DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းဒေသခံများ ငလျင်ဘေးနှင့် စစ်ဘေး တပြိုင်တည်းကြုံနေရ
DVB
·
April 8, 2025
စစ်ကိုင်းဒေသခံများ ငလျင်ဘေးနှင့် စစ်ဘေး တပြိုင်တည်းကြုံနေရ
Donate to DVB

အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် မြန်မာနိုင်ငံတဝန်းက ပြည်သူ ၉ သန်းကျော် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရပြီး စစ်ကိုင်းတိုင်းအတွင်းက ပြည်သူတွေဟာ ငလျင်ဘေးရော စစ်ဘေးပါ တပြိုင်တည်း ကြုံတွေ့ခံစားနေရပါတယ်။

စစ်ကောင်စီက အပစ်အခတ် ယာယီရပ်ကြောင်း ကြေညာထားပေမဲ့ စစ်ကိုင်းတိုင်းဒေသထဲက ငလျင်ဘေးသင့် ကျေးရွာနဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို လက်ရှိအချိန်ထိ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးတာကြောင့် စစ်ဘေးရှောင်နေရတဲ့ ဒေသခံ မိသားစုတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို ပုန်းရှောင် ထွက်ပြေးနေခဲ့ကြရပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းငလျင် လှုပ်ခတ်ချိန်မှာတော့ စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတခုက မိသားစုတစုဟာ ငလျင်လှုပ်တာကို လေကြောင်းတိုက်ခိုက်တယ်ထင်ပြီး ပုန်းခိုကျင်းထဲ ဝင်ရောက်ပုန်းခိုခဲ့ရာ မိသားစုဝင် ၆ ယောက် ပိတ်မိပြီး သေဆုံးသွားတယ်လို့ မိသားစုဝင် ဆုံးရှုံးခဲ့သူတယောက်က ပြောပါတယ်။

“အားလုံးပေါင်း ၆ ယောက်ပေါ့။ ကျနော့်ဇနီးရယ်၊ ကျနော့် ကလေး ၃ ယောက်ရယ်၊ ကျနော့် တူမနဲ့ အဖေရယ်ပေါ့။ ဘာကြောင့် စစ်ရှောင်ခဲ့ရလဲဆို‌တော့ ကျနော်တို့ရွာမှာ တိုက်ပွဲဖြစ်တာကိုး။ တိုက်ပွဲဖြစ်တော့ အဲ့ကတည်းကပဲ မဝင်ခဲ့ရတာ။ လောလောဆယ် ငလျင်ဒဏ်ကြောင့် ဖြစ်တာဆိုတော့ ခံစားရတာပေါ့။ စစ်ဘေးရှောင်တာတော့ အရာရာအားလုံးက ဒီတိုင်းပဲ ဖြစ်လာ‌တော့ ရိုးနေသလို ဖြစ်တာပေါ့။ ဒီမိသားစု ငလျင်ဘေးမှာ ပါသွားတာတော့ စိတ်ထိခိုက် ဒဏ်ရာရတာပေါ့။ ဘယ်လိုဖြေသိမ့်ရလဲဆိုတော့ ကျနော့်မှာ အမေရှိသေးတယ်လေ။ ဖြစ်ပြီးသွားတာတွေက ဖြစ်ပြီးသွားတာပဲ ဆိုတော့ ဘာမှ မတတ်နိုင်တော့ဘူး။ အဲ့တော့ အမေနဲ့ပဲ။ အမေ့ပြောလိုက် ကျနော့်ပြောလိုက်နဲ့ ဖြေသိမ့်ရတာပဲ။”

စစ်ကိုင်းငလျင် ဗဟိုချက်တည်ရာ ရေခါးအင်းဒေသမှာ မြေကြီးအက်ကွဲကြောင်းတွေ ဖြစ်ပေါ်ခဲ့ပြီး လူနေအိမ်တွေ ပြိုကျပျက်စီးတာတွေ၊ လူတွေ ထိခိုက်ဒဏ်ရာရရှိတာတွေ ကြုံခဲ့ရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေခါးအင်းရွာမှာဆိုရင်လည်း အသက် ၇၀ အရွယ် အဘွားတယောက် ငလျင်ကြောင့် ခြေထောက်နှစ်ဖက်လုံး အဆောက်အအုံပြိုကျ ပိမိပြီး ခြေထောက်ဖြတ်ခဲ့ရပါတယ်။

ရေခါးအင်းဒေသဟာ အရင်ကတည်းက ရေခါးထွက်တာကြောင့် ရေသန့်အခက်အခဲ ရှိနေပြီး အလှူရှင် အရောက်ပေါက်နည်းနေတယ်လို့ စစ်ကိုင်းတိုင်းကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သူက ပြောပါတယ်။

“ငလျင်ဘေးဖြစ်တဲ့အခါကျ ပိုဆိုးတာပေါ့။ သူတို့ဘက်က လမ်းကြောင်းတွေပိတ်တယ်။ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်တော့ သူတို့ဆီမှာက အဓိက လိုအပ်တာ ဆန်၊ ဆီ၊ ဆားပေါ့။ စစ်ဘေးရှောင်နေရတဲ့ အခါကျတော့ သူတို့အတွက် အိပ်ဖို့ တဲတွေ ဘာတွေ လိုအပ်တာပေါ့။ အခုလောလောဆယ် သူတို့နေရတာက ဘုန်းကြီးကျောင်းနဲ့ ကပ်နေရတဲ့အခါ သူတို့အတွက်က သူတို့ဘာသာ သူတို့ တောထဲက ခုတ်ထားတဲ့ သစ်လုံးနဲ့ တဲလေးတွေ ဆောက်ပြီးနေတာပေါ့။ အခုဆို ငလျင် ဆက်တိုက်လှုပ်တာတွေရှိတော့ အရင်ကဆို ဘုန်းကြီးကျောင်း နေကြတယ်၊ အိပ်ကြတယ်။ အခု ငလျင်ဖြစ်တော့ အဆောက်အအုံတွေ အက်ကွဲကြောင်းတွေဖြစ်တော့ ပြိုကျမှာစိုးတော့ လတ်တလောမှာ အပင်ကြီးအောက်မှာပဲ အခင်းတခုခင်းပြီး အိပ်တာမျိုး လုပ်ကြတယ်။ အများအားဖြင့် အဆောက်အအုံထဲမှာ မအိပ်ရဲကြတော့ဘူး။”

မြန်မာပြည်တွင်း အင်အားပြင်းငလျင်ဘေးသင့် ဒေသတွေမှာ လူပေါင်း ၁၇ ဒသမ ၂  သန်းကျော် နေထိုင်ကြပြီး နိုင်ငံတဝန်း ၅၈ မြို့နယ်ရှိ လူပေါင်း ၉ ဒသမ ၁ သန်းကျော်ဟာ ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ထိခိုက်ခံစားခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၄,၃၁၆ ယောက်၊ ဒဏ်ရာရသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက် ရှိပြီလို့ ဧပြီ ၆ ရက် ည ၈ နာရီအထိ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013