
မတ် ၂၈ ရက်မှာ စစ်ကိုင်းကိုဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးရဲ့နောက်မှာ ဧပြီ ၉ ရက် ညပိုင်းအထိ ပြင်းအား ရစ်ချ်တာစကေး ၄ ကနေ ၅ ဒသမ ၉ ရှိတဲ့ ငလျင်ပေါင်း အကြိမ် ၈၀ လောက်အပါအဝင် နောက်ဆက်တွဲငလျင်တွေအကြိမ် ၄၀၀ ကျော် လှုပ်ခဲ့တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်ထံကနေ သိရပါတယ်။
ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ပြီးတဲ့နောက် ရစ်ချ်တာစကေး ၇ ရှိတဲ့ ငလျင် ၁ ကြိမ်၊ ပြင်းအား ၅ ကနေ ၅ ဒသမ ၉ ရှိတဲ့ ငလျင် ၁၂ ကြိမ်၊ ပြင်းအား ၄ ကနေ ၄ ဒသမ ၉ ရှိတဲ့ ငလျင် ၆၇ ကြိမ်၊ ပြင်းအား ၃ ကနေ ၃ ဒသမ ၉ ရှိတဲ့ငလျင် ၁၈၂ ကြိမ်၊ ပြင်းအား ၁ ကနေ ၂ ဒသမ ၉ ရှိတဲ့ငလျင်ကတော့ ၁၆၁ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းငလျင်အပြီး သတင်း ၂ ပတ်လောက်အတွင်းမှာ နောက်ဆက်တွဲ ငလျင်အကြိမ်ရေ ၄၂၃ ကြိမ်ရှိပြီး ဒါတွေဟာ ထိုင်းမိုးလေဝသဌာန၊ ငလျင်ဌာနရဲ့အချက်အလက်တွေကိုရယူထားတာလို့ ဆိုပါတယ်။
စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကတော့ ငလျင်ကြီးလှုပ်ပြီး ၁၀ မိနစ်လောက်အကြာမှာ မိတ္ထီလာမြို့နားကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၅ ရှိတဲ့ ငလျင် ၁ ကြိမ်လှုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၉ ရက် ည ၉ နာရီ ၁၀ မိနစ်အထိ နောက်ဆက်တွဲငလျင်အကြိမ်ရေ ၁၁၁ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ဒီထဲမှာ ပြင်းအား ၄ ကနေ ၄ ဒသမ ၉ ရှိတာက ၁၉ ကြိမ်၊ ပြင်းအား ၅ ကနေ ၅ ဒသမ ၉ ရှိတာက ၅ ကြိမ် ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ငလျင်သတိပေး ဝက်ဘ်ဆိုက်တွေ၊ အက်ပလီကေးရှင်းတွေနဲ့ ဒေသခံတွေက လှုပ်တယ်လို့ ပြောဆိုကြတဲ့ ငလျင်အကြိမ်ရေ တော်တော်များများဟာ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါမလာဘဲ တရက်ကို ငလျင် ၆ ကြိမ်၊ ၇ ကြိမ်ဝန်းကျင်လောက်ကိုပဲ ထုတ်ပြန်တာတွေ့ရပါတယ်။
မန္တလေးဒေသခံတွေနဲ့ ငလျင်သတိပေး အက်ပလီကေးရှင်းတွေအရတော့ ဧပြီ ၉ ရက် ည ၉ နာရီ ၁၀ မိနစ်နဲ့ ၁၀ နာရီခွဲလောက်က မန္တလေးနားမှာ ပြင်းအား ၄ ရှိတဲ့ငလျင်လှုပ်သွားတယ်လို့ သိရပြီး လှုပ်ချိန်မကြာပေမဲ့ သိသာအားပြင်းတယ်လို့ ဆိုပါတယ်။
မန္တလေး ဒေသခံတယောက်က “လှုပ်တာက စိပ်လာတယ်။ အချိန်မကြာဘူး၊ ဒါပေမဲ့ ဒုန်းခနဲ ဆောင့်သွားတာ။ လူတွေလည်း လမ်းပေါ် ပြေးထွက်ကြရတာပေါ့။ အိပ်ရေးတွေလည်းပျက်၊ ငလျင်သံ မကြားချင်အောင် စိတ်တွေလည်း ညစ်နေပါပြီ” လို့ ပြောပါတယ်။
ငလျင်ရဲ့သဘောတရားအရ ငလျင်ကြီးနောက်မှာ ငလျင်ငယ်တွေ နောက်ဆက်တွဲ လာတတ်သလို ရှေ့ပြေးငလျင် အကြိမ်ရေအများကြီး လှုပ်ပြီးတဲ့နောက်မှာလည်း ပိုပြီးအင်အားပြင်းတဲ့ငလျင်ကြီး လှုပ်ခတ်တတ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
အခု မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ငလျင်ဟာ နောက်ထပ် ငလျင်ကြီးရဲ့ ရှေ့ပြေးငလျင်ဖြစ်နိုင်ခြေကတော့ အပုံ ၇၀၀ ပုံ ၁ ပုံပဲရှိလို့ ဖြစ်နိုင်ခြေအင်မတန်နည်းတယ်လို့ အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန (USGS) ရဲ့ခန့်မှန်းချက်ကို ကိုးကားပြီး NUG အစိုးရက ထုတ်ပြန်ထားပါတယ်။