုတော့ သင့်တင့်လျောက်ပတ်တဲ့ လစာတခု ပေးပြီးတော့မှ ထားတယ်လို့ ကြားသိရပါတယ်ဗျ၊ လောလောဆယ် အခြေအနေလေ။”

တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်ရောက်နေတဲ့ တရားဝင် တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံ အလုပ်ရုံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NU) က တတ်စွမ်းသရွေ့ အကာအကွယ်ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ သမ္မတရုံးတာဝန်ရှိသူက ပြောဆိုထားပါတယ်။ 

စီမံကိန်းတွေနဲ့ပတ်သက်တဲ့ NUG ရဲ့ မူဝါဒကတော့ တရားဝင်အစိုးရတွေ လက်ထက်မှာ အတည်ပြုထားတဲ့ လုပ်ငန်းတွေအားလုံးကို အသိအမှတ်ပြု ကာကွယ်ပေးမှာဖြစ်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ဖို့ကိုတော့ နိုင်ငံတကာကို တောင်းဆိုထားပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်က တရုတ်စီမံကိန်း ၁၁ ခုထဲက ၁၀ ခုကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပြီး ရှမ်းမြောက်နဲ့စပ်ဆက်ဒေသတွေက တရုတ်စီမံကိန်း ၁၃ ခုအထိ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေက ထိန်းချုပ်ထားတယ်လို့ ISP မြန်မာ ရဲ့ ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်းအထိ မှတ်တမ်းတွေက ဖော်ပြပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013