DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးသင့်ဒေသတွင် ကူးစက်ရောဂါဖြစ်ပွားမှုအန္တရာယ် မြင့်မားနေဟု WHO သတိပေး
DVB
·
April 7, 2025
ငလျင်ဘေးသင့်ဒေသတွင် ကူးစက်ရောဂါဖြစ်ပွားမှုအန္တရာယ် မြင့်မားနေဟု WHO သတိပေး
Donate to DVB

မန္တလေး၊ နေပြည်တော်နဲ့ စစ်ကိုင်းအပါအဝင် ငလျင်ဘေးသင့်ဒေသတွေမှာ လူတွေ အသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရသူတွေ များပြီး လျှပ်စစ်မီးပြတ်၊ ရေမလာ၊ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ အခြေအနေ ဆိုးနေသလိုကူးစက်ရောဂါတွေ ဖြစ်ဖို့ အန္တရာယ်မြင့်မားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သေဆုံးသူတွေရဲ့  ယိုယွင်းပျက်စီးနေပြီဖြစ်တဲ့ အလောင်းတွေကို  သေသေချာချာ စီမံဆောင်ရွက်ထားနိုင်ခြင်းမရှိလို့ ကူးစက်ရောဂါတွေ ပျံ့နှံ့ဖို့ အန္တရာယ်ရှိနေသလို သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘေးကင်းပြီး ဂုဏ်သိက္ခာရှိရှိ စီမံထားရှိနိုင်မယ့် သတင်းအချက်အလက်နဲ့ ကိရိယာပစ္စည်းတွေရရှိဖို့ အရေးကြီးတယ်လို့လည်း WHO က တိုက်တွန်းပါတယ်။

စစ်ကိုင်းက ငလျင်ဘေးဒုက္ခသည်စခန်းတချို့မှာ အပျော့စားနဲ့ အလယ်အလတ်စား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး သန့်ရှင်းတဲ့  ရေ၊ မိလ္လာနဲ့ ရောဂါပြန့်ပွားမှုမဖြစ်အောင် တားဆီးဖို့ ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်နေတယ်လို့ မြန်မာ မြေငလျင်ဘေးသင့်ဒေသတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး WHO က အသိပေးထုတ်ပြန်ထားပါတယ်။

အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေထဲမှာ ငလျင်ကြောင့် အိုးအိမ်ပျက်စီးပြီး ရွှေ့ပြောင်းနေထိုင်ရသူတွေအတွက် အရေးပေါ် ခိုလှုံဖို့နေရာတွေနဲ့ ယာယီတဲတွေ၊ ရွှေ့ပြောင်းလို့ရတဲ့ အိမ်သာတွေ၊ ရေသန့်နဲ့ တကိုယ်ရေသန့်ရှင်းကျန်းမာရေးဆိုင်ရာ အသုံးအဆောင်နဲ့ အဆောက်အအုံတွေ ပါဝင်ပါတယ်။

ဒါ့အပြင် သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိဖို့  ရေသန့်စက်တွေ၊ ရေသန့်ဆေးပြားတွေ စတဲ့ ပစ္စည်းနဲ့ ရေသန့်စင်တဲ့  နည်းလမ်းတွေ၊ ထိခိုက်ဒဏ်ရာကုသတာနဲ့ အခြေခံကျန်းမာရေးဝန်ဆောင်တွေ ဆက်လက်ရရှိစေဖို့  စတာတွေ ဖြစ်ပါတယ်။

လူ့အသက်တွေဆုံးရှုံးခဲ့ရတာနဲ့  နောက်ဆက်တွဲငလျင်တွေကြောင့်လည်း ငလျင်ဘေးသင့် ပြည်သူတွေကြားမှာ စိတ်ဒဏ်ရာရနေကြသလို စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်သောကရောက်နေကြရတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့  အရေးပေါ်အထောက်အကူပစ္စည်းတွေ၊ လိုအပ်တဲ့ ဆေးဝါးတွေ၊ သွေးအိတ်တွေနဲ့ အလောင်းထည့်တဲ့အိတ်တွေ အပါအဝင် ကူညီကယ်ဆယ်ရေး ပစ္စည်းတန်ချိန် ၃၄ တန်ခွဲလောက်ကို ဒူဘိုင်းကနေ  မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် WHO အနေနဲ့ မြန်မာနိုင်ငံမှာ ဆေးဝါးတွေ၊ ဆေးပစ္စည်းတွေနဲ့ ယာယီတဲတွေ စုစုပေါင်း တန်ချိန် ၁၀၀ နီးပါးကို မြန်မာနိုင်ငံအတွက် ထောက်ပံ့ပေးခဲ့တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့  ထုတ်ပြန်ချက်အရ သိရတယ်။ 

မတ် ၂၈ ရက် နေ့လယ် ၁ နာရီလေက်က မန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ ငလျင်လှုပ်ခတ်ပြီး ၁၀ ရက်အကြာ ဧပြီ ၇ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီအထိ စုစုပေါင်း သေဆုံးသူ ၄,၃၂၅ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိကြောင်း DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာ DVB က လက်လှမ်းမီသလောက် ကောက်ယူရရှိထားတဲ့ ကိန်းဂဏန်းတွေသာ ဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ အခြေအနေ ဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဧပြီ ၆ ရက်အထိ သေဆုံးသူ ၃,၅၁၄ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၄,၈၀၉ ယောက်နဲ့ ပျောက်ဆုံး ၂၁၀ ယောက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013