Home
မြန်မာသတင်း
တားမြစ်ရာသီတွင် ငါးဖမ်းခွင့်ပြုထားသဖြင့် ရေအောက်သယံဇာတ ပြုန်းတီးနိုင် 
DVB
·
May 3, 2025

တနင်္သာရီတိုင်းအတွင်းရှိ ပင်လယ်ပြင်မှာ ငါးဖမ်းလှေတွေကို  ငါးမဖမ်းရရာသီ (ငါးသားပေါက်ရာသီ) အတွင်း ငါးလုပ်ငန်းဦးစီးဌာနက ငါးဖမ်းခွင့်ပြုတဲ့အပေါ် ရေအောက်သယံဇာတတွေ ပိုမိုရှားပါးလာနိုင်ပြီး ထိခိုက်ပျက်စီးနိုင်တယ်လို့ တနင်္သာရီတိုင်း၊ သယံဇာတလေ့လာစောင့်ကြည့်သူတယောက်က ပြောပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနက ဧပြီ ၁ ရက်နေ့မှ ဇွန် ၃၀ ရက်အထိ ၃ လကို ငါးသားပေါက်ရာသီအဖြစ် သတ်မှတ်ခဲ့ပြီး ရေလုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကြောင့် ကမ်းဝေးငါးဖမ်းလှေတွေကို ဧပြီ ၁ လမှာ လုပ်ကိုင်ခွင့်ပေးခဲ့တယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက မတ် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရေလုပ်ငန်းရှင်နဲ့နီးစပ်သူတယောက်က “ရေလုပ်ငန်းရှင်တွေက ဒီနှစ်မှာ အရှုံးပေါ်လို့ ငါးလုပ်ငန်းဦးစီးဌာနကို ငါးမဖမ်းရရာသီမှာ တလငါးဖမ်းခွင့်ပေးဖို့ တောင်းဆိုထားကြတယ်။ စက်သုံးဆီစရိတ်တွေနဲ့ ငါးမရတာကြောင့် တလတိုးပြီး ငါးဖမ်းခွင့်တောင်းတာပါ” လို့ ပြောပါတယ်။

အခုလို ငါးမဖမ်းရာသီမှာ ငါးလုပ်ငန်းဦးစီးဌာနက ကမ်းဝေးငါးဖမ်းလှေတွေကို လုပ်ကိုင်ခွင့်ပေးတဲ့အပေါ် ကမ်းနီးငါးဖမ်းလှေတွေနဲ့ ပင်လယ်ရေအောက်သယံဇာတတွေ ပျက်စီးနိုင်တယ်လို့ တနင်္သာရီတိုင်း၊ သယံဇာတလေ့လာစောင့်ကြေည့်သူတယောက်က ပြောပါတယ်။

“ငါးမရတာက သူတို့အလွန်အကျွံဖမ်းလို့ ငါးပြုန်းတီးတာပါ။ မဖမ်းရတဲ့နယ်မြေတွေမှာ ဖမ်း၊ ကန့်သတ်ထားတဲ့ ကိရိယာတွေနဲ့ ဖမ်း၊ အဲလိုမျိုးလုပ်တဲ့အတွက် ငါးကရှားပါးနေတာပါ။ ကမ်းဝေးငါးဖမ်းလုပ်ကိုင်နေတဲ့ ရေလုပ်ငန်းရှင်တွေက အမျိုးမျိုးအကြောင်းပြပြီးတော့ ငါးမဖမ်းရရာသီမှာ ငါးဖမ်းတာကို ဆက်လုပ်နေတယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းထဲက ကမ်းဝေးငါးဖမ်းလှေတွေဟာ ပင်လယ်ပြင် စိုးမိုးရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တားမြစ်ကမ်းနီးရေပြင်မှာ ငါးဝင်ရောက်ဖမ်းဆီးနေသလို တရားမဝင် ငါးဖမ်းကိရိယာတွေ အသုံးပြုတာကြောင့် ရေအောက်သန္တာကျောက်တန်းတွေ ပျက်ဆီးဆုံးရှုံးနေသလို ဒေသခံ တပိုင်တနိုင် ငါးရှာဖွေနေသူတွေ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024