
ပြီးခဲ့တဲ့ မတ်လအတွင်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင် ကုမ္ပဏီက ပြောတဲ့အကြောင်း Reuters သတင်းမှာ ဧပြီ ၂၂ ရက်က ဖော်ပြပါတယ်။
နေပြည်တော်အနီးမှာ တည်ဆောက်မယ့် အဆိုပါစက်ရုံကိုတော့ ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း (Rosatom) က ဦးဆောင်သွားမယ်လို့ ကုမ္ပဏီရဲ့ အထွေထွေ ညွှန်ကြားရေးမှူးချုပ် အလက်စီလီခါချော့ဖ်က ပြီးခဲ့တဲ့လတုန်းက ရုရှားသမ္မတ ပူတင်နဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံပြီး စက်ရုံတည်ဆောက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးမှုအပြီးမှာ ပြောထားခဲ့တာပါ။
အစီအစဉ်အရ ၅၅ မဂ္ဂါဝပ် ထွက်ရှိမယ့် RITM-200 အမျိုးအစား အသေးစား နျူကလီးယား ဓာတ်ပေါင်းဖို ၂ လုံး တည်ဆောက်မှာဖြစ်ပြီး စုစုပေါင်း ၁၁၀ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ကာ ၃၃၀ မဂ္ဂါဝပ်အထိပါ နောက်ပိုင်း တိုးချဲ့ တည်ဆောက်သွားနိုင်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံးဖြစ်ကာ အဆိုပါငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
Rosatom ကုမ္ပဏီဘက်ကတော့ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စက်ရုံရဲ့ အစီအမံတွေကို ထိခိုက်ခြင်းမရှိကြောင်း ကုမ္ပဏီ သတင်းပြန်ကြားရေးအဖွဲ့က အီးမေလ်ကတဆင့် ပြန်ကြားထားသလို ကုမ္ပဏီအနေနဲ့ ငလျင်ဒဏ်ခံနိုင်ရေး သတ်မှတ်ချက်တွေ အပါအဝင် အမြင့်ဆုံး နိုင်ငံတကာ ဘေးကင်းလုံခြုံမှုနဲ့ ယုံကြည်စိတ်ချရမှု စံနှုန်းတွေအတိုင်း လိုက်နာလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကုမ္ပဏီက မြန်မာနိုင်ငံမှာ အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက် ပျက်စီးစေခဲ့တဲ့ ငလျင်လှုပ်ခတ်ခဲ့ပေမဲ့ နျူကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်မယ့် ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို အစောပိုင်းက ထုတ်ဖော်ပြောထားတာ မရှိခဲ့သလို နျူကလီးယားစက်ရုံရဲ့ တည်နေရာ အသေးစိတ် အချက်အလက်တွေကိုလည်း ဖြေကြားဖို့ ငြင်းဆိုထားပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ Reuters သတင်းဌာနက မြန်မာစစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူဆီ မှတ်ချက်တစုံတရာပေးဖို့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုကို အနီးကပ် စောင့်ကြည့်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ နျူကလီးယားစက်ရုံကို နေပြည်တော်မှာ တည်ဆောက်နိုင်တယ်လို့ ယူဆထားတဲ့အကြောင်း လုံခြုံရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဒါ့အပြင် နောက်ထပ်အလားအလာရှိတဲ့ နေရာ ၂ ခုကတော့ ပဲခူးတိုင်း အလယ်ပိုင်းနဲ့ မြန်မာနိုင်ငံ တောင်ပိုင်းက ထားဝယ် အထူးစီးပွားရေးဇုန်တို့ဖြစ်ကာ စစ်အုပ်စုနဲ့ ရုရှားနိုင်ငံ အာဏာပိုင်တွေဟာ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်းတခုနဲ့ ရေနံချက်စက်ရုံတခု တည်ဆောက်ဖို့ စီစဉ်ထားတယ်လို့ ကြေညာခဲ့တဲ့အကြောင်းလည်း ပြောလိုက်တာပါ။
ရုရှားနဲ့ မြန်မာနိုင်ငံတွေဟာ အဆိုပါကဏ္ဍအတွက် နှစ်ပေါင်းများစွာ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ကာ မြန်မာကျောင်းသားတွေဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက ရုရှားတက္ကသိုလ်တွေမှာ နျူကလီးယားစွမ်းအင်နဲ့ ဆက်စပ်ဘာသာရပ်တွေကို လေ့လာနေကြတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
Source : Reuters/ The Straits Times