
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ဖက်တွေအပေါ် အပြန်အလှန် အခွန်စည်းကြပ်မှုအသစ်တွေ ဧပြီ ၂ ရက်မှာ ချမှတ်ခဲ့ပါတယ်။
ဆယ်စုနှစ်များစွာကြာအောင် စည်းမျဥ်းအခြေခံ ကုန်သွယ်မှုကို ကျော်လွန်ပြီး အခွန်စည်းကြပ်တာဟာ ကုန်ကျစရိတ် တိုးမြင့်လာမှုကို ခြိမ်းခြောက်ခဲ့ပြီး ဘက်ပေါင်းစုံကနေ လက်တုံ့ပြန်လာနိုင်တယ်လို့ အကဲခတ်တွေနဲ့ မီဒီယာတွေက သုံးသပ်နေပါတယ်။
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်က မဲဆန္ဒရှင်တွေက ထရမ့်ပ်ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ရောထွေးနေတဲ့ ခံစားချက်တွေကို မျှဝေခဲ့ကြပါတယ်။
ကိုယ်ပိုင်လုပ်ငန်းရှင် ရီပတ်ဘလစ်ကန် ပါတီဝင် အသက် ၂၃ နှစ်အရွယ် ဂျာဒါ ဒိုင်စာဝါဟီလာက “အဲဒါကို ကျနော် အရမ်း အကောင်းမြင်ပါတယ်။ အခွန်စည်းကြပ်မှု ပိုကောင်းလာတဲ့အထိ အချိန်ယူရဦးမယ်လို့ ကျနော် ထင်ပါတယ်” လို့ ပြောပါတယ်။
အသက် ၆၁ နှစ်အရွယ် ဘီလ်ကတော့ အခွန်ကောက်ခံမှုဟာ အမေရိကန်က မဟာမိတ်တွေကို ပစ်မှတ်ထားတဲ့ နောက်ကြောင်းပြန် အကွက်ရွှေ့မှုလို့ ပြောပါတယ်။
“ဒါက ဆိုးရွားလွန်းတယ်၊ သူတို့ကိုပယ်ဖျက်ပြီး တခြားကမ္ဘာနဲ့ ကျနော်တို့ ကောင်းကောင်းအလုပ်လုပ်ပြီး ခေါင်းဆောင်မှုကို ခွန်အားနဲ့သာမကဘဲ သိက္ခာရှိရှိနဲ့ပါ ပြသချင်တယ်။ ဒါကို ကျနော်တို့ ဆုံးရှုံးနေတယ်” လို့ ဘီလ်က ပြောပါတယ်။
ထရမ့်ပ်က အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်ပစ္စည်းအများစုအပေါ် အနိမ့်ဆုံး အကောက်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံဖို့ ပွဲထုတ်ကြေညာခဲ့ပြီး နိုင်ငံ ဒါဇင်များစွာဆီက ကုန်စည်တွေအပေါ် အခွန်ပိုကောက်ခိုင်းခဲ့တာပါ။
တရုတ်ကနေ တင်သွင်းလာတဲ့ ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၃၄ ရာခိုင်နှုန်း ကောက်မှာဖြစ်ပြီး အရင်က ကောက်ခံတဲ့ စည်းကြပ်ခွန် ၂၀ ရာခိုင်နှုန်းနဲ့ ပေါင်းရင် စုစုပေါင်း စည်းကြပ်မှုအသစ်ဟာ ၅၄ ရာခိုင်နှုန်းအထိ တိုးလာမှာ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ အပါအဝင် ရင်းနှီးတဲ့ အမေရိကန် မဟာမိတ်တွေလည်း မလွတ်ပါဘူး။ ဥရောပသမဂ္ဂက အကောက်ခွန် ၂၀ ရာခိုင်နှုန်း၊ ဂျပန်က ၂၄ ရာခိုင်နှုန်း ချမှတ်ခံရတာပါ။
အခြေခံနှုန်းထားတွေဟာ ဧပြီ ၅ ရက်မှာ အသက်ဝင်မှာဖြစ်ပြီး ဧပြီ ၉ ရက်နေ့မှာတော့ ပိုမိုမြင့်မားတဲ့ အပြန်အလှန်နှုန်းထားတွေ သက်ရောက်မှာ ဖြစ်ပါတယ်။
အကောက်ခွန်တွေက ကမ္ဘာ့စီးပွားရေး၊ ငွေကြေးဖောင်းပွမှုနဲ့ ကော်ပိုရိတ်ဝင်ငွေတွေကို ဘယ်လို အကျိုးသက်ရောက်နိုင်လဲ ဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက ခန့်မှန်းထားပါတယ်။
ကြေညာချက်အပြီးမှာ အမေရိကန် စတော့ရှယ်ယာတွေရဲ့ အနာဂတ်က သိသိသာသာ ကျဆင်းခဲ့ပါတယ်။
ဖေဖော်ဝါရီ လလယ်ကတည်းက စပြီး အမေရိကန် စတော့ရှယ်ယာတွေ တန်ဖိုး ဒေါ်လာ ၅ ထရီလီယံနီးပါးအထိ ဖျက်သိမ်းခဲ့ပါတယ်။
Source : Reuters