Home
နိုင်ငံတကာ
အမေရိကန် စီးပွားရေးအဖွဲ့ ၁၂ ဖွဲ့ကို တရုတ်က ပို့ကုန်ထိန်းချုပ်မှုစာရင်းထဲ ထည့်သွင်း
DVB
·
April 10, 2025
Photo : CCTV, CGTN

တရုတ်နိုင်ငံဟာ အမေရိကန်စီးပွားရေး အဖွဲ့အစည်း ၁၂ ခုကို ပို့ကုန်ထိန်းချုပ်မှုစာရင်းထဲမှာ ထည့်သွင်းထားပြီး အမေရိကန်ကုမ္ပဏီ ၆ ခုကိုလည်း ယုံကြည်စိတ်ချရမှု မရှိတဲ့ ကုမ္ပဏီစာရင်းထဲမှာ ထည့်သွင်းခဲ့ကြောင်း တရုတ် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MOC) က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီအစီအမံတွေဟာ ၂၀၂၅ ခုနှစ် ဧပြီ ၁၀ ရက် နေ့လယ် ၁၂ နာရီ ၁ မိနစ်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို နိုင်ငံခြားကုန်သွယ်မှုဥပဒေ၊ နိုင်ငံတော်လုံခြုံရေးဥပဒေနဲ့ နိုင်ငံခြား ပိတ်ဆို့အရေးယူမှု တိုက်ဖျက်ရေး ဥပဒေတို့ အပါအဝင် သက်ဆိုင်ရာ တရုတ်ဥပဒေတွေနဲ့အညီ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း တရုတ် စီးပွားကူးသန်းဝန်ကြီးဌာန (MOC) က ပြောပါတယ်။

ပို့ကုန်ထိန်းချုပ်မှုစာရင်းသွင်းခံရတဲ့ အမေရိကန်အဖွဲ့အစည်း ၁၂ ခုဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို အန္တရာယ်ဖြစ်စေမယ့် လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဘယ်တင်ပို့သူမှ ဖော်ပြပါ စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ခြင်းမပြုရကြောင်းလည်း အလေးပေး ဖော်ပြထားပါတယ်။

ဒါ့အပြင် အယုံအကြည်ကင်းမဲ့ ကုမ္ပဏီစာရင်းထဲမှာ ထည့်သွင်းကြေညာခံရတဲ့ ကုမ္ပဏီ ၆ ခုကို တရုတ်နိုင်ငံနဲ့ ဆက်စပ်တဲ့ သွင်းကုန် သို့မဟုတ် ပို့ကုန် လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခြင်း မပြုဖို့ တားမြစ်ထားပြီး တရုတ်နိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ လုပ်ခွင့်လည်း မရှိပါဘူး။

အဲဒီကုမ္ပဏီတွေဟာ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုကို လျစ်လျူရှုထားပြီး လတ်တလော နှစ်တွေအတွင်း ထိုင်ဝမ်ကို လက်နက်ရောင်းချမှု ဒါမှမဟုတ် ထိုင်ဝမ်နဲ့ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ တရုတ် စီးပွားကူးသန်းဝန်ကြီးဌာန (MOC) ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ယုံကြည်စိတ်ချလို့မရတဲ့ အဖွဲ့အစည်းစာရင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို အမြဲတမ်း သတိရှိရှိ ကိုင်တွယ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတဲ့ နိုင်ငံခြားအဖွဲ့အစည်း အနည်းငယ်ကိုသာ ပစ်မှတ်ထားခဲ့တာ ဖြစ်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ရိုးသားပြီး ဥပဒေလိုက်နာတဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေအတွက်တော့ စိုးရိမ်စရာမရှိဘူးလို့လည်း ပြောဆိုသွားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024