
နှစ်ဟောင်းကို အကြိမ်ကြိမ် ထားရစ်ခဲ့ဖူးပြီး နှစ်သစ်တိုင်းမှာ မင်္ဂလာအပေါင်း ခညောင်းဖို့ ရည်သန်ပြီး ဘုရားကျောင်းကန်တက် ဥပုသ်သီလယူ စိတ်သစ်လူသစ်ဆိုတဲ့ နှစ်တွေလည်း များခဲ့ကြဖူးမှာပါ။ အတာရေသဘင်ပွဲ ဆင်နွှဲပြီး နှစ်ဟောင်းက အညစ်အကြေးတွေ ကင်းစင်စေခဲ့ပြီ… ဆိုတဲ့ ကြည်လင်တဲ့စိတ်လေးနဲ့ နှစ်သစ်ကို အခါခါ ချဥ်းနင်းဝင်ရောက်ခဲ့ဖူးပြီ။ ပျော်ဖူးခဲ့ပြီးသူတွေအတွက် ဖန်တရာတေခဲ့ပြီ။ မရိုးသောဆင်ခြေတွေနဲ့ အကျင့်ဟောင်းနွံထဲ ပြန်လူးမြဲ ကျွဲတကောင်လိုလည်း နေခဲ့ဖူးမှာပဲလေ။ ဘာထူးဆန်းလဲ။ တနှစ်ကူးမယ်ဆိုရင် သင်္ကြန်ရေသဘင်ပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲပြီး စတုဒိသာလေး ပတ်စားသူ၊ ဘုန်းကြီးကျောင်း ပတ်တက်သူ၊ ဘုရားစုံလည်ဖူးရင်း လိပ်ဥတူးသူ၊ လူကြီးမိဘ ဆရာသမားတွေကို ပတ်ကန်တော့ ဂါရဝပြုသူ၊ မဏ္ဍပ်တကာပတ်ပြီး ရှာပုံတော်မင်းသားလုပ်သူ၊ မူးလည်းမူး ရူးလည်းရူး အလဲလဲအကွဲကွဲနဲ့ ဒဏ်ရာရသူ၊ ရဲစခန်းရောက်သူ၊ သေပျောက်သူ၊ မိန်းမခိုးသွားသူ၊ လင်နောက်လိုက်ပြေးသူ… စသဖြင့် သင်္ကြန်ရဲ့အမှတ်တရ ပျော်ရွှင်စရာ နာကြည်းစရာ စသဖြင့် မတူတဲ့ ခံစားချက် အတွေ့အကြုံတွေနဲ့ ဖြတ်သန်းဖူးသူတွေအတွက် သင်္ကြန်ရှိခြင်း မရှိခြင်းက သိပ်ထူးခြားမှာ မဟုတ်ဘူး။ တမ်းတမိမယ်။ လွမ်းဆွတ်မိမယ်။
ပိတောက်နဲ့ တူးပို့ ရွှေမန်းတောင်ရိပ်ခိုမယ့် မြနန္ဒာ သီချင်းလေးနဲ့ ဝဿဝတီနတ်ပြည်က နတ်သမီးလေးလိုလှတဲ့ သင်္ကြန်မယ်လေးတွေကနေ မြူးကြွကြွ သင်္ကြန်သီချင်းတွေကို ဆောင်းဘောက်သံကျယ်နဲ့ အပြိုင်လိုက်အော်ဟစ် နေကုန်ကခဲ့ဖူးသူတွေ၊ မုန့်လုံးရေပေါ်ထဲ ငရုတ်သီးထည့်လုံး ကျီစားခဲ့ဖူးသူတွေ၊ နံ့သာရည်ကို ငွေဖလားထဲထည့် ပိတောက်ခက်နဲ့ ပက်ဖျန်းဖူးသူ၊ ရေမွှေးစပ်ပြီးပက်သူတွေ၊ ခွက်စောင်းခုတ်ပြီး ကျီစားသန် မျက်နှာရူးဖူးသူတွေ၊ သင်္ကြန်ကို မလွမ်းဘယ်ရှိလိမ့်မလဲ။ မန္တလေးသားဆိုရင် သင်္ကြန် ၃ ရက်လုံး မန္တလေးကျုံးတပတ် မပတ်မိချင်နေ ညနေစောင်းတာနဲ့ ပြင်ဦးလွင် ကန်တော်ကြီးက မျှော်စင်ကျွန်းမှာ တညလုံးရှိုးပွဲမှာ ဆိုက၊ ည ၁၂ နာရီထိုးရင် Happy New Year လေး သံကုန်ခြစ် ပျော်ရွှင်စွာအော်ကြ၊ နှစ်သစ်ကို မေမြို့မှာကူး၊ မနက် ၁၀ ၁၁ နာရီပတ်ဝန်းကျင်မှ မန္တလေး ပြန်ရောက်ခဲ့ဖူးတဲ့ လူလတ်ပိုင်းတွေ ရေသဘင်ပွဲဆင်နွှဲရင်း ကျုံးဘေးမှာ ရေပက်ခံကားပေါ် ဆာခဲ့ရသမျှ အတိုးနဲ့စား လျှော်ဖွပ် ဆေးကု။ မကုလို့ရမလား။ Sensitive ဖြစ်တဲ့ အသားအရေသမားတွေဆိုရင် ယားနာဖုလေးတွေ စပေါက်နေပြီ မဟုတ်လား။ အိမ်သုတ်ဆေးလို ဆေးရောင်စုံနဲ့ သင်္ကြန်ရက်အတွင်း ကေစုံသခဲ့တဲ့ မောင်မောင် ညောင်ညောင်တွေ ကတုံးလေးနဲ့ ပုံမှန်ဘဝထဲ ပြန်ဝင်ကြတာတွေ သတိရပြီး ပြုံးနေမယ့် မန္တလေးသား လူလတ်ပိုင်းတွေမှ တပုံကြီး။ ၂၀၀၀ ကျော်ခေတ်တွေကျ မဏ္ဍပ်ထိုင်ဖို့ VIP လက်မှတ်တွေ၊ ရိုးရိုးလက်မှတ်တွေ၊ ရေပက်ခံကားတွေနဲ့ လိုက်ကဲသူတွေ၊ ရပ်ကွက်ထဲ အုန်းလက်မဏ္ဍပ်လေးဆင်ပြီး ကလေးတွေနဲ့ ပျော်ကြသူတွေ၊ မြို့ကူးပျော် မြို့ပတ်ပျော်နဲ့။ မဏ္ဍပ်တကာလှည့်ကကြတဲ့ သင်္ကြန်မယ်လေးတွေ။ သင်္ကြန်က မလွမ်းစရာလား။ ကျော်ဖြတ်ခဲ့ဖူးပြီလေ။ ဒါပေမဲ့ပေါ့.... သင်္ကြန်ကို လွမ်းဖို့မပြောနဲ့ ပျော်စရာပွဲတော်ကြီးမှန်းတောင် မသိသေးတဲ့ ကလေးသူငယ်တွေနဲ့ သင်္ကြန်ဆိုတာ ပျော်စရာကောင်းလွန်းတဲ့ပွဲ ဆိုတာ သိဖူးလိုက်တဲ့ ကလေးတွေက ခုဆို တဆယ်ကျော် ငါးနှစ်ပတ်လည်တွေ ဖြစ်ကုန်ပြီ။ ကိုဗစ်ကတည်းက သင်္ကြန်ဆိုတာ ပျော်စရာမဟုတ်ခဲ့တော့ အဲချိန်မှာ လူစဖြစ်တဲ့ ကလေးတွေအတွက်တော့ သင်္ကြန်ဆိုတာ ဘာလားပေါ့။
ကချင်မှာ တကျော့ပြန်စစ်ဖြစ်လို့ အသက်လုပြေးလာပြီး စစ်ဘေးရှောင်လာတဲ့ ကလေးတွေက ဇာတိရွာမှာလို ရွာစုံပေါင်းလုပ်တဲ့ စုပေါင်းခရစ္စမတ်ပွဲ လာကြတယ်ထင်ပြီး ပျော်တာပေါ့။ ဘာလေးစားရရ အလှူရှင်တွေ ပို့လာတဲ့ ပစ္စည်းကို ခရစ္စမတ်လက်ဆောင်လို့ပဲထင်။ တန်းစီတိုးစားရတာကို ဒုက္ခမှန်း မသိသေး။ ကိုယ့်အိမ် မဟုတ်ပေမဲ့ ခရစ္စမတ်ပွဲသွားဖူးတဲ့ အတွေ့အကြုံနဲ့ သည်းခံတယ်။ လူစုလူဝေးကြီးနဲ့ နေရတာ ရွာခရစ္စမတ်တွေပဲ မဟုတ်လား။ ပျော်တာပေါ့။ ဒါပေမဲ့ ကြာလာတော့ ခရစ္စမတ်က မပြီးနိုင်သလို ဖြစ်လာတယ်။ အိမ်ပြန်မယ့်ရက်ကို မေးလာတယ်။ စစ်ဖြစ်လို့ နေရပ်ကို စွန့်ခွာထားရစ် ပြေးရှောင်ခဲ့ရပြီဆိုတာ သူတို့ မသိသေး။ ဟော.... တချို့ မြို့ငယ်လေးတွေ မြို့ကြီးတွေကျ ခရစ္စမတ်ပွဲအတွက် ကုန်ကျငွေတွေကို စစ်ဘေးသင့် သားချင်းတွေကို ပေးလှူရင်း လူသားချင်းစာနာမှုတွေကို ပြလိုက်ကြတာ တကျော့ပြန်စစ်မတိုင်ခင် ၃ ၄ ၅ နှစ်လောက်ရှိခဲ့တဲ့ ကလေးတွေနဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမွေးတဲ့ ကလေးတွေဆိုရင် ခရစ္စမတ်ပွဲဆိုတာ ပျော်စရာကောင်းမှန်း သူတို့ မသိကြဘူး။ ချမ်းအေးတဲ့ ဒီဇင်ဘာညတွေမှာ ညဘက် အိမ်တွေလှည့် ကယ်ရိုစင်း လိုက်ဆိုတာဆိုတာ ညအိပ်ရာဝင် ပုံပြင်အလားပဲ။ မကြုံဖူးတော့ဘူးလေ။ သခင်ယေရှု ဖွားမြင်တော်မူခြင်း နိပါတ်တော်ပြဇာတ်တို့ stqge show တို့ အကပဒေသာတွေ ဆိုတာ ဘာပြောနေမှန်းကို မသိကြတော့ဘူး။ ကချင် ကလေးချင်း အတူတူ ခရစ္စမတ်ပွဲ မပြီးနိုင်တော့တဲ့ ကလေးတွေရယ် ခရစ္စမတ် မသိတော့တဲ့ ကလေးတွေရယ် ၂ မျိုး ကွဲသွားတယ်။ သေချာတာက သူတို့ဟာ ခရစ္စမတ်ရာသီရဲ့ process ထဲ ပြီးပြည့်စုံစွာ မပါဝင်ဘူးခဲ့တဲ့ ကလေးတွေ ဖြစ်ကြတယ် ဆိုတာပါပဲ။ တချို့တော့ ရေးရေးလေး မှတ်မိကောင်း မှတ်မိနေပါလိမ့်မယ်။ တချို့ကလေးတွေ ခရစ္စမတ် မမြင်ဘူးလိုက်ပဲ စစ်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့ပြီးပြီ။ ခြေလက်အင်္ဂါ မစုံမလင် ဖြစ်ခဲ့ရပြီ။ လူသားချင်းစာနာမှုတချို့ဟာ ကလေးတွေရဲ့ ငယ်ဘဝမှတ်ဉာဏ်ထဲ ရှိနေရမယ့် ပျော်ရွှင်မှုတွေကို ဖျောက်ပေးပစ်တဲ့ နတ်ဆိုးတကောင်အဖြစ် ရုပ်ဖျက်နေနေရသေးတာပဲ။ Fund raising စျေးရောင်းပွဲတော်ကို ခရစ္စမတ်အဖြစ် ရုပ်ဖျက်ထားတော့ ငွေကြေးတတ်နိုင်တဲ့မိဘရဲ့ သားသမီးတွေက ကြိုက်ရာ လက်ညှိုးထိုးစားကြပြီး ချို့တဲ့တဲ့ကလေးတွေရဲ့ မိဘတွေကျ သားသမီးကို ချော့မော့ခေါ် ဇွဲကြီးတဲ့ ကလေးက မစားရမပြန် သန္နိဋ္ဌာန်နဲ့ဆိုတော့ တုတ်ပြ ခြောက်ရ ကြိတ်ရိုက်ရနဲ့။ ကလေးတွေရဲ့ ရင်ထဲမှာ ခရစ္စမတ်ဟာ ပျော်စရာပွဲ မဖြစ်တဲ့အပြင် မုန့်မစားရလို့ လိုချင်တာမရလို့ ငိုမိ သောင်းကျန်းမိတာကို အပြစ်တွေပေးခံရ၊ ဆူခံရ၊ ရိုက်ခံရတဲ့ နာကျင်စရာ ပွဲတော်တခုသာသာပါပဲ။ ပြန်တွေးချင်စရာမကောင်းတဲ့ ပွဲတော်တခုအဖြစ် ကလေးရဲ့စိတ်ထဲ မှတ်တမ်းတင်ပြီးဖြစ်နေပြီ။ ပုံရိပ်ယောင်တွေဆိုတာ ပုံရိပ်အစစ်ကို ရောင်ပြန်ဟပ်မပြနိုင်ဘူး မဟုတ်လား။ ပျော်စရာပုံရိပ်ဆိုလို့ စိုးစဉ်းမျှ ပြစရာမရှိခဲ့ဘူး မဟုတ်လား။ ဆင်းရဲချမ်းသာ ဘယ်လိုကွာဟဟ.... ပျော်ရွှင်စရာ ခရစ္စမတ်ပွဲတော် ပုံရိပ်စစ်ကိုတော့ ကလေးတွေ မကြုံဖြစ်ခဲ့တော့တာလည်း ငြင်းမရဘူးပဲလေ။
ဟော.. ခုရောက်နေတဲ့မြို့မှာလည်း ဆယ်ကျော်သက်တွေ ကလေးတွေရဲ့ သင်္ကြန်အဖြစ်ပဲ တွေ့လိုက်ရတော့ ရင်ထဲမကောင်း ဖြစ်မိတယ်။ အင်တာနက်လိုင်း ဖုန်းလိုင်း ဖြတ်ထားရုံမက မီးဖြတ်ထားတဲ့မြို့မှာ ဆောင်းဘောက်ဖွင့်ဖို့ မီးစက်နှိုးထားရတယ်။ နိုင်ငံရေးအခြေအနေကြောင့် လူသားပီသတဲ့မြို့လေးမှာ မဏ္ဍပ်မရှိ။ မြို့လေးရဲ့ အစီအစဥ်နဲ့ ပျော်စရာကောင်းခဲ့တဲ့ သင်္ကြန်မရှိ။ ဆောင်းဘောက်ဖွင့်ထားတဲ့ ပိတောက်ပင်အောက် ရေဖျန်းပိုက်လေး ဆင်ပေးထားတယ်။ ကကြပေတော့ တနေကုန်။ ဧရာဝတီမြစ်ကမ်းဘေးကမြို့ပေမဲ့ ရေလမ်းကြောင်းပြောင်းသွားတာ ကြာနေပြီဖြစ်တဲ့မြို့။ မနှစ်က ရေထကြီးတော့မှ မြို့နားလေး ရေစီးကြောင်းပြန်ပေါ်လာတယ်။ ဟိုးအရင် မီးသတ်ပိုက်နဲ့ ထိုးပက်တတ်တဲ့ နေရာတွေမှာ ရေပြန်ဝင်လာတော့ pressure သိပ်မပြင်းတဲ့ ပိုက်နဲ့ ထောင်ပန်းပေး။ တမြို့လုံးမှာ လူစုစုနဲ့ စည်တဲ့ ၃ ၄ နေရာလောက်ပဲ တွေ့ရတယ်။ အဲဒီနေရာတွေမှာ သေချာကြည့်တော့ ဆယ်ကျော်သက် ၂၀ ကျော်ပတ်ချာ အရွယ်လေးတွေပဲ ရေကစားနေတာ။ ရန်မဖြစ်ဘူး။ အဲလိုနေရာတွေနဲ့ နီးတဲ့အိမ်တွေပေါ်က လူကြီးသူမတွေ မသိမသာ စောင့်ကြည့် နားစွင့်ရုံ။ လူငယ်ကြီးတွေ လူလတ်ပိုင်း လူကြီးတွေအတွက် သူတို့နဲ့ သင်္ကြန်နဲ့ လားလားမှ မသက်ဆိုင်သလို ပြတ်ပြတ်သားသား နေကြပေမဲ့ ကလေးတွေပျော်ရွှင်မှုကိုတော့ နားလည်ပေးတဲ့ သဘောထားကြီး ပိုင်းခြားရှုမြင်တတ်သူတွေ။ ထိန်းကွပ်ပေးဖို့လောက်ပဲ အသင့်ရှိနေပေမဲ့ တောထဲက ငါတို့ကလေးတွေအတွက် ငါတို့ရှိနေသလို ရင်အုပ်မကွာရှိနေသေးတဲ့ ရင်သွေးငယ်တွေကို ပုံရိပ်ယောင်လေးနဲ့ပဲဖြစ်ဖြစ် မွန်းကြပ်မှုတွေကြား ပိတ်လှောင်မထားဘဲ သင်္ကြန်ကို ရှာဖွေခွင့်ပြုထားတာ။
ဟော လာပါပြီ သုံးဘီး တုံဖုန်းကားကြီး ခွေးဘီလူးကားတွေနဲ့ ပြွတ်သိပ်လာရင် ဆယ်နှစ်အောက် ဆယ်နှစ်ပတ်ချာလည်ကလေးတွေ ပြွတ်သိပ်သိပ်ကြား လိုက်ပို့တဲ့ လေးငါးဆယ်အရွယ် အမေတွေ ကြီးတော်တွေ အဘွားတွေ။ မြို့ကျဥ်းလေးထဲ ကွေ့ပတ်မောင်း ရပ်ကွက်လမ်းတွေပေါ် ပတ်မောင်း ၁ နာရီလောက် ပတ်မောင်းပြီးရင် လည်စရာကုန်ပြီ။ ဆိုင်ကယ်ပေါ် ၃ ယောက်လောက် အတူစီးလာတဲ့ ဆယ်ကျော်သက်တွေ ရှိလှမှ ၁၅ ၁၆ အရွယ်လေးတွေ။ စတုဒိသာ အရမ်းကျွေးလေ့ရှိတဲ့ မြို့ကလေးဟာ ကုန်စျေးနှုန်းကြီးမြင့်လွန်းတဲ့ဒဏ်ကို အံကြိတ်ခံရင်း ရအောင် လှူတန်းနေကြတာ ချစ်စရာပါပဲ။
အရင်က ဗဟိုမဏ္ဍပ် အပါအဝင် ရပ်ကွက်မဏ္ဍပ်တွေနဲ့ စည်ချင်တိုင်း စည်ခဲ့တဲ့ မြို့ငယ်လေး။ အနားပတ်ဝန်းကျင် မြို့လေးတွေ ၄ ၅ မြို့ ရွာကြီး ရွာငယ်တွေက ကူးလာပြီး လာပျော်ရတဲ့ မြို့ကလေးရဲ့ သင်္ကြန်ဟာ အတိတ်တနေရာမှာ ယို့ယို့လေးရှိနေရှာမှာ။
ခုချိန် စည်တယ်လို့ပြောရင် ပြောတဲ့သူက ဆယ်ကျော်သက်လူငယ်အပြင် ဘယ်သူ ဖြစ်နိုင်ဦးမလဲ။ ရွှေရောင်နှစ်တွေကို မကြုံဖူးခဲ့သေးတာလေ။ ဆောင်းဘောက်ဖွင့် ရေပိုက် မိုးပေါ်ထောင်ဖျန်း အုံပြီး နေကုန် သီချင်းပြောင်း ကနေတာကို စည်တယ်လို့ ပြောမှတော့ ကလေးတွေပဲပေါ့။ ရိုးရာသင်္ကြန် လှပတဲ့သင်္ကြန် အဘတို့ရဲ့သင်္ကြန် စသဖြင့် မကြုံခဲ့ဖူးသေးဘူး မဟုတ်လား။
ဘာနေနေ ခေတ်မီလာတဲ့ ပြယုဂ်အနေနဲ့ မြို့ငယ်လေးမှာ သုံးဘီးကား တုံဖုန်းကားကြီးတွေ ခွေးဘီလူးကား ဆိုင်ကယ်တွေပေါ်မှာတော့ သင်္ကြန်ပွဲတော်ကြီးကို မကြုံဖူးတဲ့ ဆယ်နှစ်ပတ်ချာကလေးတွေ လေး ငါး ခြောက်နှစ် ကလေးတွေက အန္တရာယ်ကင်းတဲ့ မိဘ၊ အဒေါ် ဦးလေးတွေရဲ့ ရင်ခွင်ထဲကနေ သင်္ကြန်ကို မြင်ဖူးကြပြီပေါ့။ လိုက်ပို့တဲ့ မိဘတွေ အုပ်ထိန်းသူတွေကတော့ စုရပ်နေရာကလွဲပြီး ခြောက်ကပ်နေတဲ့ မြို့လေးရဲ့ သင်္ကြန်မှာ စုပြုံကနေတဲ့ လူအုပ်လေးကို ပြမယ်၊ ရေပိုက် မိုးပေါ်ထောင်ပက်တဲ့ နေရာကျ သဘက်တွေနဲ့ ကာပေး ခေါ်လည်ကြမယ်။ ဒါ သိပ်ကောင်းတဲ့ အဖြစ်ပါ။ မစည်ကားနေတာတောင် ဒါသင်္ကြန်တွင်းလေ ဆိုတဲ့ process တစိတ်တပိုင်းကို ကလေးတွေ မြင်ရတာပေါ့။ အဝေးရွာတွေက လာတဲ့ သုံးဘီးပေါ်က ကလေးတွေ ကနေတဲ့ အစ်ကို၊ အစ်မ အရွယ်တွေကို ငေးရင်း ဘာတွေးနေကြမလဲတော့ သိချင်မိတယ်။ တချို့ကလေးတွေကလည်း လူကြီးမိဘတွေနဲ့ ဘုန်းကြီးကျောင်းတက် စတုဒိသာစား၊ အိမ်ရှေ့ ရေလေးထွက်ပက်နဲ့ အေးအေးချမ်းချမ်းပါပဲ။
တချို့ကလေးတွေကျ အခက်အခဲ ဖြေရှင်းရင်း တချက်ခုတ် နှစ်ချက်ပြတ်။ အန်တီ ရေမလောင်းဘူးလား။ ဆိုတဲ့ မေးသံကို မီးမလာလို့ ရေ မတင်ရပါဘူးအေ.. ဆိုတော့ သမီးတို့၊ သားတို့က ရေမလာလို့ ရေပတ်ချိုးနေကြတာ။ သင်္ကြန်လည်ရင်းပေါ့ဆိုပြီး ရယ်မော နှုတ်ဆက်သွားတယ်။ ဟုတ်သားပဲ။ အစိုးရ ရေပိုက်လိုင်းက ရေကို ခွဲတမ်းစနစ်လောက်လေး ရတာ။ ဘယ်က ရေပက်နိုင်ပါ့မလဲ။ ရေတွင်းတူးဖို့လည်း ကုဋေကျောက်ခံတဲ့ ရပ်ကွက်ကိုး။ မြစ်ကမ်းနားက ရေအေးအေးလေး အလောင်းခံရပြီး ကုန်းပေါ် ရေရှားရပ်ကွက်လေးကို ရောက်လာတော့ အမယ်လေး… ရေနွေးတွေလား။ လန့်ပြီး အော်မိကြရော။ သုံးဘီးကားပေါ် တာလပတ်နဲ့ ရေကန် လုပ်ထားပေးပြီး ရေပိုက်ငယ်လေးနဲ့ ဇလုံထဲ ရေသွယ်ပေးထားတာကို နေပူကြီးအောက် ခမောက်ဆောင်း ရေပက်မှတော့ အမိုးအကာမရှိတဲ့ ရေက ပူပူကြီးဖြစ်နေတာပေါ့။ ဘယ်လိုနေနေ ကလေးတွေ ပျော်ဖို့ ကြံဖန်ပေးရတာပဲ မဟုတ်လား။
ချောင်ကြားက ရပ်ကွက်တွေမှာဆို ရေခွက်နဲ့ စောင့်နေတဲ့ ကလေးအုပ်ကြီးနဲ့ တိုးရင် စီးလာတဲ့ စက်ဘီး၊ ဆိုင်ကယ် အသာတကြည် ရပ်ပေးလိုက်တာနဲ့ ပျော်ရွှင်စွာ ငြာသံပေး မမီမကမ်း လောင်းချပေးတဲ့ ရေပူပူတွေကလည်း ရင်ကို အေးစေတာပါပဲလေ။ ခွက်တောင် မနိုင်ပေမဲ့ သူတို့ထက် အကြီး ၆ နှစ်၊ ၈ နှစ်၊ ၁၀ နှစ် အစ်ကို အစ်မတွေ ရေပြေးလောင်းတာကြည့်ရင်း လက်ခုပ်တီး ရယ်မောလိုက်။ ရေပုံးထဲက ရေကို ဖလားခွက် မနိုင့်တနိုင်လေး ခပ်လိုက် ကိုယ့်ဘာသာကိုယ် လောင်းချလိုက်နဲ့ တခစ်ခစ် ရယ်မောနေတဲ့ သုံးနှစ်နီးပါး ကလေးလေးတွေ။ ဆယ်နှစ် ကလေးကြီးက ဦးဆောင်ပြီး ရေပက်ခံထွက်ရင် အရမ်းပျော်စရာကောင်းတာဆိုတဲ့ သင်္ကြန်မိန့်ခွန်းကို ပုံဖော်ရင်း ရေပက်သူ မရှိသေးတဲ့ ယောင်ချာချာ ရေပက်ခံ ကလေးအုပ်စုတွေကို မြင်မိရင် ပြုံးမိသွားမှာ။ တကယ့်ကို ချစ်စနိုးနဲ့ ပြုံးမိသွားမှာပါ။ ရေပက်ခံလိုက်ရတဲ့ ရုပ်ကြီးတွေက ဝင့်ဝင့်ကြွားကြွားနဲ့ ကလေးတသိုက်ဆိုရင် မြင်ရရုံနဲ့ ကြည်နူးစရာ။ အဲဒီ ဆယ်နှစ်ပတ်ချာကလေး ဆရာကြီးလုပ် ခေါ်လာတဲ့ အုပ်စုကို ပြုံးစိစိနဲ့ ကြည့်နေတဲ့ ဆယ့်လေးငါးနှစ်အရွယ် ကလေးတွေနဲ့ လိုက်လိုက်ဖက်ဖက်ပဲ။ အဲဒီမြင်ကွင်းကိုက ကရုဏာသက်စရာ။ ငလျင်ကြောင့် စစ်ဘေးကြောင့် သူတို့အရွယ်ကလေးတွေမှာ ပျော်ခွင့်မရှိ ပျော်ခွင့်မရတော့တာတွေကို သူတို့ ဘယ်နားလည်ဦးမလဲလေ။ သင်္ကြန်ဆိုတာ ယူနက်စကိုဝင်ခြင်း၊ မဝင်ခြင်းတို့ ကမ္ဘာပေါ်က တကယ် ကြီးကျယ်ခမ်းနားတဲ့ ပွဲတော် ဆိုတာတို့ကို သူတို့ကလေးတွေ မသိနိုင်သေးဘူး မဟုတ်လား။ ဘာပဲဖြစ်ဖြစ် မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော် ပုံရိပ်သေးသေးလေးဖြစ်ဖြစ် သူတို့ရင်ထဲ ကျန်နေစေမှာပါပဲ။ ဖြူစင်အပြစ်ကင်းလွန်းတဲ့ မျက်နှာမွဲကလေးတွေရဲ့ သင်္ကြန်ရှာပုံတော်ကလည်း ချစ်သနားစရာ။ မြို့ပတ်ပြီး ကားတွေ ဆိုင်ကယ်တွေနဲ့ ခေါ်လည် ခေါ်ပြမယ့် လူကြီးသူမတွေ မရှိရှာကြသူတွေပေါ့။ လိုက်ပြတော့လည်း ဘာရှိမှာလဲ။ မရှိသော်ငြား သင်္ကြန်လည်ဖူးတယ် ဆိုတဲ့ memory လေးတွေကို ထည့်ပေးချင်ကြတဲ့ မိဘတွေ သင်္ကြန်ကို ကိုယ်တိုင် ရှာပုံတော်ဖွင့်ရတဲ့ ကလေးတွေအတွက် လှပတဲ့ သင်္ကြန်ရက်တွေ အနာဂတ်မှာ ရောက်လာတော့မှာပါ။ အမြန်ဆုံး ရောက်လာပါစေလို့လည်း ဆုတောင်းမိတယ်။ သင်္ကြန်ရှာပုံတော်ဖွင့်ရတဲ့ ကလေးတွေ ခရစ္စမတ်ပြီးချင်တဲ့ ကလေးတွေ ဆန္ဒအမြန်ပြည့်ဝကြစေဖို့ အားတင်းကြမယ်။ ကျော်ဖြတ်ကြမယ်။ လူလုပ်ဘေးတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ညီညွတ်စည်းလုံးမှုတွေနဲ့ ကြံ့ကြံ့ခံ ကျော်ဖြတ်ကြမယ်။ ငါတို့ရင်သွေးလေးတွေရဲ့ တိုက်ပွဲခေါ်သံ စစ်အောင်ညာသံတွေနဲ့ ငါတို့ ရိုးရာပွဲတော် ရာသီပွဲတော် ဘာသာရေးပွဲတော် ပုံရိပ်စစ်တွေကို ကလေးတွေ ရှာပုံတော်ဖွင့်နေဖို့ မလိုတဲ့ထိ အတိုးနဲ့ ပျော်ရွှင်စေကြမယ်။
ပုံရိပ်စစ်တွေအတွက် ငါတို့နိုင်ကို နိုင်ရမယ်။
Di Seng