DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ ဦး ဒဏ်ရာရ၊ နေအိမ် အဆောက်အအုံများ ပျက်စီး
DVB
·
April 4, 2025
ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ ဦး ဒဏ်ရာရ၊ နေအိမ် အဆောက်အအုံများ ပျက်စီး
1 / 5
Donate to DVB

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီတပ်က မတ် ၁ ရက်က စပြီး လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့သလို ဌာနဆိုင်ရာရုံးတွေနဲ့ လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ်၊ လူသားစာနာဘေးစီမံဌာနက ဧပြီ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကန်ပက်လက်မြို့နယ်၊ လူသားစာနာဘေးစီမံဌာနရဲ့ တာဝန်ခံက “စစ်တပ်ဘက်က ဂျက်ဖိုက်တာသုံးပြီး ကန်ပက်လက်မြို့ပေါ်နဲ့ မြို့နယ်ထဲကို ၂ ရက်ဆက်တိုက် ဗုံးတွေအများကြီး ကြဲချ တိုက်ခိုက်ခဲ့တာပါ။ ၁၀ လုံးထက်တော့ မနည်းပါဘူး။ မြို့ပေါ်က လူနေအိမ်တွေနဲ့ ဌာနဆိုင်ရာရုံးတွေ အများကြီး ထိခိုက်ပျက်စီးသွားပါတယ်။ ပြည်သူ ၂ ဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၁ ရက် မနက် ၁၀ နာရီကျော်မှာ ကန်ပက်လက်မြို့နယ်ထဲက လွန်ဒုံးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဧပြီ ၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း ကန်ပက်လက်မြို့ကို ၂ ကြိမ်တိုင်တိုင် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

CDF ကန်ပက်လက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stephen Shing Thang က “ကျနော်တို့ဟာ ကန်ပက်လက်မြို့ကို ထိန်းချုပ်ထားနိုင်ပေမဲ့ အခုလို တိုက်ခိုက်လာမယ့် သူတို့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို စိုးရိမ်ကြလို့ ပြည်သူအများစုကတော့ ပြန်မလာကြသေးဘူး။ SAC ဘက်က ထိုးစစ်တွေ ပြန်လာလိမ့်မယ်လို့ ယူဆရတယ်။ လွတ်မြောက်ပြီးသားနယ်မြေ ပြန်ဆုံးရှုံးရင် ပြည်သူတွေ ၃၊ ၄ ဆ နစ်နာကြမယ်။ ပြည်သူပိုင်အဆောက်အအုံတွေ ပိုပြီးပျက်စီးမယ်။ အဲဒါကြောင့်မို့ သူတို့ဘက်က ကြီးမားတဲ့ထိုးစစ် ပြန်ဆင်မလာခင် တပ်တည်ဆောက်မှုကို အရင်ကထက်ပိုပြီး စနစ်ကျဖို့လိုတယ်။ ဘယ်လောက်ကြီးမားတဲ့ ထိုးစစ်ကြီးဖြစ်ဖြစ် လွတ်မြောက်ပြီးသားနယ်မြေတွေ ထိန်းသိမ်းကာကွယ်နိုင်ဖို့ လိုအပ်တဲ့ တပ်တည်ဆောက်မှုနဲ့ မဟာမိတ်ဆက်ဆံရေးကို ပိုမိုမြှင့်တင်ကြဖို့ တိုက်တွန်းလိုပါတယ်” လို့ကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကန်ပက်လက်မြို့က ထွေ/အုပ်ရုံး အဆောက်အအုံ ၈ လုံး အပါအဝင် ခေါ်နူးစုမ်ရိပ်သာတလုံး၊ ကျေးလက်ဦးစီးမှူးရုံး ၂ လုံး၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး တလုံး၊ မြို့နယ် စစစ ရုံး တလုံး၊ မြို့နယ်စီမံကိန်းရုံး ၂ လုံးနဲ့ လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့တာကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံ ၂၀ ကျော် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ကန်ပက်လက်မြို့ပေါ်နဲ့ မြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက်​ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို အထူးသတိထားဖို့ လိုတယ်လို့လည်း ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၈ ရက်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ငလျင်ဘေးသင့်တဲ့ ဒေသတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက်က စတင်ပြီး ၂ ပတ်ကြာ ရပ်နားထားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက မတ် ၃၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဘက်ကလည်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ တနိုင်ငံလုံးက ပြည်သူလူထုတွေကို စာနာထောက်ထား နားလည်ပြီး ကူညီကယ်ဆယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်စေဖို့နဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် သတ်မှတ်ထားတယ်လို့ စစ်ကောင်စီတပ်ဘက်ကလည်း ထုတ်ပြန်ကြေညာထားပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီလို အပစ်အခတ်ရပ်စဲ​တယ်လို့ ကြေညာထားခဲ့ပေမဲ့လည်း ဧပြီ ၂ ရက်နဲ့ ၃ ရက်နေ့မှာ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ စစ်ကိုင်းတိုင်းအတွင်းက ဟုမ္မလင်းမြို့နယ်နဲ့ ကနီမြို့ထဲက ကျေးရွာတွေကို ဂျက်ဖိုက်တာအပြင် စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့အတွက် စစ်ကောင်စီတပ်ရဲ့ ကြေညာချက်ဟာ လီဆယ်လှည့်ဖြားမှုသာ ဖြစ်တယ်လို့ NUG က ဧပြီ ၃ ရက်မှာ ထုတ်ပြန်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013