
တော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက် ၆ ချက်ကို အာဏာသိမ်းစစ်တပ်က လက်မခံရင် ဆွေးနွေးမှုလုပ်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ရေး နိုင်ငံရေးအကျပ်အတည်းတွေကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကနေ ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာက ကြိုးစားလာပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကရော အာဏာသိမ်းစစ်တပ်ဘက်ကပါ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိကြပါဘူး။
NUG အစိုးရကတော့ အာဏာသိမ်းစစ်တပ်အနေနဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်မယ်ဆိုရင် စစ်အာဏာရှင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန်တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့အားလုံးရဲ့ ဘုံသဘောတူညီချက် ၆ ချက်ကို လက်ခံဆွေးနွေးမယ်လို့ NUG အစိုးရ ပြောရေးဆိုခွင့်ရှိသူ နေဘုန်းလတ်က ပြောပါတယ်။
အဲဒီ ဘုံသဘောတူညီချက် ၆ ချက်ကို သွေဖည်ပြီး အာဏာသိမ်းစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ကြတဲ့ ဘယ်အဖွဲ့အစည်းမဆို သမိုင်းရဲ့ တရားခံ ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ကြိုတင် သတ်မှတ်ချက်တွေမထားမှ တွေ့ဆုံဆွေးနွေးနိုင်မယ်လို့ ပြောပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆွေးနွေးမယ်လို့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေအရ တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီမှုတွေရှိခဲ့ရင်လည်း ဆွေးနွေးမှုအသာစီးရနိုင်ဖို့အတွက် စစ်ရေးကို အရှိန်မြှင့်လာနိုင်သလို အာဏာသိမ်းစစ်တပ်ဘက်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ NUG ကို သီးသန့်ခွဲပြီး ဆွေးနွေးမှရမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)(NCA-S) ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်ဟာ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပပြီး အဲဒီရွေးကောက်ပွဲ က တက်လာတဲ့ အစိုးရကနေတဆင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဆက်လက်ဆောင်ရွက်ဖို့ လုပ်ဆောင်နေပါတယ်။
အောင်သူ