စစ်ခေါင်းဆောင်ကို အသိအမှတ်ပြုဖို့ ကြိုးစားနေတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမယ်လို့ အမေရိကန်ရောက်မြန်မာတွေက ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲမှာ ပြောလိုက်ပါတယ်။
ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် ၈၀ ပြည့်အထိမ်းအမှတ်ဆန္ဒထုတ်ဖော်ပွဲကို ဒေသစံတော်ချိန် မတ် ၂၇ ရက်က အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ တက်ကြွလှုပ်ရှားသူတွေက ပြုလုပ်ခဲ့တာပါ။
ထိုင်းနိုင်ငံမှာပြုလုပ်မယ့် ဘင်္ဂလားပင်လယ်အော်ဒေသတွင်းနိုင်ငံတွေရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ဘင်းမ်စတက်) အစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်ထားပြီး အိန္ဒိယနဲ့ တရုတ် အပါအဝင် အိမ်နီးချင်းနိုင်ငံတချို့က စစ်ကောင်စီကို အစိုးရတရပ်အဖြစ် အသိအမှတ်ပြုဆက်ဆံဖို့ ကြိုးစားနေတာကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
Save Myanmar-USA မှ ကိုရင်အေးက “အာဏာရှင်ကို ပြတ်ပြတ်သားသား အဆုံးသတ်တိုက်ရတော့မယ်။ D day ခေါ်ကိုခေါ်ပြီးတော့ အပြတ်တိုက်ရတော့မယ်။ အခုဆိုရင် အာရက္ခတပ်တော်က လုပ်နေတဲ့ကိစ္စတွေ အဲ့ဒါတွေမှာ ကျနော်တို့ PDF တွေက ဝိုင်းပူးပေါင်းတယ်ဆိုတော့ ကျနော်တို့အောင်ပွဲက ရောက်တော့မယ်။ ဒါကြောင့် ပြည်သူအပေါင်းကလည်း ရောက်တဲ့နေရာကနေ နည်းလမ်းပေါင်းစုံနဲ့ နီးရာရန်သူကို ရှာပြီး တိုက်ကြရတော့မယ့်အချိန်ပါ”လို့ ပြောပါတယ်။
ဝါရှင်တန်ဒီစီ မြန်မာသံရုံးမျက်နှာချင်းဆိုင်မှာရှိတဲ့ တရုတ်သံအမတ်နေအိမ်ရှေ့မှာလည်း တရုတ်အစိုးရက မြန်မာ့အရေးမှာဝင်ရောက်စွက်ဖက်နေတာ၊ စစ်ကောင်စီကို လက်နက်နဲ့ နည်းပညာအကူအညီ ပေးနေတာ၊ အတုအယောင် ရွေးကောက်ပွဲ အထမြောက် အောင်ကူညီနေတာတွေ ရပ်တန့်ဖို့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေက “ပြည်သူ့သံရုံးမဟုတ်ဘူး၊ ကျနော်တို့တချိန် တော်လှန်ရေးအောင်မြင်ရင် ပြည်သူ့သံရုံးဖြစ်မယ်။ ပြီးတော့ မျက်နှာချင်းဆိုင်က တရုတ်သံအမတ်အိမ်ကိုလည်းလာပြီးတော့ ကျနော်တို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်တယ်။ တရုတ်တွေ အခုမြန်မာပြည်မှာ မင်းအောင်လှိုင်အစိုးရကို ကူညီနေတဲ့ကိစ္စ၊ နည်းပညာရော စစ်သုံးပစ္စည်းတွေရော လက်နက်တွေ ကျည်ဆန်တွေအကုန်လုံးကို ကျနော်တို့ ကန့်ကွက်တောင်း ဆိုတယ်။ ကျနော်တို့လိုချင်တာ ဖက်ဒရယ်ဒီမိုကရေစီလွတ်လပ်ရေးပေါ့။ ဒါကြောင့် ကျနော်တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး တိုက်ယူနေတယ်။ ဒီနှစ်က အောင်ပွဲရမယ်လို့ ၁၀၀ ခိုင်နှုန်းယုံကြည်တယ်” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်က ဒီဇင်ဘာလမှာ ရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပေမဲ့ မြေပြင်စစ်ရေးအခြေအနေတွေအရ နိုင်ငံတဝန်း ၃၀ ရာခိုင်နှုန်းထက်မပိုတဲ့ ဒေသတွေမှာပဲ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကတော့ သူ့တို့အတွက် နိုင်ငံရေးထွက်ပေါက်ဖြစ်လာနိုင်တဲ့အတွက် ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပြီး တရားဝင်အစိုးရတရပ်အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
သုတချမ်းသာ