
ငါးရာ့ငါးဆယ်ဇာတ်တော်လာ ဒုကနိပါတ်၊ ရုဟကဝဂ်ရှိ စူဠပဒုမ ဇာတ်တော်ထဲမှာပါတဲ့ သူခိုးဟာ မင်းပြစ်သင့်တဲ့အခါ လက်၊ ခြေ၊ နား၊ နှာခေါင်းတို့ကို ဖြတ်ခံရပြီး လှေငယ်ပေါ်တင်လို့ မြစ်တွင်း မျှောခံခဲ့ရပါတယ်။ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်မှာတော့ တိုင်းပြည်ဘဏ္ဍာ၊ ဘုရင့်ဘဏ္ဍာကို ခိုးယူတဲ့ ခိုးသားဓားပြတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက် အပြစ်ပေးလေ့ရှိကြပါတယ်။
ဒီနေ့ခေတ် မြန်မာနိုင်ငံမှာ တိုင်းပြည်ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာနဲ့ နိုင်ငံတော်အာဏာကို ခိုးဆိုးလုယက်ထားကြတဲ့ စစ်အခွင့်ထူးခံ မကောင်းဆိုးဝါးတသိုက်နဲ့ သာပေါင်းညာစား စစ်ကပ်ပါး ခရိုနီတွေကိုတော့ ဘယ်လိုမျိုးအပြစ်ဒဏ် ပေးကြမယ် ဆိုတာကိုတော့ တိုင်းပြည်သူအများစုရဲ့ ဆန္ဒနဲ့ နိုင်ငံရေးအသိရေချိန်က အဆုံးအဖြတ်ပြုသွားမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ အဓိကရေးပြချင်တာက ခိုးသားဓားပြ စစ်သတ္တဝါဆိုးတွေနေတဲ့ ကျပ်ပြေးနေပြည်တော်ကို ပစ်မှတ်ထားပြီး ၂၁ ရာစု မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေက တက်ညီလက်ညီနဲ့ အရပ်ရှစ်မျက်နှာကနေ ဦးတည်ဝိုင်းပတ် ချီတက်တိုက်ခိုက်လာကြတာဟာ အခုဆို မြန်မာနိုင်ငံ ဦးခေါင်းပိုင်း၊ ဘယ်ဘက်ခြမ်း၊ ညာဘက်ခြမ်း လက်တံ ခြေတံတွေ ဖြတ်တောက်လာနေသလို နိုင်ငံအောက်ပိုင်းကိုပါ ဖြတ်တောက်သိမ်းယူတော့မှာမို့ ခန္ဓာကိုယ် အလယ်ပိုင်း အသားတုံးကြီးသာ ကျန်ရစ်တဲ့ စူဠပဒုမဇာတ်ထဲက ပေါင်တိုလို တုံးတိကြီးသာ ကျန်မယ့်အကြောင်း ရေးပြချင်တာပါ။
တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ဦးတည်ရာဟာ လမ်းများအားလုံး နေပြည်တော်သို့ ဆိုသလို ဖြည်းဖြည်းနဲ့ စက်ဝိုင်းကို ကျဉ်းသထက် ကျဉ်းလာနေပါပြီ။ ရခိုင်ပြည်နယ်က မြို့နယ်အားလုံး နီးပါးကို သိမ်းပိုက်ထားနိုင်တဲ့ အာရက္ခတပ်တော် (AA) ဟာ နပခ စစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်ပြီးတဲ့နောက် ရခိုင်ပြည်တောင်ဘက် အစွန်းဆုံးမြို့ ဂွမြို့ကိုပါ ဆက်တိုက်သိမ်းယူနိုင်ခဲ့တာမို့ ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ရခိုင်ရိုးမပေါ်ကနေ ဆင်းလာပြီး ဧရာဝတီမြစ်အနောက်ခြမ်းက မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ၃ တိုင်းဘက်ရှိရာ မြေပြန့်ဘက်ကို မဟာမိတ်အင်အားစုတွေနဲ့အတူ ထိုးစစ်လမ်းကြောင်း ၃ ကြောင်းနဲ့ ဆင်းလာခဲ့ကြပါတယ်။
ပထမထိုးစစ်လမ်းကြောင်းကတော့ ဂွ-ငါးသိုင်းချောင်း လမ်းပေါ်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ အဖွဲ့စုံ စစ်ဆေးရေးဂိတ်ရှိတဲ့ ဗေဒါစခန်းကို ဇန်ဝါရီလ ၇ ရက်နေ့မှာ AA က သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းအထိ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေးဂိတ်စခန်းတွေအပြင် ပုသိမ်မြို့နယ်က မကျီးဇင်ရွာ ရဲကင်းစခန်းနဲ့ စစ်ကောင်စီတပ် ကင်းစခန်းတွေကို အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းအင်အားစုတွေ သိမ်းယူခဲ့ကြပါတယ်။ အခုဆို ဖေဖော်ဝါရီလဆန်းမှ စတင်လို့ AA ဟာ မကျီးဇင်-သာပေါင်း လမ်းအတိုင်း ထိုးစစ်ဆင်လာပြီး ငါးသိုင်းချောင်းမြို့နယ်နဲ့ သာပေါင်းမြို့နယ်ကြား ရောက်ရှိနေပါပြီ။
ရခိုင်ရိုးမကနေ ဧရာဝတီတိုင်းဆီကို အဓိကဝင်ပေါက်ဖြစ်တဲ့ မဟာဗျူဟာကျတဲ့ ဂွ-ငါးသိုင်းချောင်းလမ်းကို ထိန်းချုပ်နိုင်ဖို့ သာပေါင်းမြို့နယ်အခြေစိုက် ခမရ ၃၀၈ နဲ့ ကျုံပျော်ခရိုင်၊ ရေကြည်မြို့အနီးရှိတဲ့ အမှတ် (၃၄၄) အမြောက်တပ်ရင်းကိုလည်း အာရက္ခတပ်မတော် (AA) က ထိုးစစ်ဆင်နေရာမှာ ကာကင်းစခန်းတွေကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
ဒုတိယထိုးစစ်လမ်းကြောင်းကတော့ နောက်ထပ် မဟာဗျူဟာကျတဲ့ လမ်းကြောင်းဖြစ်တဲ့ အမ်းတောင်ကြားလမ်းက ဖြတ်ပြီး မြန်မာပြည်မကြီးဘက်ကို အမ်း-ပဒါန်းလမ်းကနေ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်လာခဲ့ပြန်တာမို့ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ မကွေးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ စစ်စခန်းတွေကို ဇန်နဝါရီ ၂၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။
တကယ်တော့ အမ်း-ပဒါန်းလမ်းဟာ ရခိုင်ပြည်နယ် အမ်းမြို့မှာတည်ရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ စစ်ဓားပြတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေဆီ ရောက်ရှိရာ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ထဲက ပဒါန်းတို့ကို ရခိုင်ရိုးမကို ဖြတ်သန်းဖောက်လုပ် ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။
အခု မတ်လ ဒုတိယပတ်ထဲမှာ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ဗျူဟာစခန်းအတွက် အဓိကကျ အရေးပါတဲ့ အနီးအနားက တောင်ကုန်းတွေနဲ့ နတ်ရေကန် ဗျူဟာစခန်း အောက်ဘက်က လင်းတဲကျေးရွာ တောင်ကုန်းတချို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
ပဒါန်းကျပြီဆိုတာနဲ့ ရွာအနီး ရခိုင်ရိုးမတောင်ခြေမှာရှိနေတဲ့ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အမှတ် (၉၀၅) အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ အမြောက်တပ်ရင်းတွေကိုပါ စစ်ရေးအရ ခြိမ်းခြောက်နိုင်ရုံသာမက မင်းဘူးမြို့ရှိတဲ့ ဧရာဝတီမြစ် အနောက်ခြမ်း တခြမ်းလုံးက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အချိတ်အဆက်မိသွားမှာ ဖြစ်ပါတယ်။
တတိယ ထိုးစစ်လမ်းကြောင်းကတော့ ရခိုင်ပြည်နယ် တောင်ကုတ်ကနေ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၉ နဲ့ သံရည်ကျိုစက်ရုံ ကပစ ၆ တို့ရှိရာ ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ တောင်ကုတ်-ပန်းတောင်းလမ်းကြောင်း ဖြစ်ပါတယ်။
မတ်လ ၁၃ ရက်နေ့ သတင်းတွေအရ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း နယ်ခြားဂိတ်ဖြစ်တဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ထဲက စစ်ရှုံးဓားပြတပ်စွဲပြီး အခိုင်အမာ ခံစစ်ပြင်ထားတဲ့ ညောင်ကျိုးစခန်းကို ကျော်လာပြီး ညောင်ကျိုးနဲ့ ညောင်ခြေထောက်အကြားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
အဲဒီလို ရခိုင်ရိုးမ (အနောက်ရိုးမ) ပေါ်ကနေ အာရက္ခတပ်မတော်က ထိုးစစ် ၃ ကြောင်းနဲ့ ကျပ်ပြေးနေပြည်တော်ကို ဦးတည် စစ်ချီလာသလို အလယ်ရိုး (ပဲခူးရိုးမ) ပေါ် တချိန်တည်းမှာပဲ ဧရာဝတီမြစ် အရှေ့ခြမ်းတလျှောက် အညာသားတွေနဲ့ မြေလတ်သားတွေရဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကလည်း တစတစ အားကောင်းလာပြီး စစ်ဓားပြတပ်ကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ဒုက္ခပေးရင်း အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းပြီး ကျပ်ပြေးနေပြည်တော်ကို စစ်ဦးလှည့်ထားပြီး ဖြစ်ပါတယ်။
စစ်ဓားပြသားရဲတွင်း ကျပ်ပြေးနေပြည်တော်ဆီ ဦးတည်နေကြတဲ့ နောက်ထပ် ထိုးစစ်လမ်းကြောင်းတွေကတော့ အရှေ့ရိုးမနဲ့ စစ်တောင်းမြစ် အရှေ့ခြမ်းတလျှောက်က Kayan National Army (KNA) ကယန်းတပ်မတော်၊ Karenni Nationalities Defense Force (KNDF)၊ ရွာငံ၊ အင်းလေး စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့ကလည်း ကျပ်ပြေးနေပြည်တော်ဆီ ချီတက်သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်ထားကြပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းကတော့ အားလုံးသိကြတဲ့အတိုင်း တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်နယ် အပါအဝင် ဖားကန့်၊ မိုးကောင်း၊ မိုးညှင်း၊ ဝန်းသို၊ ဟူးကောင်းလွင်ပြင်၊ မြစ်ကြီးနား၊ ပူတာအို၊ ကန်ပိုက်တီး စတဲ့ ကချင်ပြည်နယ်ဒေသအများစုကို စိုးမိုးထားတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (Ta'ang National Liberation Army) နဲ့ မန္တလေး PDF တွေ၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်တွေ၊ မန္တလေးတိုင်းအတွင်းက မိုးကုတ်၊ သပိတ်ကျဉ်း၊ စဉ့်ကူး၊ ပုသိမ်ကြီး၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ နွားထိုးကြီး PDF တပ်ဖွဲ့တွေ၊ စစ်ကိုင်းတိုင်းအတွင်းက ယင်းမာပင်၊ မုံရွာ၊ ရွှေဘို၊ တန့်ဆည်၊ ရေဦး၊ ပင်လယ်ဘူး၊ ကန့်ဘလူ၊ ချောင်းဦး၊ ထီးချိုင့်၊ ကောလင်း၊ အင်းတော် စတဲ့ မြို့နယ်ပေါင်းစုံက PDF တွေနဲ့ ဒေသအလိုက် ပကဖအဖွဲ့တွေကလည်း ကျပ်ပြေးနေပြည်တော်ဆီ စစ်ချီရာမှာ ပါဝင်လာကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနောက်ပိုင်းမှာဆိုရင်လည်း ချင်းအမျိုးသားတပ်ဦး (CNA/CNF) နဲ့ ချင်းပြည်နယ်တောင်ပိုင်းကို သိမ်းပိုက်ခဲ့ကြတဲ့ ချင်းညီနောင် (CB) လက်အောက်ခံ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁) နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ဟာ မကွေးတိုင်းဘက်က မြေပြန့် တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက် ထိုးစစ်ဆင်လာဖို့ ပြင်ဆင်နေကြပါတယ်။
မကွေးတိုင်းအတွင်း ဂန့်ဂေါ၊ ဆော၊ ထီးလင်းမြို့နယ်တွေမှာ ဂန့်ဂေါခရိုင်တပ်ရင်းတွေ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ဆိပ်ဖြူ၊ ပေါက်မြို့နယ်မှာ ပခုက္ကူခရိုင်တပ်ရင်းတွေ၊ ရေနံချောင်းနဲ့ ဆက်စပ်ဒေသမှာ မကွေးခရိုင်တပ်ရင်းတွေ၊ မင်းဘူး၊ စကု၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်မှာ မင်းဘူးခရိုင်တပ်ရင်းတွေ၊ အောင်လံ၊ နတ်မောက်၊ မင်းတုန်းမြို့နယ်မှာ သရက်ခရိုင် တပ်ရင်းတွေ စတဲ့ PDF တပ်ရင်း ၅၂ ခု ဖွဲ့စည်းထားခဲ့ကြပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တပ်ဖွဲ့တွေကလည်း စစ်အာဏာရှင်တပ်ကို ချေမှုန်းဖို့ ဆန္ဒပြင်းပြစွာ အချိန်ကိုက် စောင့်ဆိုင်းနေကြပါတယ်။
ယောတပ်တော်၊ ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစု (PRA) မကွေး၊ ချင်းဒေသကာကွယ်ရေး တပ်မတော် (CDF) အရှို၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့ ရှမ်းမြောက်မှာ လှုပ်ရှားခဲ့ကြပြီး ယောနယ်ထဲကို ရွှေ့လာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တပ်ဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တွေလည်း အဆင်သင့် ရှိကြပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်းမှာဆိုရင် တနင်္သာရီတိုင်းအတွင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီတိုင်း စစ်ဒေသ တနင်္သာရီ ဗျူဟာ (၃၅)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)၊ ရေးဘီလူးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ ရေဖြူ(ပကဖ) နဲ့ သာဂရစစ်ကြောင်း၊ KNU တပ်မဟာ ၄ လက်အောက်ခံတပ်ရင်းများ၊ KNDO နဲ့ ကော်သူးလေတပ် (KTLA) လက်အောက်ခံ တပ်တွေကလည်း စုပေါင်း ထိုးစစ်ဆင်နေကြပါတယ်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာဆို KNU ကရင်အမျိုးသားအစည်းအရုံးရဲ့တပ် KNLA/PDF ပူးပေါင်းတပ်တွေ၊ ဘားအံ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ သံတောင်၊ သထုံ၊ ဒူးပလာယာခရိုင်၊ ညောင်လေးပင်၊ တောင်ငူ၊ လှိုင်းဘွဲ့ ဒေသတွေမှာ အောက်ပါ ကရင်အမျိုးသားအစည်းအရုံး လက်အောက်တပ်တွေဟာ စစ်အာဏာရှင်တပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေကြပါတယ်။
(၁) တပ်မဟာ (၁) – သထုံခရိုင်။
(၂) တပ်မဟာ (၂) – တောင်ငူခရိုင်။
(၃) တပ်မဟာ (၃) – ညောင်လေးပင်ခရိုင်။
(၄) တပ်မဟာ (၄) – ထားဝယ်ခရိုင်။
(၅) တပ်မဟာ (၅) – မူတြော်(ဖာပွန်)ခရိုင်။
(၆) တပ်မဟာ (၆) – ဒူးပလာယာခရိုင်။
(၇) တပ်မဟာ (၇) – ဘားအံခရိုင်။
မြန်မာနိုင်ငံအရှေ့တောင်ပိုင်းထဲမှာပဲ မွန်တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် MNLA AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တွေကလည်း စစ်အာဏာရှင်စနစ် တိုက်ဖျက်နိုင်ဖို့ စစ်ရေးပူးပေါင်းဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။
ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပိဋကတ်တော်လာ ဒုကနိပါတ်၊ ရုဟကဝဂ်ရှိ စူဠပဒုမ ဇာတ်တော်ထဲမှာပါတဲ့ မင်းဒဏ်သင့်လို့ လက်ခြေတွေ အဖြတ်ခံရတဲ့ သူခိုး ပေါင်တို ငုံးတိကြီးလို နိုင်ငံတော်အာဏာ ၃ ရပ်ကို လုယက် ဓားပြတိုက်ခဲ့တဲ့ ပြည်သူ့ဒဏ်သင့် စစ်သူခိုးဓားပြတပ် ခိုအောင်းရာ ကျပ်ပြေးနေပြည်တော်ဟာ နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ အရပ်ရှစ်မျက်နှာက ဝိုင်းရံထိုးနှက်ခြင်း ခံရပြီး နိုင်ငံရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အပိုင်းပိုင်းဖြတ်တောက်ခြင်းခံရမှာမို့ “ကျပ်ပြေးပေါင်တို နေပြည်တော်အစိုးရ” လို့ မကြာခင် အခေါ်ခံရမှာဖြစ်ပါတယ်။
ဒီအဆိုကို ပိုသေချာစေတဲ့ အကြောင်းကတော့ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ PDF တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့တွေ အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆင်နွှဲကြရလိမ့်မယ်လို့ ပြောကြားအသိပေးခဲ့ခြင်း ဖြစ်ပါတယ်။
ကဏ္ဍပေါင်းစုံမှာ အရေးနိမ့်လာတဲ့ မကောင်းဆိုးဝါး အခွင့်ထူးခံအုပ်စုရဲ့ စစ်သားရဲတွင်း နေပြည်တော်ဟာ ကျပ်ပြေးပေါင်တို ဖြစ်လာဖို့ အချိန်အနှေးအမြန်ကတော့ နွေဦးတော်လှန်ရေး မဟာမိတ်အဖွဲ့တွေရဲ့ ဗျူဟာမြောက် ညီညွတ်ပေါင်းစည်းမှုကို ဘယ်လောက်မြန်မြန် လက်တွဲတည်ဆောက်နိုင်မလဲ ဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ရှုစားကြရမှာဖြစ်ပါကြောင်း။