
မတ်လ ၂၈ ရက်မှာ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီးတခုဟာ မြန်မာနိုင်ငံ၊ မန္တလေးမြို့နဲ့ ၁၆ ကီလိုမီတာအကွာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တာကြောင့် မြန်မာနိုင်ငံ တနံတလျားမှာသာမက ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံ ဒေသအချို့မှာပါ သက်ရောက်သွားခဲ့ပါတယ်။ အဆိုးဆုံးကြုံခဲ့ရတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ အဆောက်အအုံတွေ ပြိုလဲ၊ တံတားတွေ ပြိုကျခဲ့ပါတယ်။ မတ် ၂၉ ရက်အထိ သိရသမျှ လူထောင်ချီ သေဆုံး ဒဏ်ရာရခဲ့ပါတယ်။
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာလည်း အဆောက်အအုံ ပြိုကျမှုနဲ့အတူ သေဆုံးမှုတွေ ရှိခဲ့ပါတယ်၊ ဒီငလျင်ရဲ့ နောက်ကွယ်က သိပ္ပံသဘောတရားက ဘာလဲ၊ မြန်မာနိုင်ငံဟာ ဘာကြောင့် ထိခိုက်လွယ်ရသလဲ၊ ဒီအဖြစ်ဆိုးကနေ ဘာတွေ သင်ခန်းစာယူနိုင်မလဲဆိုတာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
အပိုင်း (၁)၊ ဘာဖြစ်ခဲ့သလဲ
မတ် ၂၈ ရက်၊ သောကြာနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀၊ ထိုင်းစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ မှာ မန္တလေးမြို့အနီး မြေပြင်ဟာ စတင်လှုပ်ခတ်လာပါတယ်။ ငလျင်ဟာ အနက် ၁၀ ကီလိုမီတာပဲရှိပြီး သိသိသာသာတိမ်တဲ့ ငလျင်ဖြစ်ကာ အင်အား ၇ ဒသမ ၇ ရှိတယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးဌာနက တွက်ချက်ပါတယ်။
ငလျင်ဒဏ်ကို မြန်မာနိုင်ငံဒေသအနှံ့ ခံစားခဲ့ရပြီး မန္တလေးမြို့က အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပါတယ်။ သမိုင်းဝင် စေတီပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဗလီတွေ၊ ရုံးအဆောက်အအုံတွေ၊ ပြိုကျ ပျက်စီးခဲ့ပါတယ်။ ဗဟိုချက်နားနီးတဲ့ စစ်ကိုင်းက ကျေးရွာတချို့မှာ ရွာလုံးကျွတ် ပြိုကျပျက်စီးခဲ့ပါတယ်။ သမိုင်းဝင် စစ်ကိုင်းတံတားဟောင်း (အင်းဝတံတား) ပြိုကျသွားခဲ့ပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။
ကီလိုမီတာ ရာချီဝေးတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ ငလျင်က သက်ရောက်ခဲ့ပြီး အထပ်မြင့် အဆောက်အအုံတွေ လှုပ်ယမ်းခဲ့ပါတယ်။ ဆောက်လုပ်ဆဲ ၃၃ ထပ် အဆောက်အအုံ ပြိုကျခဲ့တဲ့ အတွက် ဆောက်လုပ်ရေးလုပ်သားတွေ သေဆုံး၊ ပိတ်မိခဲ့ပါတယ်။
ငလျင်လှုပ်ခတ်မှုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေအထိ ခံစားခဲ့ရပြီး ဒါဟာ ငလျင်လှိုင်းတွေ ဘယ်လောက်အထိ ဝေးဝေးရောက်သလဲဆိုတာ ဖော်ပြနေပါတယ်။
အပိုင်း (၂) - ငလျင်တွေ ဘယ်လိုဖြစ်သလဲ
ကမ္ဘာ့အပြင်ခွံဟာ Tectonic plates လို့ခေါ်တဲ့ ကျောက်ထုလွှာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီကျောက်ထုလွှာကြီးတွေဟာ Mantle လို့ခေါ်တဲ့ ကမ္ဘာ့ကြားလွှာ အပေါ်မှာ အမြဲမပြတ် ရွေ့လျားနေကြပါတယ်။ မြန်မာနိုင်ငံကတော့ အိန္ဒိယကျောက်ထုလွှာနဲ့ ယူရေးရှား ကျောက်ထုလွှာကြားမှာ တည်ရှိပါတယ်။
ဒီကျောက်လွှာကြီးတွေဟာ အချင်းချင်း တွန်း၊ ဆွဲ၊ ပွတ်တိုက်ကြပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတာ နဲ့အမျှ ဒီကျောက်လွှာကြီးတွေရဲ့ အစွန်းတွေမှာ အင်မတန်ကြီးမားတဲ့ တင်းအား ( Enormous tension) ကို ဖြစ်စေပါတယ်။ ကျောက်လွှာချပ်တွေကို နေသားတကျဖြစ်စေတဲ့ ပွတ်တိုက်မှုထက် တင်းအားက ပိုများလာတဲ့ စွမ်းအင်ကို ပြင်းထန်တဲ့ တုံ့ကနဲ လှုပ်ရှားမှုတခုမှာ စွမ်းအင်ကို ထုတ်လွှတ်လိုက်ပါတယ်။ အဲဒါကို ငလျင်အနေနဲ့ ခံစားရတာဖြစ်ပါတယ်။
အခုဖြစ်တဲ့ ငလျင်ကတော့ တိုက်-လျှောငလျင် (Strike-slip earthquake) လို့ သုံးသပ်ကြပါတယ်။ ကျောက်လွှာချပ်တွေဟာ အပေါ်အောက် တခုအပေါ်တခု ထပ်မသွားဘဲနဲ့ ဘေးတိုက် ရေပြင်ညီပဲ လျှောထွက်သွားတာမျိုးကို ဆိုလိုပါတယ်။ ဒီလို လွတ်ထွက်သွားတဲ့အခါ ကမ္ဘာ့မျက်နှာပြင်လွှာမှာ ကီလိုမီတာ ဒါဇင်ချီရှည်လျားတဲ့ အက်ကွဲမှု Rupture ဖြစ်စေပြီးတော့ ငလျင်လှိုင်းတွေကို ထုတ်လွှတ်ပေးပါတယ်။
ဒီနေရာမှာ ငလျင်ကို တိုင်းတာရာမှာ အရင်က ရစ်ချ်တာစကေးဆိုတာ သုံးကြပေမဲ့ အခုအခါမှာတော့ စွမ်းအင်ထုတ်လွှတ်မှုကို တိုင်းတာတဲ့ Moment Magnitude Scale နဲ့ ဖော်ပြပါတယ်။ ဒီစကေးဟာ Logarithmic scale တခုဖြစ်ပြီးတော့ ဂဏန်းတလုံးကြီးတိုင်းမှာ အကြမ်းဖျင်းအားဖြင့် စွမ်းအင်ဟာ ၃၂ ဆ ပိုများလာပါတယ်။ ဆိုလိုတာက အင်အား ၇ ဒသမ ၇ ရှိတဲ့ ငလျင်တစ်ခုဟာ အင်အား ၅ ဒသမ ၅ ရှိတဲ့ ငလျင်ထက် အင်အား အဆ ၁၀၀၀ ကျော် ပိုအားကောင်းပါတယ်။
အက်ကွဲမှု Rupture ဟာ မြေပေါ်နဲ့ အရမ်းနီးတာကြောင့် လှုပ်ရမ်းမှုဟာ ပိုပြီးတော့ ပြင်းထန်ပါတယ်။ ငလျင်လှိုင်းတွေဟာ အရပ်မျက်နှာအစုံ ဖျာထွက်သွားပြီးတဲ့နောက် ဗဟိုချက်နဲ့ ဟိုးအဝေးကြီးအထိ သက်ရောက်ဧရိယာပိုကျယ်ပြန့်သွားပါတယ်။
အပိုင်း (၃) - စစ်ကိုင်းပြတ်ရွေ့ - မြန်မာ့ ဘူမိ ချိန်ကိုက်ဗုံး
ဒီငလျင်ဟာအရှေ့တောင်အာရှမှာ အလှုပ်ရှားဆုံးနဲ့ အန္တရာယ်အကြီးဆုံး ပြတ်ရွေ့ကြောတခုဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့တလျှောက်မှာ မြစ်ဖျားခံပါတယ်။ စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာနိုင်ငံကို အလယ်တည့်တည့်လောက်ကနေ အပေါ်အောက် ခြမ်းထားသလို ဖြစ်နေတဲ့ ကီလိမီတာ ၁၂၀၀ ရှိတဲ့ တိုက်-လျှော (Strike-slip) ပြတ်ရွေ့ ဖြစ်ပါတယ်။ အနောက်ဘက်က အိန္ဒိယကျောက်ထုလွှာနဲ့ အရှေ့ဘက်ဆွ န်းဒါး(ဆွန်ဒါ) ကျောက်ထုလွှာကို ခြားထားတာဖြစ်ပါတယ်။
ဒီပြတ်ရွေ့ဟာ လူဦးရေထူထပ်တဲ့ မြို့ကြီးတွေဖြစ်တဲ့ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့ အောက်က ဒါမှမဟုတ် အနီးကနေ တိုက်ရိုက်ဖြတ်သွားပါတယ်။ ဒီလို မြို့ပြဧရိယာတွေနဲ့ နီးကပ်တာကြောင့် အက်ကွဲမှုဖြစ်တဲ့အခါမှာ အန္တရာယ်ပိုကြီးတာဖြစ်ပါတယ်။
ဒီပြတ်ရွေ့ဟာ တနှစ်ကို ၁၈ ကနေ ၂၀ မီလီမီတာ လောက်ပဲ ဖြည်းဖြည်းနဲ့ မှန်မှန်ရွေ့နေပါတယ်။ ဆယ်စုနှစ်တွေ အများကြီးကြာတဲ့အခါကြတော့ တင်းအား ပိုများလာပြီးတော့ အကြီးစားငလျင်ကြီးတွေ ဖြစ်လာတာပါ။
သမိုင်းတလျှောက် စစ်ကိုင်းပြတ်ရွေ့ကြောမှာဖြစ်ခဲ့တဲ့ ငလျင်ကြီးတွေကို ပြန်ကြည့်မယ်ဆိုရင် အခုလို တွေ့ရပါတယ်။
● ၁၈၃၉ ခုနှစ်မှာ အင်အား ၈ ရှိတဲ့ ငလျင်ကြီးကြောင့် အဝ လို့လည်းခေါ်တဲ့ အင်းဝမြို့ကြီး ပျက်စီးသွားခဲ့ပါတယ်။
● ၁၉၃၀ မှာတော့ အင်အား ၇ ဒသမ ၃ ရှိတဲ့ ငလျင်ကြီးကြောင့် ပဲခူးမှာ လူရာချီသေဆုံးစေခဲ့တယ်။
●၁၉၄၆ မှာတော့ မန္တလေးမြို့မြောက်ဘက်မှာ အင်အားပြင်းငလျင်ကြီး ၂ ခုလှုပ်ခတ်ခဲ့ပါတယ်။
●၂၀၁၂ မှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အား ၆ ဒသမ ၈ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး လူဒါဇင်ချီသေဆုံးခဲ့ပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ နေရာအများအပြားမှာ နောက်ထပ် အကြီးစားအက်ကွဲမှုကြီး ထပ်ဖြစ်ဖို့ အချိန်လွန်နေခဲ့တာကြာပြီလို့ ပညာရှင်တွေက အရင်ကတည်းက သတိပေးထားကြတာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယားက ဆန်အန်ဒရီယာစ် ပြတ်ရွေ့လိုပဲ စစ်ကိုင်းပြတ်ရွေ့ဟာ အားကောင်းပြီး၊ တိမ်တဲ့ ငလျင်ကြီးတွေ လှုပ်ခတ်နိုင်စွမ်းရှိပါတယ်။ ပြတ်ရွေ့ဟာ တဖြောင့်တည်း၊ တဆက်တည်းဖြစ်နေတဲ့အတွက် အရှည်ကြီး အက်ကွဲနိုင်သလို အဖျက်စွမ်းအားလည်း ပိုကြီးစေပါတယ်။
အပိုင်း ၄၊ မြန်မာမှာ ဘာကြောင့် ငလျင်ဒဏ် အကြီးအကျယ်ခံရသလဲ
အင်အား ၇ ဒသမ ၇ ရှိတဲ့ ငလျင်ဆိုတာ ဘယ်နေရာမှာမဆို အပျက်စီးကြီးမားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာကတော့ အဓိကကျတဲ့ ပြဿနာတွေကြောင့် ထိခိုက်ဆုံးရှုံးမှုက အရမ်းကြီးမားသွားတာ ဖြစ်ပါတယ်။
၁။ အနက်တိမ်မှု - ၁၀ ကီလိုမီတာပဲရှိတဲ့အတွက် ငလျင်ရဲ့ စွမ်းအင်ဟာ မြေပေါ်ကို အားအပြည့်နဲ့ ရောက်ပါတယ်။
၂။ အခြေခံအဆောက်အအုံ အားနည်းမှု - အဆောက်အအုံအများစုဟာ သံမကူတဲ့ အင်္ဂတေ၊ ကျိုးပျက်လွယ်တဲ့ ကွန်ကရစ်နဲ့ပဲ ဆောက်ခံတာဖြစ်ပြီးတော့ ငလျင်ဘေးကင်းရေးကို အာရုံစိုက်ခဲ့မှုက မရှိသလောက်နည်းပါတယ်။ မန္တလေးလို မြို့ပြဖြစ်ထွန်းမှု မြန်တဲ့ မြို့ကြီးတွေမှာ နောင်အသစ်ဆောက်တဲ့ အဆောက်အအုံတွေတောင် သင့်လျော်တဲ့ ကြီးကြပ်မှုမျိုးမရှိဘူးလို့ သုံးသပ်ထားပါတယ်။
၃။ မြို့ပြ သိပ်သည်းမှု - ငလျင်ဟာ လူ ဦးရေ ၁ ဒသမ ၅ သန်းလောက် နေတဲ့ မန္တလေးမြို့ကြီး အနီးမှာ ဗဟိုပြုတာဖြစ်တဲ့အတွက် လူနေထူထပ်တဲ့ ရပ်ကွက်တွေဟာ ထိခိုက်မှုပိုများခဲ့ပါတယ်။
၄။ မြေသား အခြေအနေ - မန္တလေးမြို့ရဲ့ နေရာအများစုဟာ နုန်းမြေဆန်တဲ့ မြေသား (Alluvial soil) ပေါ်မှာ တည်ရှိတာဖြစ်တဲ့အတွက် တုန်ခါမှုကို ချဲ့ပေးသလို ဖြစ်ခဲ့ပါတယ်။ တချို့ဧရိယာတွေမှာ မြေသား အရည်ပျော်ခြင်း (Liquefaction) ဖြစ်စဉ်ကြောင့် မြေသားဟာ ရွေ့ပြီးကြေမွသွားတာ မျိုးလည်းရှိပါတယ်။
၅။ အရေးပေါ်တုံ့ပြန်နိုင်စွမ်း- စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အစိုးရဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ လည်ပတ်နိုင်စွမ်းဟာ တော်တော်နိမ့်ကျနေပါတယ်။ အရေးပေါ်ပြင်ဆင်မှုကလည်း အင်မတန်နည်းပြီးတော့ ကယ်ဆယ်ရေးမှာလည်း ထောက်ပံ့ပို့ဆောင်ရေး စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။
၆။ပညာပေးအစီအစဉ် နည်းပါးမှု - ငလျင်ဖြစ်လာရင် ဘယ်လို လုပ်မယ်ဆိုတာ အစမ်းလေ့ကျင့်တာ၊ ပညာပေးတာတွေ အင်မတန်ရှားပါတယ်။ ငလျင်လှုပ်တဲ့အချိန်မှာ ဘယ်လိုအကာအကွယ်ယူရမယ်၊ ဒီလိုအခြေအနေတွေဟာ သဘာဝဘေးအန္တရာယ်တခုကို နိုင်ငံလုံးဆိုင်ရာ ဘေးဆိုးကြီး ဖြစ်စေခဲ့တာဖြစ်ပါတယ်။
အပိုင်း (၅) ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ချက်
မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးနဲ့ ကမ္ဘာတဝန်းက အလားတူ အင်အားပြင်း ငလျင်ကြီးတွေ ယှဉ်ကြည့်ရင် အင်အားပြင်းတိုင်း ထိခိုက်မှု ပြင်းတယ်ဆိုတာ မဟုတ်ဘူးဆိုတာ ထင်ရှားလာမှာဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ထုံးလုပ်နည်းတွေနဲ့ ငလျင်အတွက် ပြင်ဆင်မှုကသာ အဓိက ကျပါတယ်။
ဂျပန်နိုင်ငံဟာ တင်းကျပ်တဲ့ ဆောက်လုပ်ရေးစည်းမျဉ်းတွေ၊ တည်ဆောက်ရေးစနစ်တွေနဲ့ သဘာဝဘေး ပြင်ဆင်မှုအလေ့အထကြောင့် အသက်ပေါင်းများစွာချမ်းသာရာရခဲ့ပါတယ်။ ၂၀၁၁ တုန်းက အင်အား ၉ ရှိတဲ့ ငလျင်ကြီးကြောင့် ဆူနီမီလှိုင်းကြီးတွေပါ ပေါ်ပေါက်ခဲ့ပေမဲ့ ခေတ်သစ် အဆောက်အအုံအနည်းငယ်သာ ပြိုကျခဲ့ပါတယ်။
ကာလီဖိုးနီးယားမှာဆိုရင်လည်း ဥပဒေတွေ ပြင်ဆင်ပြီး ကနဦးသတိပေးစနစ်တွေ တပ်ဆင်ခဲ့နိုင်တာကြောင့် ထိခိုက်မှုကို လျှော့ချနိုင်ခဲ့ပါတယ်။ ၁၉၉၄ နော့ဒ်ရစ်ဂျ် ငလျင်ကြောင့် သေဆုံးသူ ၁၀၀ အောက်ပဲရှိခဲ့ပါတယ်။
ဒါပေမဲ့ ၂၀၂၃ တုန်းက အင်အား ၇ ဒသမ ၈ ရှိတဲ့ တူရကီငလျင်ကြီးကြောင့် လူ ၅၀,၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။ ငလျင်နဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေရှိ့ပေမဲ့ အဆောက်အအုံ အများအပြားဟာ စနစ်တကျမတည်ဆောက်ထားသလို စည်းမျဉ်းတွေနဲ့ မညီတာကြောင့် အဲဒီလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။
တူရကီငလျင်မှာ မြန်မာနဲ့ ယှဉ်ပြစရာအချက်တွေအများကြီးရှိပြီးတော့ ဆောက်လုပ်ရေးနယ်ပယ်မှာ တာဝန်ယူမှု တာဝန်ခံမှုကင်းတဲ့ အလေ့အထ၊ "ဆောက်လုပ်ရေးဖြတ်လမ်းနည်း"တွေ သုံးတဲ့ ကိစ္စကိုလေ့လာသူတွေက ထောက်ပြကြပါတယ်။ နောက်ထပ် နှိုင်းယဉ်စရာကတော့ ၂၀၁၅ နီပေါငလျင်ဖြစ်ပြီး အင်အား ၇ ဒသမ ၈ ရှိပါတယ်။ အလားတူပဲ စည်းမျဉ်းစည်းကမ်းလျော့ရဲတာ၊ အဆင်ပြေသလို ဆောက်လုပ်တာကြောင့် အပျက်အစီး အထိအခိုက်များပြီးလူ ၉၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။
ကြိုတင်ပြင်ဆင်မှုနဲ့ ဥပဒေစိုးမိုးမှုက အသက်ပေါင်းများစွာကို ကာကွယ်နိုင်ပါတယ်။ ပိုခိုင်ခံ့တဲ့ အဆောက်အအုံတွေ၊ အသိပညာပေးရေးအစီအစဉ်တွေနဲ့ အရေးပေါ် အစီအစဉ်တွေ ရှိတာ၊ မရှိတာဟာ လုံးဝကို ကွဲပြားခြားနားသွားစေမှာဖြစ်ပါတယ်။
အပိုင်း ( ၆ ) - နောက်ဆက်တွဲ ငလျင်များ
ပင်မငလျင်ကြီးလှုပ်ပြီးနောက်ပိုင်းမှာလည်း နောက်ဆက်တွဲ ငလျင်တွေ ဆက်လုပ်နေပြီး အင်အား ၆ ဒသမ ၄ လောက်ရှိတဲ့ ငလျင်တွေပါပါဝင်ပါတယ်။ ဒီနောက်ဆက်တွဲ ငလျင်တွေဟာ ခိုင်ခံ့မှု အားနည်းသွားပြီဖြစ်တဲ့ အဆောက်အအုံတွေအပေါ်မှာ အန္တရာယ် သက်ရောက်မှုကြီးမားပါတယ်။ နောက်ဆက်တွဲ ငလျင်တွေဟာ ရက်သတ္တပတ်နဲ့ချီ လနဲ့ချီပြီးတော့ ဆက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထိခိုက်သွားပြီဖြစ်တဲ့ အဆောက်အအုံတွေမှာ လူတွေ ဆက်လက်မနေထိုင်ဖို့ လိုအပ်ပါတယ်။
ငလျင်ပညာရှင်တွေဟာ အက်ကွဲဇုန်တွေကို ဂြိုဟ်တုပုံရိပ်ဖမ်းစနစ်တွေ၊ မြေပြင်တိုင်းတာရေးအာရုံခံစနစ်တွေ၊ ပြတ်ရွေ့ကြောပုံထုတ်စနစ်တွေနဲ့ ဆန်းစစ်ပြီးတော့ ဖိအားက ဘယ်လို ရွေ့သွားသလဲဆိုတာ နားလည်နိုင်ပါတယ်။ ဒီလို ပညာရပ်ဆိုင်ရာလေ့လာမှုတွေ လုပ်နိုင်ရင်တော့ ပြတ်ရွေ့ကြောရဲ့ဘယ်နေရာက လက်ရှိမှာ ပိုဖိအားများနေသလဲဆိုတာ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။
ဒီလို ဖိအားလွှဲပြောင်းမှု Stress transfer ကြောင့် အခုအခါမှာ စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ ထိစပ်အပိုင်းတွေ တစ်လျှောက် တချို့ ဒေသတွေမှာ အန္တရာယ်ပိုတိုးလာနိုင်ပါတယ်။
အပိုင်း ၇ - ပြင်ဆင်မှုနှင့် အနာဂတ်
ဒီအဖြစ်ဆိုးဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ ရေရှည်ကိုမျှော်မှန်းတဲ့ ငလျင်ပြင်ဆင်မှု လုပ်ဖို့ အရေးပေါ် လိုအပ်နေပြီဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
ပညာရှင်တွေကတော့
● ငလျင်ဘေးကင်းဖို့အတွက် ဆောက်လုပ်ရေး စည်းမျဉ်းတွေ ပြင်ဆင်မွမ်းမံဖို့
●ငလျင်လှုပ်ရင် ဘာလုပ်ရမလဲဆိုတဲ့ အများပြည်သူ ပညာပေးအစီအစဉ်တွေ လုပ်ဖို့ ထောက်ပြပါတယ်
● ငလျင်စောင့်ကြည့်တဲ့ ကနဦးသတိပေးစနစ်တွေ တပ်ဆင်နိုင်ရေး ရင်းနှီးမြှုပ်နှံဖို့လိုသလို
● ထိခိုက်လွယ်တဲ့ အဆောက်အအုံတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ပြန်လည်မွမ်းမံဖို့လည်းလိုအပ်တယ်လို့ ထောက်ပြပါတယ်။
● ဒါ့အပြင် ဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် အာဆီယံနိုင်ငံတွေကြားမှာ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ လိုတယ်လို့လည်း ထောက်ပြကြပါတယ်။
ဒါတွေအပြင် မြို့ပြတည်ဆောက်ရမှာ ဘေးအန္တရာယ်ရှိဇုန် Hazard zones တွေကို ထည့်စဉ်းစားရမယ်လို့ ထောက်ပြကြပါတယ်။ ပြတ်ရွေ့ကြော လှုပ်ရှားမှုရှိတဲ့ ဧရိယာတွေကို မြေပုံထုတ်ပြီးသင့်လျော်သလို ဇုန်ခွဲ သင့်တယ်လို့ ဆိုပါတယ်။ ပြင်ဆင်တည်ဆောက်ရေးမှာတော့ ဆေးရုံတွေနဲ့ ကျောင်းတွေကို ဦးစားပေးရမှာဖြစ်ပါတယ်။
နိဂုံး
မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့ပြီး အိမ်နီးချင်းထိုင်းမှာပါ သက်ရောက်မှုကြီးခဲ့တဲ့ ဒီငလျင်ကြီးဟာ ကြေကွဲစရာ အဖြစ်ဆိုးတွေနဲ့ အပျက်အစီးတွေကို ဖန်တီးနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်ဆင်မှုတွေသာရှိခဲ့ရင်၊ သဘာဝရဲ့ဒေါသမာန် ဘယ်လောက်ကြီးကြီး အကောင်းဆုံး တုံ့ပြန်နိုင်မယ်ဆိုတာကို ဒီဖြစ်စဉ်ကြီးက သတိပေးနေပါတယ်။
ကျနော်တို့ နိုင်ငံရဲ့အလယ်ဗဟိုကနေ ဖြတ်သန်းသွားတဲ့ ပြတ်ရွေ့ကြောကြီးကနေ ကျနော်တို့နေထိုင်တဲ့ အဆောက်အအုံတွေအထိ၊ ကနဦးသတိပေးစနစ်တွေကနေ အများပြည်သူ အသိပညာပေး လှုပ်ရှားမှုတွေအထိ၊ ကျနာ်တို့ခေတ်ရဲ့ ရွေးချယ်မှုတွေဟာ အနာဂတ်မျိုးဆက်တွေကို ကာကွယ်ပေးနိုင်ဖို့ အဆုံးအဖြတ်ဖြစ်လာမှာဖြစ်ပါတယ်။
စိုင်းခေတ်နွေ